နယ်စပ်က စစ်ဘေးဒုက္ခသည်တွေကို အကူအညီတွေပေးဖို့ APHR တိုက်တွန်း

2023.11.17
နယ်စပ်က စစ်ဘေးဒုက္ခသည်တွေကို အကူအညီတွေပေးဖို့ APHR တိုက်တွန်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ သောင်ရင်းမြစ်ကိုဖြတ်ကျော်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးဒုက္ခသည်များကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။
Reuters

မြန်မာစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံ နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့တဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေရဲ့ လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့ အခြေအနေတွေကို အရှေ့တောင်အာရှလွှတ်တော်အမတ်များအဖွဲ့ (APHR) က ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များအသင်းခန်းမမှာ နိုဝင်ဘာ ၁၇ ရက်က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံက လွှတ်တော်အမတ်တွေပါဝင်တဲ့ (APHR) ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာစစ်ဘေးဒုက္ခသည်တွေရှိရာ ထိုင်းနယ်စပ် မယ်ဟောင်ဆောင်နဲ့ မယ်စရီးယန်းမြို့တွေကို နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ လေးရက်ကြာ သွားရောက်ခဲ့ပြီး ဒေသခံအဖွဲ့အစည်းတွေ၊ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တာပါ။

ထိုင်းနယ်စပ်က မြန်မာစစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေဟာ အလွန်စိုးရိမ်စရာကောင်းပြီး လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ APHR အဖွဲ့ဥက္ကဋ္ဌ အင်ဒိုနီးရှားလွှတ်တော်အမတ် Mercy Barends က ပြောပါတယ်။

“မြန်မာဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေဟာ ကျန်းမာရေး၊ ပညာရေး၊ နေထိုင်စရာ အခက်အခဲတွေကြုံနေရပြီး လူသားချင်းစာနာမှုအကူအညီတွေအရေးပေါ်လိုအပ်နေပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အခြေအနေတွေဟာ စိုးရိမ်စရာဖြစ်နေပါတယ်။ ဒီပြဿနာတွေကို ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အလျင်အမြန်ဖြေရှင်းဆောင်ရွက်ဖို့လိုအပ်နေပါတယ်”

ဒါ့အပြင် နယ်စပ်ကဆေးခန်းတွေမှာ လူနာတွေအတွက် ဆေးဝါး နဲ့ အနွေးထည်တွေ အရေးပေါ်လိုအပ်နေကြောင်း APHR ကိုယ်စားလှယ်အဖွဲ့က တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

APHR အဖွဲ့ဝင် မလေးရှား လွှတ်တော်အမတ် Kelvin Yii ကလည်း ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေတဲ့အခြေအနေတွေ၊ လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်တွေနဲ့ ဒုက္ခသည်ကလေးတွေ ပညာသင်ကြားခွင့်အတွက် လိုအပ်ချက်တွေကို ရှင်းပြပြီး ဒီလိုအပ်ချက်တွေအားလုံးကို ထိုင်းအစိုးရနဲ့တကွ နိုင်ငံတကာက ပံ့ပိုးကူညီရေး တွန်းအားပေးဖို့ ပြောကြားခဲ့ပါတယ်။

မြန်မာစစ်တပ်က လေကြောင်းကနေ ဆက်လက်တိုက်ခိုက်နေတာတွေကြောင့် ထိုင်းနယ်စပ်နားမှာ မြန်မာစစ်ဘေးဒုက္ခသည် သုံးသိန်းအထိ ရှိလာနေပြီဖြစ်ကြောင်းနဲ့ မြန်မာစစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတွေ ပြင်းပြင်းထန်ထန်ချမှတ်ဖို့လည်း နိုင်ငံတကာကို သူက တိုက်တွန်းသွားပါတယ်။

ဒီသတင်းစာရှင်းပွဲမှာပဲ နယ်စပ်တစ်လျှောက်က မြန်မာစစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးရေး ထိုင်းအစိုးရရဲ့ မူဝါဒ ပြောင်းလဲဖို့နဲ့ ဒီဒုက္ခသည်တွေအတွက် အန္တရာယ်ကင်းဇုန်တစ်ခု တည်ထောင်ဖို့ အရေးကြီးကြောင်းတွေကို ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ People’s Empowerment Foundation ရဲ့ အမှုဆောင်ဒါရိုက်တာ Chalida Tajaroensuk က ပြောပါတယ်။

