ခြောက်နှစ်အတွင်း လူ ခြောက်ရာကျော် သေဆုံးခဲ့ရတဲ့ ဖားကန့်ကျောက်စိမ်းမြေ

RFA Burmese
2023.09.01
ခြောက်နှစ်အတွင်း လူ ခြောက်ရာကျော် သေဆုံးခဲ့ရတဲ့ ဖားကန့်ကျောက်စိမ်းမြေ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်မြေပြိုကျပြီး ပျောက်ဆုံးနေသူများအား ရှာဖွေနေကြသည်ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းနယ်မြေမှာ မြေပြိုလို့ လူတွေသေဆုံးတာ နှစ်တိုင်းဖြစ်နေပါတယ်။ RFA က လက်လှမ်းမီသလောက်ပြုစုထားတဲ့ စာရင်းတွေအရ ၂၀၁၈ ကနေ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်ကျော်အတွင်း မြေပြိုတာ ၁၀ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး သေဆုံးတဲ့သူ ၆၀၀ နီးပါးရှိခဲ့တာ တွေ့ရပါတယ်။

သေဆုံးသူတွေက ရေမဆေးကျောက်ရှာတဲ့သူနဲ့ တစ်ပိုင်တစ်နိုင်တူးတဲ့သူတွေပါ။ ဒေသခံတွေ အဆိုအရ လူမသိ၊ သူမသိ သေဆုံးတာတွေလည်း ခဏခဏဖြစ်နေတဲ့အတွက် သေတဲ့သူဦးရေ အခုထက်များနိုင်ပါတယ်။

မြေပြိုလို့သေဆုံးရတဲ့ဖြစ်ရပ်တွေထဲမှာ ၂၀၂၀ ပြည့်နှစ်က ဖားကန့် ဝှေခါမှော်မှာဖြစ်ခဲ့တဲ့ကိစ္စက အကြီးဆုံး ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်မှာ အယောက် ၁၉၀ ဝန်းကျင်သေဆုံးခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မှော်စီဇာ မြေပြိုတဲ့ဖြစ်ရပ်မှာ လူပေါင်း ၈၀ ကျော်သေဆုံးရပြီး၊ ၂၀၂၂ မက်လင်ဂျောင်မှော်က မြေပြိုမှုမှာလည်း လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ရပါတယ်။

အခုထိလည်း မြေစာပုံအမြင့်ကြီးတွေ၊ ပေထောင်ချီနက်တဲ့ ရေကန်တွေ ရှိနေသေးတာက ပြည်သူတွေ အန္တရာယ်ကြားမှာနေရသလိုဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတစ်ယောက်က ပြောပါတယ်။

"ကုဋေမှော်ဘက်မှာဆိုရင် နေရာတော်တော်များများမှာ တကယ့် ပင်လယ်ကြီး ကျနေတာပဲ။ တကယ်တမ်းကြည့်ရင် ကြောက်စရာအကောင်းဆုံးပဲ။ ကုဋေဘက်မှာ ရှိတယ်၊ကျွန်တော်တို့ မှော်စီဇာမှာ ရှိတယ်၊ မနဘက်မှာရှိတယ်၊ ဂွေခါဘက်မှာရှိတယ်၊ မှော်စီဇာဘက်မှာရှိတယ်၊ မှော်မုံဘက်မှာရှိတယ်။ ကျွန်တော်မြင်တွေ့နေရတဲ့ တော်တော်များများမှာရှိတယ်။ ဆိုင်းဂျာဘွမ် အနီးဘက်မှာလည်းရှိတယ်။ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး တော်တော်များများ ကျင်းတွေနဲ့ အိုင်ကြီးတွေနဲ့ ပစ်ထားကြတယ်။ မိုးရာသီက ဒီဟာတွေ ပေါက်ထွက်လာပြီး တောက်လျှောက်မြို့ထဲဝင်လာပြီးမှ ကျေးရွာတွေတော်တော် များများကို အန္တရာယ်ပေးနိုင်တဲ့အခြေအနေပို မြင်တွေ့ နေရတယ်။ ဒါကြောင့် ပြည်သူလူထုတွေက စိုးရိမ်စိတ်နဲ့ သောက မြောက်မြားစွာ ရှိနေကြတယ်"

