အစိုးရနှုတ်ဆိတ်နေတဲ့ မြစ်ဆုံစီမံကိန်း


2019.01.17
myitsone-622.jpg ကချင်ပြည်နယ်က မေခနဲ့ မလိခဆုံတဲ့ ဧရာဝတီမြစ်ဆုံကို တွေ့ရစဉ်
Photo: RFA

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ်ဘက်က ပြန်လည်ဖိအားပေးလာချိန်မှာ အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိဘဲ နှုတ်ဆိတ်နေတဲ့အပေါ် ဝေဖန်မှုတွေရှိနေပါတယ်။

အဲလိုဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီ၊ သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်သူနဲ့ ဒေသခံပြည်သူ တွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြစ်ဆုံကိစ္စ အစိုးရ နှုတ်ဆိတ်နေတဲ့အပေါ် ဝေဖန်မှုတွေရှိ
(သီရိမင်းဇင်)

■ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ကို သမ္မတ ဦးထင်ကျော် လက်ထက် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က ဖွဲ့စည်းပေးခဲ့ပါတယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာကို ၂၀၁၆ နိုဝင်ဘာ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး သမ္မတထံ ပြန်လည်တင်ပြရမှာ ဖြစ်ပါတယ်။

စီမံကိန်းကို ဆက်လုပ်သင့်/ မလုပ်သင့်ကို ကော်မရှင်က ကွင်းဆင်းစုံစမ်းမှုတွေပြုလုပ်ခဲ့ပေမဲ့ လက်ရှိအချိန် ၂၀၁၉ ခုနှစ်အထိ ကော်မရှင်ရဲ့ တိကျတဲ့အစီရင်ခံစာ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

အဲလိုဖြစ်တာ ဘာ့ကြောင့်လဲဆိုတာကို ပြည်သူတွေဘက်က စိတ်ဝင်တစားရှိနေကြသလို ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တရုတ်ဘက်က မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး လက်မလျှော့သေးဘူးဆိုတဲ့ အနေအထားမျိုး ပြန်လည်ထုတ်ပြန်လာ ခဲ့တာကြောင့် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

မြစ်ဆုံစီမံကိန်းစာချုပ်နဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့အပြင် ကော်မရှင်အဖွဲ့ဝင်တွေကိုတောင် စာချုပ်ကို စိတ်တိုင်းကျ ဖတ်ခွင့်မပေးဘူးလို့ အမည်မဖော်လိုတဲ့ ကော်မရှင်အဖွဲ့ဝင်တစ်ယောက်ကို ကိုးကားပြီး မြစ်ဆုံစီမံကိန်း ကန့်ကွက်သူတွေထဲမှာ ပါဝင်သူတစ်ယောက်ဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က RFA ကို အခုလိုပြောပါတယ်။

"အဲဒီမြစ်ဆုံနဲ့ ပတ်သက်လို့ ကော်မရှင်ဖွဲ့ထားတဲ့ထဲက ထွက်လာတဲ့စကားတွေက ဘာကြားရလဲဆို အဲစာချုပ်ကို ပြင်ပကို လုံးဝယူဆောင်ခွင့်မပြုဘူး၊ အဲဒီစားပွဲပေါ်မှာပဲဖတ်၊ အင်္ဂလိပ်လို ရေးထားတာတွေကလည်း အများကြီး ပဲဗျာ၊ ကော်ပီတောင် ယူမဖတ်ရဘူး၊ မိတ္တူဆွဲခွင့် လုံးဝခွင့်မပြုဘူး၊ အဲဒီမိတ္တူကိုပဲဖြစ်ဖြစ် အိမ်ကိုယူပြီးဖြစ်ဖြစ် အချိန်ယူပြီး ဖတ်ပါရစေဆိုတာလည်း ခွင့်မပြုဘူး၊ အဲတော့ ဘာအကြံပေးတာတွေ၊ ဘာတွေကိုမှလည်း ခုထိမလုပ်ရသေးဘူးတဲ့ ဘာလုပ်နေကြလဲဆိုရင် အထက်ကအမိန့်ကို အထက်ကဘာပြောမလဲ အဲအပေါ်မှာ မူတည်ပြီး သူတို့က ရေးပေးရမယ့်သဘောမျိုးဖြစ်နေတယ်၊ အဲလိုကြားရတယ်ပေါ့နော်၊ ဒါပွင့်လင်းမြင်သာမှု မရှိဘူး၊ ဒါမဖြစ်သင့်ဘူးပေါ့ဗျာ၊ ဒီမိုကရေစီခေတ်မှာ"

