စစ်ကောင်စီတပ်တွေကို ဒရုန်းတွေနဲ့ ဘယ်လောက်ထိရောက်စွာ တိုက်ခိုက်နိုင်မလဲ

2022.09.17
Share on WhatsApp
Share on WhatsApp
စစ်ကောင်စီတပ်တွေကို ဒရုန်းတွေနဲ့ ဘယ်လောက်ထိရောက်စွာ တိုက်ခိုက်နိုင်မလဲ မောင်းသူမဲ့လေယာဉ်တစ်စင်းအား တွေ့ရစဉ်
Photo: CTU

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်အာဏာသိမ်းမှုကို တော်လှန် အင်အားစုတွေက တူမီးလို ရရာလက်နက်တွေနဲ့ ဆန့်ကျင်ခဲ့ကြရာကနေ အခုဆိုရင် ဒရုန်း လို့ခေါ်တဲ့ မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်တဲ့အဆင့်ကို ရောက်ရှိလာနေပြီဖြစ်ပါ တယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရကလည်း စစ်ကောင်စီတပ်ဖွဲ့တွေကို ဒရုန်းခေါ် မောင်း သူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်ဖို့အတွက် အလှူငွေထည့်ဝင်ကြဖို့ မကြာခင်ရက်ပိုင်းကပဲ နှိုးဆော်တိုက်တွန်းခဲ့ပါတယ်။

ဒီဒရုန်းတွေကို သုံးစွဲနေတဲ့ တော်လှန်အင်အားစုတွေထဲမှာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦး မြို့နယ်က KSO (KhinOo Supporting Organization) ခင်ဦးထောက်ပံရေးအဖွဲ့လို့ အမည်ပေးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လည်း ပါဝင်ပါတယ်။ သူတို့အဖွဲ့ အပါအဝင် ခင်ဦးမြို့နယ်အင်အားစုတွေက ဒရုန်းတွေကိုသုံးပြီး အကြိမ် ၅ဝ လောက် တိုက်ခိုက်ခဲ့ပြီးပြီ လို့ အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းရောင်က RFA ကို ပြောပါတယ်။

"အခုကျနော်တို့ ရိုက်ကူးရေး ဒရုန်းတွေဆိုတော့ အချိန်အားဖြင့်လည်း ဗုံးသီးကို ၄ဝ သားလောက်ပဲ နိုင်တာပေါ့။ အဲအတွက် တိုက်ခိုက်မှု အားနည်းနည်းပျော့တယ်ပေါ့။ ဂရုကတော့ အခုလောလောတယ် ၇ စီးပေါ့။ ဟိုဘက်ရွာက အဖွဲ့အစည်း ဒီဘက်ရွာက အဖွဲ့အစည်းတွေ ပူးပေါင်းပြီး တိုက်ခိုက်တာပေါ့။ တစ်ရွာကို တစ်စီးတို့ ၂ စီးတို့ ဒီလောက်ပါပဲ။ ကျနော်တို့တွေ ဖေဖော်ဝါရီလပိုင်းနောက်ပိုင်း ပွဲပေါင်း ၅ဝ လောက် တိုက်ခိုက်ခဲ့ရတယ်"

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေက ဂျမ်မာ ခေါ် ကြားဖြတ်ဖျက်ဆီးရေးစနစ် ကိုသုံးပြီး တန်ပြန်တိုက်ခိုက်တဲ့အတွက် သူတို့ဘက်က ဒရုန်း ၆ စီးဆုံးရှုံးခဲ့တယ်လို့လည်း ဗိုလ်လင်းရောင်က ပြောပါတယ်။ CDM ဗိုလ်ကြီး ထက်မြက်က စစ်ကောင်စီတပ်တွေဟာ ဒရုန်းတွေကို ဖျက်ဆီးဖို့အတွက် နည်းလမ်း ၂ ခုကို သုံးစွဲနေတယ်လို့ ပြောပါတယ်။