“မြန်မာစစ်ဘေးဒုက္ခသည်ပြည်သူတွေအတွက် အန္တရာယ်ကင်းဇုန်ထူထောင်ဖို့ ထိုင်း နဲ့ မြန်မာတာဝန်ရှိသူတွေ ဆွေးနွေးတိုင်ပင်သင့်ကြောင်း၊ တိုက်ပွဲတွေကြောင့် မြန်မာစစ်ဘေး ဒုက္ခသည်တွေဟာ တစ်လအတွင်းမှာပဲ နေရာ ငါးနေရာကနေ ၁၀ နေရာအထိ ပြောင်းရွှေ့နေကြရတယ် ၊ သူတို့အတွက် အန္တရာယ်ကင်းဇုန် မလုပ်ပေးနိုင်ရင် သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း” ပြောသွားတာပါ။

ဒီပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူဇန်နာလှလှစိုး ကလည်း အွန်လိုင်းကနေတက်ရောက်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် လက်ရှိအချိန်ထိ စစ်ဘေးဒုက္ခသည် သုံးသန်းနီးပါး ရှိလာနေတဲ့အကြောင်းတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၈၇၁ ဦး ကလေး ၅၃၀ ကျော် သေဆုံးခဲ့ရတာတွေ ပြောပါတယ်။ သူသွားရောက်ခဲ့တဲ့ ကရင် နဲ့ ကရင်နီပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ ဆေးဝါးလိုအပ်မှု၊ သောက်သုံးရေ နဲ့ အစားအစာရှားပါး ပြတ်လပ်မှုကြောင့် အာဟာရချို့တဲ့မှုတွေနဲ့ နေထိုင်ရေးအခက်အခဲတွေအပြင် ဒီမြန်မာစစ်ဘေး ဒုက္ခသည်တွေအတွက် နယ်စပ်ဖြတ်ကျော် အကူအညီတွေ လိုအပ်နေကြောင်းလည်း ပြောသွားပါတယ်။

နောက်ဆုံးအနေနဲ့ မလေးရှားလွှတ်တော်အမတ်ဟောင်းလည်းဖြစ် APHR ရဲ့ ပူးတွဲဥက္ကဋ္ဌလည်းဖြစ်တဲ့ Charles Santiago က မြန်မာနိုင်ငံရဲ့ လက်ရှိလူသားချင်းစာနာမှုအကူအညီပေးရေး အခြေအနေနဲ့ လုပ်ဆောင်ဖို့လိုအပ်တာတွေကို ရှင်းလင်းခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ ငြိမ်းချမ်းရေးဘုံသဘောတူညီချက် ငါးရပ်ထဲက ဒုတိယအချက် ဖြစ်တဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးဟာ အဆိုးဝါးဆုံးအခြေအနေရောက်နေပြီး အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီကို ထိထိရောက်ရောက် ပိတ်ဆို့အရေးယူဖို့လည်း အာဆီယံကို သူက တောင်းဆိုလိုက်ပါတယ်။

“အာဏာသိမ်း သုံးနှစ်ရှိလာပြီ၊ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုအခြေအနေဟာ အဆိုးဝါးဆုံး ဖြစ်နေပြီ၊ အာဆီယံဟာ တွေ့ဆုံဆွေးနွေးရေးလည်း မအောင်မြင်ခဲ့ဘူး၊ အကြမ်းဖက်မှုတွေကြောင့် ပြည်သူတွေ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရတယ်၊ ဗုံးကျဲနေတာတွေ ရပ်ဖို့၊ အကြမ်းဖက်မှုတွေ ရပ်ဖို့လိုပြီ၊ အကြမ်းဖက်တိုက်ခိုက်နေတဲ့ စစ်ကောင်စီထံ လေယာဉ်ဆီရောက်နေတာတွေကို ပိတ်ပင်ဖို့ အရေးကြီးတယ်”

အရှေ့တောင်အာရှလွှတ်တော်အမတ်များအဖွဲ့ APHR ရဲ့ ထိုင်းနယ်စပ်က မြန်မာစစ်ဘေး ဒုက္ခသည်တွေရဲ့ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေတဲ့အကြောင်း သတင်းစာရှင်းလင်းပွဲကို ကောက်နှုတ်တင်ပြခဲ့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။