ဒါ့အပြင် ဥပဒေပညာရှင်တစ်ယောက်အနေနဲ့ ဦးကြီးမြင့်က အခုလို ဆက်ပြီး သုံးသပ်ပြပါတယ်။

" ဥပဒေပညာရှင်တစ်ယောက် အမြင်ပေါ့နော်၊ အဲစာချုပ်ချုပ်တဲ့သူတွေအပေါ်မှာ ဘာဖြစ်လို့ အဲတုန်းက စာချုပ်ချုပ်တာလဲ၊ ဘယ်လိုနဲ့ချုပ်ခဲ့တာလဲ၊ ဘာအကြောင်းတွေရှိလဲဆိုတာကို အဲကော်မရှင်က စာချုပ်ချုပ်ခဲ့တဲ့ လူတွေကို မေးရမယ်ဗျ၊ အဲတာတွေလုပ်တာလည်း မတွေ့ဘူးဗျာ၊ အဲအာဏာလည်း သူတို့ကို ပေးထားပုံမရဘူး၊ အဲတာလည်း မဟုတ်သေးဘူးပေါ့ဗျာ၊ အရင်ချုပ်ခဲ့တဲ့သူတွေက လွတ်နေတယ်ပေါ့ဗျာ၊ ပဋိညာဉ်တစ်ခုက ဘယ်အချိန်မှာ ပျက်သုဉ်းသလဲ၊ ဖျက်လို့ရသလဲဆိုတော့ ပြည်သူတွေအများစုက သဘောမတူဘူး၊ တိတ်တဆိတ် လျှို့ဝှက်ပြီး ချုပ်ထားတယ်၊ အဲဒီအစိုးရကလည်း ပြည်သူလူထုရွေးချယ်ပြီး တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ် မဟုတ်ဘူး၊ စစ်အာဏာသိမ်းထားတဲ့အစိုးရဖြစ်တယ်၊ နောက်ပြည်သူတင်မြှောက်ပြီး တက်လာတဲ့အစိုးရက ဒါတွေသဘောမတူဘူးဆိုရင် ဒီ ပဋိညာဉ် ကဖျက်သိမ်းခွင့်ရှိတာပဲ၊ ဘာမှလျော်ကြေးပေးနေစရာမလိုဘူး၊ အဲဒါကြောင့် လျော်ကြေးပေးရမှာကြောက်လို့ သဘောတူလိုက်ရပါတယ်ဆိုတာမျိုးတို့၊ လျော်ကြေးမပေးနိုင်လို့ သဘောတူတယ်ဆိုတာမျိုးကတော့ ကျနော်က လုံးဝလက်မခံဘူး"

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်ကာလဖြစ်တဲ့ ၂၀၁၅ အောက်တိုဘာလတုန်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သွားရောက်မဲဆွယ်ခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ အစိုးရဖြစ်ခဲ့ရင် ပထမဆုံးအနေနဲ့ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ ဘယ်လိုသဘောတူညီချက်တွေ ချုပ်ဆိုထားလဲဆိုတာ ပြည်သူတွေကိုချပြဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြည်သူတစ်ယောက်ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာရှိပါတယ်။

ဒါပေမဲ့ NLD ပါတီအစိုးရဖြစ်လာပြီးနောက် လက်ရှိအချိန်အထိ မဲဆွယ်စဉ်က ပြောကြားခဲ့မှုနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာထူးခြားတာမျိုး မရှိသေးတဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

အဲဒီအပေါ် မြစ်ဆုံဒေသခံတစ်ယောက်က အခုလို ပြောပါတယ်။

"မျှော်လင့်တာပေါ့လေ၊ ဘယ်အချိန်များ ဖြေရှင်းချက်ပြောလာမလဲပေါ့လေ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့သံလည်း ကြားတယ်၊ ဒါပေမဲ့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ဖြေရှင်းချက်တော့ မပေးဘူးပေါ့၊ အထူးသဖြင့် ကျနော် ကချင်ပြည်သူတစ်ယောက်အနေနဲ့လည်း သူတို့လူကြီးတွေက လုပ်ထားတဲ့ ကတိကဝတ်တွေကို သေချာထုတ်ဖော်ရှင်းလင်းခြင်းမပြုဘဲနဲ့တော့ လုပ်လို့တော့ ကျနော်တို့က ခွင့်မပြုနိုင်ဘူးပေါ့လေ၊ ပြည်သူကို ပွင့်ပွင့်လင်းလင်းချပြပြီးမှ လုပ်မယ်ဆိုတော့ တစ်မျိုးပေါ့လေ၊ ဒီပုံစံအတိုင်းသွားမယ်ဆိုရင်တော့ လုံးဝကန့်ကွက်တဲ့ ပြည်သူထဲမှာပါပါတယ်"