တစ်ပိုင်တစ်နိုင်ကျောက်တူးတဲ့သူတွေက ကျောက်တူးတဲ့နွေရာသီတွေမှာ ကုမ္ပဏီလုပ်ကွက်ထဲ ဝင်လို့မရတဲ့အတွက် ကုမ္ပဏီနားတဲ့အချိန် မိုးရာသီမှာမှ မြေပြိုမယ့်အန္တရာယ်ရှိမှန်းသိပေမယ့် လုပ်နေကြတာလို့ ကျောက်တူးသမားတစ်ယောက်က ပြောပါတယ်။

"ဒီမှာက တားမယ်ဆိုလည်း တားလို့မရဘူးဗျ။ ဘာလို့လဲဆိုတော့ နှစ်စဉ်နှစ်တိုင်းက ဒီလိုပဲလုပ်နေကြတော့လေ။ ရာသီချိန်တုန်းက ဆိုက်ထဲမှာလည်း၊ လုပ်ကွက်ထဲမှာလည်း သေချာလည်းမရှာရတဲ့အခါကျတော့ ဒီဖားကန့်မှာရှိတဲ့လူတွေကတော့ မိုးတွင်းဖြစ်ဖြစ်၊ ဆောင်းတွေဖြစ်ဖြစ်၊ ဒီလိုပဲ လုပ်နေကြတာပဲဗျ။ မလုပ်ရင်တော့ တခြားအလုပ် မရှိဘူး"

သြဂုတ်လ ၁၃ ရက်နေ့ကလည်း ဖားကန့် မနရွာနားက ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ မြေပြိုပြီး ၄၂ ယောက် ပျောက်ဆုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ ၃၃ ယောက်ရဲ့အလောင်းကို ပြန်တွေ့ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်မှာ ညီဝမ်းကွဲသေဆုံးသွားတဲ့ အစ်ကိုတစ်ယောက်ကလည်း အခုလိုဖြစ်တာက ကုမ္ပဏီတွေ စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်နေတာကြောင့်လို့ပြောပါတယ်။

"ဒီမှာက လက်လုပ်လက်စားသမားတွေများတော့ မိုးတွင်းမှာ ဒီလိုပဲလုပ်စားကြတာလေ။ သူတို့ ကုမ္ပဏီက လုပ်ခဲ့တဲ့ဟာတွေပေါ့။ သူတို့ခေါင်းပေါင်းတွေ မလျှော့ထားတာပေါ့။ ကုမ္ပဏီက လူတွေကို တူးခိုင်းတဲ့အခါကျတော့ ရှာစားတဲ့သူတွေက ဒီလိုပဲ ဖြစ်သွားတာပေါ့။ ကုမ္ပဏီမှာ တာဝန်ရှိတာပဲ။ အခုကတော့ အကုန်လုံး စည်းကမ်းမဲ့ လုပ်နေကြတာပဲ။ သူတို့ အကုန်လုံး တရားဝင်မဟုတ်ဘူးလေ"

"အခုကတော့ အကုန်လုံး စည်းကမ်းမဲ့ လုပ်နေကြတာပဲ။ သူတို့ အကုန်လုံး တရားဝင်မဟုတ်ဘူးလေ"

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းကလည်း သူတို့ အစိုးရလက်ထက်မှာ ကြိုတင်ကာကွယ်တာတွေ လုပ်ခဲ့ပေမယ့် အခုအချိန်မှာ တရားဥပဒေ စိုးမိုးမှုမရှိတော့လို့ ထိန်းဖို့ခက်တယ်လို့ ပြောပါတယ်။

"အရင် အစိုးရလက်ထက်က လုပ်ခဲ့တာတွေ ရှိတယ်။ အဲဒါတွေကတော့ အခုလိုမျိုး အန္တရာယ်များတဲ့နေရာတွေဆို တားမြစ်တာမျိုးတွေပေါ့နော်။ အမြင့်ကြီး မပစ်ခိုင်းတာမျိုးတွေလည်း သတ်မှတ်တာရှိတယ်။ သူတို့ပေဘယ်လောက်ပဲ မြေစာပစ်ပါဆိုပြီး သတ်မှတ်တာရှိတယ်။ နောက်တစ်ခုကတော့ မိုးမဝင်ခင်မှာပေါ့လေ၊ ဖြေလျှော့ထားတာပဲဖြစ်ဖြစ်ပေါ့လေ၊ ဆောင်ရွက်ထားတာတော့ အဲဒီလို ဆောင်ရွက်တာတော့ ရှိတာပေါ့။ ဆိုတော့ အခုအခြေအနေမှာလည်း အလားတူပဲ အဲလိုလုပ်သင့်တယ်လို့ မြင်တာပေါ့နော်"

