မကွေးတိုင်း ကင်းမနဲ့ ချောင်းဆုံရွာက နေအိမ် ၁၇၀ ကျော် မီးရှို့ဖျက်ဆီးခံရ

2022.04.19
မကွေးတိုင်း ကင်းမနဲ့ ချောင်းဆုံရွာက နေအိမ် ၁၇၀ ကျော် မီးရှို့ဖျက်ဆီးခံရ မိုးရွာသည့်အတွက် အခက်အခဲဖြစ်​နေ​သော မကွေးတိုင်း ပေါက်မြို့နယ်မှ စစ်​ဘေး​ဒုက္ခသည်များကို ၂၀၂၂ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် ​တွေ့ရစဥ်၊
Photo: Citizen Journalist
မကွေးတိုင်း ပေါက်မြို့နယ်က အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ ချောင်းဆုံရွာမှာ အိမ်လုံးကျွတ် မီးလောင်ကျွမ်းတဲ့အိမ် ၇၆ လုံးနဲ့ တစ်ဝက်တစ်ပျက် မီးလောင်ပျက်စီးတဲ့အိမ် ၇၀ ကျော်၊ စုစုပေါင်း အိမ် ၁၅၀ ဝန်းကျင် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အလားတူ ကင်းမရွာမှာ လည်း အိမ် ၂၀ ဝန်းကျင် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ကင်းမရွာနဲ့ ချောင်းဆုံရွာတွေကို စစ်ကောင်စီတပ်က ဧပြီလ ၁၈ ရက် မနေ့ နေ့လယ်က ဝင်ရောက်လာပြီး အိမ် ၁၇၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
 
ချောင်းဆုံရွာကိုတော့ မနေ့ည ၇ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေ ဒိန်းကွင်းရွာကနေ တစ်ဆင့် ဝင်ရောက်လာပြီးနောက် မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ ရွာသားတစ်ဦးက ပြောပါတယ်။
 
"အကုန်လုံးလောင်တဲ့အိမ်က ၇၆ လုံး။ တစ်ပိုင်းတစ်စတွေကိုတော့ မရိုက်ခဲ့ဘူး။ အကုန်လုံးနဲ့ တစ်ပိုင်းတစ်စနဲ့ ဆိုရင်တော့ ၁၅၀ ကျော်မယ်။ မလောင်တဲ့အိမ်ကတော့ ရှိသေးတယ်။ အဲဒါက ၁ဝဝ လောက်တော့ ရှိသေးတယ်ဗျ"
 
ချောင်းဆုံရွာက လူ ၁၀၀၀ ကျော်ဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ် လို့လည်း ပြောပါတယ်။
 
အဲဒီဒေသမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တပ်တွေ တိုက်ပွဲတွေဖြစ်နေပြီး ဒီတိုက်ပွဲတွေနဲ့ ဆက်နွှယ်ပြီး ရွာတွေ မီးရှို့ခံနေရတာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုရွှေချိုက ပြောပါတယ်။
 
"ပြီးခဲ့တဲ့ရက်ပိုင်းက ကပစ ၂၂ က ထွက်လာပြီးတော့ ရှားလှကို မီးရှို့၊ ရှားလှကနေ တောင်ချိုကို မီးရှို့သွားတယ်။ တောင်ချိုကနေ ကျောက်အိုးကို အရောက်တက်တယ်။ ကျောက်အိုးမှာ သုံးရက်ကြာ တယ်။ အဲ့မှာ သူတို့ တိုက်ပွဲဖြစ်တယ်။ ပထမဆုံးရောက် တဲ့နေ့မှာ အယောက် ၂၀ ကျတယ်။ သုံးရက်အကြာ သူတို့ပြန်ဆုတ်လာပြီး တောင်ချိုမှာ တိတ်တိတ်ကလေး ဝင်ပုန်းပြီးတဲ့ အခါ ကင်းမရွာကို ဖြတ်တယ်။ ကင်းမက ပထမ ကနဦးမှာ မီးရှို့ထားတဲ့ရွာလယ်ကြီးက ကျန်ခဲ့တဲ့ အိမ် ၂၀ ကျော်ကို လိုက်မီးရှို့တယ်"
 
ရွာတွေထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့မှာ အင်အား ၉၀ ကျော် ပါဝင်တယ်လို့လည်း ဆိုပါတယ်။
 
အိမ်ခြေ ၂၅၀ ကျော်ရှိတဲ့ ကင်းမရွာဟာ ပြီးခဲ့တဲ့နှစ် မေလ ၁၅ ရက်နေ့က တစ်ကြိမ်၊ ဇွန်လ ၁၅ ရက်နေ့က တစ်ကြိမ် စုစုပေါင်း နေအိမ် ၁၅၀ ကျော် မီးရှို့ခံထားရတာပါ။
 
မနေ့ကလည်း အိမ် ၂၀ ဝန်းကျင် ထပ်ပြီး မီးရှို့ခံခဲ့ရတာကြောင့် တစ်ရွာလုံးမှာ မီးရှို့ခံရတဲ့ အိမ် ၁၇၀ ကျော် ရှိလာတယ်လို့ ကင်းမကျေးရွာသားတွေက ပြောပါတယ်။

 
မနေ့က မီးထပ်ရှို့ခံရတဲ့ အိမ်တွေဟာ ယခင်က မီးမလောင်ဘဲ ကျန်နေတဲ့အိမ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
 
"ကျနော် ရွာထဲလျှောက်ကြည့်နေတာဗျ။ အရင် မီးရှို့လို့ မလောင်သေးတဲ့ အိမ်တွေကို အခု ထပ်ရှို့သွားတာဗျ"
 