"ဂျမ်မာက ဆက်သွယ်ရေးလှိုင်းတွေ ဖြတ်ပြစ်တာ။ frequency တွေ ဖြတ်ပြစ်တာ။ အဲဒါဖွင့်လိုက်ပြီဆိုရင် သူတို့ အတွင်းမှာရှိတဲ့ သူတွေရဲ့ ဖုန်းတွေရော၊ ဆက်သွယ်ရေး စက်တွေရောက အကုန်လုံး ပြတ်တောက်သွားတာ။ ပြတ်တောက်သွားတဲ့အတွက် သူတို့က သူတို့ဆက်သွယ်မှု အဆင်မပြေတာဖြစ်တဲ့အတွက် အမြဲတမ်းတော့ မဖွင့်ထား ဘူး ပိတ်ထားတယ်။ ဒါပေမဲ့ ဒရုန်းအသံကြားပြီဆိုရင် ကောက်ဖွင့်လိုက်တယ်။ ဂျမ်မာရဲ့ အမျိုးအစားပေါ်မူတည်ပြီး ၅ မိုင်ပတ်လည် အတွင်းမှာ ဖြတ်ပြစ်နိုင်တယ်ဆိုရင် ၅ မိုင် ပတ်လည် အတွင်းဝင်သွားတဲ့ ဒရုန်းက ပြုတ်ကျတယ်။ နောက်တစ်ခုက ဒရုန်း ကပ်ချာ က ဒရုန်း gun လို့လည်းပြောတဲ့ ဥစ္စာနဲ့ ပျံလာတဲ့ ဒရုန်းကို ချိန်ပြီးတော့ ခလုတ်နှိပ်ချပြီး ဆွဲချတာမျိုးတွေလည်း လုပ်လို့ရတယ် ၂ မျိုးပေါ့။ သူက သေနတ်လို ဟာမျိုးပဲ။ ကျနော် တို့ အရင် ၂၁ မှာတုန်းက တစ်လက်ရှိဖူးတယ်။ ဒါပေမဲ့ အဲကောင်က အရမ်းကြီး ထိရောက်လားဆိုတော့လည်း မထိရောက်ဘူး။ သေနတ်က အလက်ရေ အများကြီးမှ မပေးနိုင်တာ။ တစ်လက်လောက်ပဲ ပေးထားတာ။ ဒရုန်းက တစ်စင်းမကဘူး ၂ စင်း ၃ စင်း ပျံလာပြီဆိုရင် အဲကောင် ကိုင်ထားတဲ့ စစ်သားက ဟိုဘက်ပြေးလိုက် ဒီဘက်ပြေး လိုက် ဒုက္ခတွေရောက်ရော"

ဒရုန်းတွေဟာ ဘယ်လောက်ထိရောက်မှုရှိပါသလဲ။ ဗိုလ်လင်းရောင်ကတော့ တိုက်ပွဲတွေ အတွင်း ရန်သူ ၇ဝ လောက်ကို ချေမှုန်းခဲ့တယ်လို့ ပြောပါတယ်။

"ခန့်မှန်းခြေ ၇ဝ ဆိုတာ အသေပါဗျ။ ဒဏ်ရာရမဟုတ်ဘူး။ ဒဏ်ရာရဆိုရင် အမြောက် အများပါ။ ဗုံးသီးတစ်သီး ချလိုက်လို့ အုပ်စု အဖွဲ့အစည်းနေရာမှာ ကျလိုက်ရင် သေကြေ မှုက အများကြီးသွားပါတယ်"

ဗိုလ်ကြီးထက်မြက် ကတော့ ဒရုန်းတွေကို အဆင့်မြင့်မြင့်သုံးစွဲနိုင်မယ်ဆိုရင် ထိရောက်မှု အများကြီး ရှိနိုင်ပါတယ်။ ဒါပေမဲ့ ရန်သူကို ပြင်ဆင်ဖို့အချိန်ပေးရာရောက်စေတဲ့ ကြွားဝါမှု မျိုးတွေ၊ သတင်းကြိုတင်ထုတ်ပြန်တာမျိုးတွေကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ အထူးသတိထားရှောင်ကျဉ်ဖို့ လိုတယ်လို့ အကြံပေးပါတယ်။