ကော်မတီတွေဖွဲ့ပြီး မြေစာပုံတွေ၊ မြစ်ချောင်းအင်းအိုင်တွေ စောင့်ကြည့်တာ၊ မြေစာပုံအမြင့်တွေကို လျှော့ချခိုင်းတာတွေလည်းလုပ်ခဲ့သလို အန္တရာယ်ရှိတဲ့ လုပ်ကွက်တွေကို ပိတ်ခိုင်းတာလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ဖားကန့်မှာ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေတဲ့သူတစ်ယောက်ကလည်း အဲဒီမှာ ၁၀ နှစ်ကျော်အတွင်း သဘာဝပတ်ဝန်းကျင် တော်တော်ပြောင်းလဲသွားတယ်လို့ ပြောပါတယ်။

"အခုဆယ်နှစ်အတွင်းမှာက အဲလိုမြေစာပုံတွေ ပိုများလာတာပေါ့။ မြေစာပုံ ပိုများလာတော့ အဲလို မြေပြိုတာတို့ သဘာဝတောတောင်ရေမြေ နောက်ပြီးတော့ ချောင်းတွေလည်း တိမ်ကောသွားတဲ့အပိုင်း အများကြီးရှိတယ်။ ဥရုချောင်းတောင်မှ နည်းနည်းပဲ ကျန်တော့တယ်။ အရင်တုန်းကဆို တအားနက်တဲ့အိုင်တွေ အခုက အကုန်လုံး တိမ်ကောကုန်တာလေ။ အဲလို မြစ်ချောင်းအင်းအိုင် သဘာဝ တောတောင် လည်း အများကြီး ပျက်စီးသွားတယ်။ အဲဒါကို ပြန်ထိန်းသိမ်းဖို့လိုတယ်လို့ ပြောချင်တယ်"

နှစ်ပေါင်း ၂၀ လောက်ဝန်းကျင်အတွင်းမှာ ဖားကန့်ကအမြင့်ဆုံးတောင်လို့ပြောလို့ရတဲ့ အခု YTT ကုန်း၊ဖားပြင်၊ မှော်မုံ၊ ဆဘော့၊ မက်လင်ဂျောင် စတဲ့ကျေးရွာနားတွေ တောင်ကြီး (၄) တောင် ပျောက်ကွယ်သွားပြီး တောင်ကမူတွေကတော့ မရေတွက်နိုင်အောင် ကုန်သွားပြီလို့ ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မနရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် မြေပြိုကျပြီး ပျောက်ဆုံးနေသူများထဲမှ ပြန်တွေ့ခဲ့သည့် ရုပ်အလောင်းတစ်လောင်းကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မနရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် မြေပြိုကျပြီး ပျောက်ဆုံးနေသူများထဲမှ ပြန်တွေ့ခဲ့သည့် ရုပ်အလောင်းတစ်လောင်းကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