ကင်းမရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာချိန်မှာပဲ တောကနေ လှည်းနဲ့ ပြန်လာတဲ့ လင်မယား နှစ်ယောက်ကို စစ်ဆေးမေးမြန်းပြီး ရိုက်နှက်ခဲ့ပါတယ်။ သူတို့ကို ဒဏ်ရာတွေနဲ့ ပြန်လွှတ်လိုက်ပေမယ့် ရွာထဲကို ဆိုင်ကယ်နဲ့ ဝင်လာတဲ့ အသက် ၂၀ ဝန်းကျင် မောင်ချစ်လင်းနဲ့ မောင်ရှိန်းသူတို့ နှစ်ဦးကိုတော့ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။

"မီးရှို့လို့ မလောင်သေးတဲ့ အိမ်တွေကို အခု ထပ်ရှို့သွားတာဗျ"

မနေ့က ကင်းမနဲ့ ချောင်းဆုံရွာက နေအိမ်တွေ မီးရှို့ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒါတွေဟာ စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
 
“ကင်းမရွာတို့၊ ချောင်းဆုံရွာတို့ဆိုတာ PDF တွေ လှုပ်ရှားနေတဲ့ရွာတွေ ဖြစ်ပါတယ်။ ကျနော် တို့အနေနဲ့လည်း အရင်တုန်းက အဲဘက်မှာရှိတဲ့ ရွာတစ်ရွာမှာ ဒီလိုမျိုး ကောလာဟလ ထုတ်လွှင့်ခဲ့တာရှိတယ်။ တပ်ကပဲ ဝင်ပြီးတော့ မီးရှို့သွားသယောင် ထုတ်လွှင့်ခဲ့တာ ရှိပါတယ်။ ကျနော်တို့လည်း သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ အဲဒီရွာက ဖမ်းမိတဲ့သူတွေ၊ PDF တွေရဲ့ ထွက်ဆိုချက်တွေ နာမည်တွေနဲ့ ထွက်လာမှ ငြိမ်သွားခဲ့တာရှိတယ်။ အခုလည်း အဲလိုဖြစ်စဉ်မျိုးပါပဲ။ တပ်ကနေပြီး လုံခြုံရေးအရ သွားတဲ့အခါမှာ တပ်ကတော့ ရွာထဲကို ဝင်ဖို့အတွက်ဆိုရင် အမြဲတမ်းရှောင်ရှားတယ်။ ရှောင်ရှားတယ်ဆိုတာ အဓိကတော့ ဒီလိုစွပ်စွဲချက်တွေကြောင့်ပါပဲ။ တချို့နေရာတွေမှာတော့ တပ်နဲ့ PDF နဲ့ ထိတွေ့မှုဖြစ်ပြီး PDF က ဆုတ်သွား တဲ့အချိန်မှာတော့ မီးရှို့သွားတာရှိတယ်။ ပြီးမှ တပ်ကို စွပ်စွဲတဲ့ဟာ မျိုးတွေရှိတယ်။ ဒါတွေကတော့ ကျနော် ပြောချင်တာကတော့ တစ်နေ့နေ့ တစ်ချိန်ချိန် မှာတော့ အဖြစ်မှန်ဆိုတာ ပေါ်ပေါက်လာမှာပဲလို့ ကျနော် ပြောချင်ပါတယ်”

၂၀၂၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကင်းမရွာမှ နေအိမ်များကို  စစ်ကောင်စီတပ် မီးရှို့ခဲ့စဥ် (Photo: CJ)
၂၀၂၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကင်းမရွာမှ နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့ခဲ့စဥ် (Photo: CJ)

နေအိမ် မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ကင်းမကျေးရွာသားတစ်ဦးကတော့ စစ်ကောင်စီရဲ့လုပ်ရပ်ကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။
 
"သူတို့ ဒီလိုလုပ်ရပ်အပေါ် မကောင်းဘူးဆိုတာ အားလုံးက အသိပဲလေ။ မကောင်းမှု လို့ပဲ ပြောချင်တာပဲ ကျနော်ပြောချင်တာက။ မကောင်းတဲ့ လုပ်ရပ်အပေါ် မကောင်း ဘူးလို့ပဲ ပြောချင်တာပေါ့။ နောက် ဒီလိုပဲ ဆက်လုပ်နေဦးမှာပဲ။ မကောင်းဘူးလို့ ပြောလည်း သူတို့က ကောင်းအောင် လုပ်ပေးမှာ မဟုတ်ဘူး။ မကောင်ဘူးလို့ ပြောလည်း သူတို့က မကောင်းတဲ့အတိုင်းပဲ သွားနေမှာ"
 
ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နဲ့ ၇ ရက်နေ့ကစပြီး မကွေးတိုင်း ပေါက်၊ ဆိပ်ဖြူ၊ ပခုက္ကူ မြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာ ပေါင်း၂၀ ထက်မနည်းကို စစ်ကောင်စီ တပ်ဖွဲ့တွေက စစ်ကြောင်းထိုးဝင်ရောက်မီးရှို့တာကြောင့် ဒေသခံနေအိမ် တစ်ထောင်ကျော် မီးလောင် ပျက်စီးခဲ့ပြီး လူဦးရေ တစ်သောင်းခွဲကျော် စစ်ဘေးဒုက္ခသည်အဖြစ် ဘေးလွတ်ရာ တောတောင်တွေထဲကို အခုချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ဧပြီ ၁၃ ရက်နေ့ထိ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ လက်ချက်ကြောင့် တစ်နိုင်ငံလုံးမှာ နေအိမ် ၉၁၈၇ လုံး ပျက်စီးခဲ့ပြီး အဲ့ဒီထဲမှာ မကွေးတိုင်းက ၁၈၁၄ လုံး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။