အစိုးရအနေနဲ့ သဘောတူညီချက်စာချုပ်ကို ချပြမယ်ဆိုတဲ့ကတိကို တည်ဖို့နဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ ထုတ်ပြန်ပေးဖို့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေတဲ့ ပညာရှင် ဒေါက်တာမြင့်ဇော် က အခုလို တောင်းဆိုလိုက်ပါတယ်။

"NLD အစိုးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် သဘောတူစာချုပ်ကို သူတို့ ချပြမယ်ဆိုပြီး ပြောထားတာ တွေရှိတယ်၊ အဲဒါကို ကျွန်တော်တို့ သိခွင့်မရသေးဘူး၊ နောက်စုံစမ်းရေးကော်မရှင် အစီရင်ခံစာကို ကျွန်တော်တို့ သိခွင့်မရသေးဘူးပေါ့လေ၊ သိရအောင် အစိုးရကနေ လုပ်ပေးဖို့တာဝန်ရှိတယ်၊ အဲတော့ အစိုးကို နံပါတ် ၁ အနေနဲ့ သတင်းအချက်အလက် ထုတ်ပြန်ပေးဖို့ တောင်းဆိုတယ်၊ နံပါတ် ၂ အနေနဲ့ကတော့ လက်ရှိရှိနေပြီးသား မလုပ်သင့်ဘူးဆိုတဲ့ သတင်းအချက်အလက်အပေါ်မှာ အစိုးရအနေနဲ့ အလေးအနက်အရေးတယူလုပ်ပြီးတော့ ဒါကို ဖျက်သိမ်းဖို့ လုပ်ကြမယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်ပေါ့ "

မြစ်ကြီးနားမှာ ရွေးကောက်ပွဲ မဲဆွယ်စဉ်က အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကတော့ အခုလို ပြောကြားပါတယ်။

"ကျွန်တော်တို့ နိုင်ငံနဲ့လူမျိုးအတွက် ခုချိန်မှာ ပွင့်ပွင့်လင်းလင်းချပြဖို့သင့်ပြီလား၊ ရှုပ်ထွေးမှုတွေ ဖြစ်လာမလား၊ ဒါကတော့ လက်ရှိတာဝန်ယူထားတဲ့သူက ဆုံးဖြတ်ရမှာပါ၊ ဒီမိုကရေစီအသားကျပြီးသားနိုင်ငံတွေမှာတောင် နိုင်ငံတကာ စာချုပ်တွေနဲ့ ပတ်သက်ရင် ကာလအကန့်အသတ်ထားပြီးတော့မှ ထုတ်ပြန်တဲ့အစဉ်အလာတွေ လည်း ရှိပါတယ်၊ ချင့်ချိန်ပြီးတော့မှ ကျွန်တော်တို့ ထုတ်ပြန်သင့်တဲ့အချိန်မှာ တတ်နိုင်သရွေ့ အပွင့်လင်း ဆုံးဖြစ်အောင် ကြိုးစားပြီး ထုတ်ပြန်ပေးပါလိမ့်မယ်"

မြစ်ဆုံစီမံကိန်းကို ကချင်ပြည်နယ် ဒေသခံတိုင်းရင်းသားတွေက ဆန့်ကျင်ကန့်ကွက်တာမရှိဘဲ ပြင်ပရောက်ရှိ နေသူတွေနဲ့ အဖွဲ့အစည်းတွေက ကန့်ကွက်ကြတာဖြစ်ကြောင်း ကချင်နိုင်ငံရေးပါတီတွေနဲ့ လူမှုရေး အဖွဲ့အစည်း ခေါင်းဆောင်တွေက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကို ပြောကြားလိုက်တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးဖေ့စ်ဘွတ်ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

အဲလိုထုတ်ပြန်တာနဲ့ပတ်သက်ပြီး ကချင်နိုင်ငံရေးပါတီတွေ၊ ဒေသခံတိုင်းရင်းသားတွေ၊ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတွေအပြင် တစ်နိုင်ငံလုံးက ပြည်သူတွေက ကန့်ကွက်နေကြပါတယ်။

စစ်အာဏာရှင်လက်ထက်က ချုပ်ဆိုခဲ့တဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ စက်တင်ဘာ ၃၀ ရက်နေ့မှာ ၅ နှစ် ရပ်ဆိုင်းထားမှာ ဖြစ်ကြောင်းထုတ်ပြန်ခဲ့ပြီး လက်ရှိပြည်သူတွေ တင်မြှောက်ထားတဲ့ အစိုးရလက်ထက်မှာ စီမံကိန်းကိုအပြီးတိုင် ရပ်ဆိုင်းတဲ့အနေအထားရောက်အောင် အစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ မျှော်လင့်နေကြပါတယ်ရှင်။
ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကူညီကြဖို့ IIMM တိုက်တွန်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။