အမည်မဖော်လိုတဲ့ ကချင်ပြည်နယ်က ဘူမိဗေဒ ပညာရှင်တစ်ယောက်ကလည်း၊ ဖားကန့်ဒေသမှာ အခုလို မကြာခဏမြေပြိုရတဲ့အကြောင်းရင်းက မြေပြန်မဖို့တာတွေ၊ ယမ်းတွေသုံးပြီး စည်းမဲ့ကမ်းမဲ့ ဖောက်ခွဲ တူးဖော်တာတွေ၊ ဥပဒေတွေ၊ နည်းစနစ်တွေ လိုက်နာမှုမရှိတာတွေကြောင့်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိတဲ့သူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်း ကတော့ အန္တရာယ်ရှိတဲ့ကန်တွေကို ကြိုပြီးတော့ ရေမြောင်းလွှဲထားတာတွေရှိတယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ ကချင်ပြည်နယ်အစိုးရကနေ ဒီမိုးတွင်းမရောက်ခင် ပြိုကျနိုင်တဲ့ နေရာတွေကို စုံစမ်းခိုင်းထားတယ်။ စစ်တမ်းကောက်ခိုင်းထားတာ၊ ကြည့်ခိုင်းထားတာ ရှိတယ်ဗျ။ ဗျိုင်းစိမ်းတောင်ဘက်မှာ ရေကန်အကြီးကြီးရှိတာဆိုတာလည်း ရှိတယ်။ အဲဒီ ရေကာတာက ရုတ်တရုတ် ပေါက်သွားလို့ရှိရင် ရေကန်ရဲ့အောက်မှာ ရွာရှိတယ်။ အဲဒီရွာကို ရုတ်တရက်များ ကျိုးသွားပေါက်သွားလို့ရှိရင် အဲရေတွေလွှမ်းပြီးတော့ အဲလူတွေ သေတာ၊ ကြေတာ၊ ပျောက်တာ၊ ပျက်စီးတာ မဖြစ်အောင်ဆိုပြီး ရေမြောင်းကို ကျွန်တော်တို့က ကြိုပြီးတော့ လွှဲထားတာ၊ တူးထားတာတွေ ရှိတယ်ဗျ"

အခုလက်ရှိမှာ သယံဇာတတွေကုန်မသွားအောင်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်အောင် တရားဝင် လိုင်စင်မပေးတော့ပေမယ့် ခိုးတူးတဲ့သူတွေက ရှိနေသေးတယ်လို့ ဦးဝင်းရဲထွန်းက ပြောပါတယ်။

မြန်မာ့သတ္တုမိုင်း စောင့်ကြည့်ရေးကွန်ယက် (MMWN) က ကွန်ရက်ချိတ်ဆက်မှုတာဝန်ခံ ပေါလ် (Paul) ကတော့ ယမ်းတွေအများကြီးသုံးပြီး ကျောက်တူးတဲ့ ကုမ္ပဏီတွေကို တူးဖော်ခွင့်လျှော့ချပြီး အသေးစားတွေကို ဦးစားပေးသင့်တယ်လို့ပြောပါတယ်။

"အဓိကက စက်ယန္တရားကြီးတွေ လျှော့ချဖို့လိုတယ်။ အသေးစားတွေကို နည်းနည်းလေး ပိုပြီး အားပေးဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုရင် အသေးစားအားပေးတဲ့သဘောကလည်း စုပြုံပြီး ဒီမှာ ရွှေ့ပြောင်းလုပ်သားတွေ အများကြီးရှိတယ်။ လုပ်ငန်းကမရှိတော့ ဒီမှာ မှီခိုပြီးမှ လုပ်နေရတဲ့အပိုင်းတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့တွေ့ရတယ်။ ဆိုတော့ စက်ယန္တရားတွေ လျှော့ချဖို့လိုတယ်။ လိုင်စင်ပေးတဲ့ဟာလည်း စနစ်တကျ စိစစ်ပြီးမှ ပါမစ်ပေးဖို့လိုတယ်"

ပြည်သူတွေနဲ့ပူးပေါင်းပြီးလုပ်ဆောင်သင့်သလို အဏာပိုင်တွေဖြစ်ကြတဲ့ စစ်ကောင်စီ၊ KIO၊ NUG တို့ကလည်း မူဝါဒသေသေချာချာချမှတ် ပြီး ကြပ်မတ်လုပ်ဆောင်နိုင်မှ အခုလို လူသေမှု မဖြစ်အောင် တားနိုင်မယ်လို့ပြောပါတယ်။

ဗြိတိန်နိုင်ငံအခြေစိုက် Global Witness လူ့အခွင့်အရေးအဖွဲ့ရဲ့ နောက်ဆုံး ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံအရပ်ရပ်က လူပေါင်းလေးသိန်းနီးပါးဟာ ဖားကန့်ဒေသမှာ ရေမဆေးကျောက် ရှာဖွေနေကြပြီး ဘေးကင်းလုံခြုံမှုမရှိတဲ့ အခြေအနေမှာ အလုပ်လုပ်နေကြရတယ်လို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။