"အရေးကြီးတဲ့ အဆောက်အဦးတွေ အရေးကြီးတဲ့ ပစ္စည်းတွေထားသိုတဲ့ နေရာတွေပေါ့ နော်။ ဥပမာ လေယာဉ်တွေရှိတဲ့နေရာမျိုး၊ လေယာဉ်ပြေးလမ်းလို နေရာမျိုး ဗုံးသီးထား တဲ့ နေရာမျိုးတွေကို ကျနော်တို့ ရွေးချယ်ပြီး အောင်အောင်မြင်မြင် ပစ်ချနိုင်တယ်။ ဒါပေမဲ့ ဒရုန်း မှာက အခုကျနော်တို့ သုံးနေတဲ့ဟာက ဒီ့ထက်ပိုပြီး အဆင့်မြှင့်လာနိုင် တယ်ဆိုရင် ပိုကောင်းတာပေါ့။ သတိပေးရမှာတစ်ခုရှိတယ် ကျနော်တို့ အဖွဲ့တွေက အကြွားသန်တယ် ကို့ဆီက ဒရုန်းရဲ့ ပုံစံကိုရိုက်ပြီး တင်တာတို့ ဒါမျိုးတွေက လုံးဝမလုပ် သင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဒရုန်းကို ကြည့်လိုက်ထာနဲ့ ဒါဘာအမျိုးအစားသုံးထား လဲ ဘာ device သုံးထားတယ် အဲဒါဆိုရင် ဘယ်လိုဖျက်လို့ရမယ်ဆိုတာ ကြည့်တာနဲ့ မြင်တာနဲ့ သိတဲ့အဖွဲ့ သူတို့မှာရှိတယ်။ အဲဒါလေး ကျနော်တို့က ဂရုစိုက်ရမှာပေါ့။ တဖက်က သူတို့ကို ပြင်ဆင်ချိန်ပေးထားသလိုဖြစ်နေတာ။ ဘာဖြစ်လို့လဲဆိုတော့ တချို့လေတပ်တွေမှာ အဆင့်မြင့်ဂျမ်ဘာတွေကို ထပ်တပ်ဆင်နေပြီ။ အဲဒါတွေအတွက် ပြင်ဆင်ရမယ်ဆိုပြီးတော့ အခု မင်းအောင်လှိုင် မိန့်ခွန်းပြောတဲ့ အထဲမှာပါလာတယ်ပေါ့ နော်။ အဲနောက်ပိုင်းမှာ သူတို့ရဲ့ အရေးကြီးနေရာတွေကို သူတို့ ကာလာတယ်။ လေ ယာဉ်ကွင်းလို နေရာမျိုးတွေမှာ ကာလာပြီးတော့ လေတပ်တွေမှာဆိုလည်း အဲဟာတွေ တပ်နေပြီ။ ကျနော်တို့ရဲ့ Device ကိုကြည့်လိုက်လို့ ဒီဒရုန်းက အမြင့်ပေ ဘယ်နှစ်ရာ ပျံနိုင်တယ် ဘယ်နှစ်ထောင်ထိပျံနိုင်တယ် ဒီကောင့်ကို ကာကွယ်ဖို့အတွက် ငါတို့ရဲ့ ဂျမ်ဘာက ဘယ်လောက်ထိ အဆင့်မြင့်ရမလဲဆိုပြီး သိသွားတာပေါ့။ ကျနော်တို့ ဒီဥစ္စာ ကို လျှို့ဝှက်ပြီးသာ လုပ်လိုက်နိုင်တယ်ဆိုရင် အခုအချိန်မှာ ဒရုန်းတပ်ဖွဲ့ကလည်း အများကြီးရှိနေတော့ တကယ်ထောက်ပံ့ပြီး တကယ်ဆော်ကြဟေ့ဆိုပြီး ကွန်မန်း ကောင်းကောင်းနဲ့တပြိုင်နက်တည်း ပေးနိုင်ရင် အခုဆိုရင် လေတပ်စခန်းတွေ ကုန်သလောက်တောင်ဖြစ်နိုင်တယ်၊ အနည်းဆုံးတော့ဗျာ လေယာဉ်တွေ မခွဲနိုင်ဘူး၊ ဗုံးရုံတွေ မသိဘူးဆိုရင်တောင် လေယာဉ်ပြေးလမ်းထိုင်ခွဲနေရင် လေယာဉ်တက်လို့ မရဘူး။ ဗုံးသီးက လေယာဉ်ပြေးလမ်း ကွန်ကရစ်လောက်ကတော့ ပေါက်တယ်။ လေယာဉ်တက်နိုင်တဲ့အရှိန် ပျက်သွားနိုင်တဲ့နေရာမျိုးတွေမှာ ခွဲပေးရင်ရတယ်။ ဒီဥစ္စာ ကို သူတို့က ချက်ချင်းလက်ငင်းပြင်မှကိုရမှာ။ သူတို့ပြင်ပြီး ကျနော်တို့ ထပ်ခွဲ။ ကျနော် တို့က မပင်ပန်းဘူး၊ ဒီကောင်တွေ သေအောင်ပင်ပန်းမှာ"

အခုလို ဒရုန်းတွေကို ထိထိရောက်ရောက်သုံးစွဲဖို့အတွက် အမေရိကန်ဒေါ်လာ ၁ သန်း အလှူငွေ ထည့်ဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရက မကြာမီကပဲ နှိုးဆော်ခဲ့ပါတယ်။ အဲဒီ စီမံချက်အတွက် အလှူငွေတွေ ကောက်ခံနေတဲ့ နိုင်ငံတကာရောက် မြန်မာအဖွဲ့ အစည်းတွေထဲမှာ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျ လိစ်မြို့က ပြည်သူ့ဂုဏ်ရည်အဖွဲ့လည်း ပါဝင်ပါတယ်။ အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦး ကတော့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုခင်မော် ဖြစ်ပါတယ်။

"တူမီးတွေနဲ့ တိုက်ခိုက်ခဲ့ရာကနေ ဒရုန်းတွေနဲ့ အခုတိုက်ခိုက်လာနိုင်ပြီဆိုတော့ ကျနော် တို့ အများကြီး တိုးတက်လာခဲ့ပြီပေါ့။ ဒီထက်ပိုပြီးအဆင့်မြင့်တဲ့ ဒရုန်းတွေကို သုံးစွဲနိုင်ဖို့ ကျနော်တို့ ကြိုးစားရမယ်။ ဆိုတော့ ကျနော်တို့ ဒီ နိုင်ငံခြားမှာရောက်နေတဲ့ မြန်မာ အသိုင်းအဝန်းကလည်း အတတ်နိုင်ဆုံး ပါဝင်ပြီးကူညီနေတယ်ဆိုတာ ပြည်သူလူထုကို ကျနော်အသိပေးချင်ပါတယ်"

ဒီဒရုန်းခေါ်မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်တွေကို တော်လှန်အင်အားစုတွေက ဘယ် လောက် ထိထိရောက်ရောက် သုံးစွဲနိုင်မလဲ။ စစ်ကောင်စီဘက်ကကော ဘယ်လိုတုံ့ပြန်မလဲ ဆိုတာ ပြည်သူတွေကလည်း စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။