ဖားကန့်မှာ နွံကန်ပေါက်ကျလို့ လူပေါင်း ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ

RFA Burmese
2025.01.13
ဖားကန့်မှာ နွံကန်ပေါက်ကျလို့ လူပေါင်း ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု စပေါ့ရွာတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့က နွံကန်ပြိုကျပြီး နေအိမ်များ ပျက်စီးသွားသည်ကို တွေ့ရစဉ်။
Citizen Photo

Updated 6:13 PM Jan 13, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ရွာမှာ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်အစော ၁ နာရီဝန်းကျင်မှာ ကျောက်စိမ်းတွင်းဟောင်းတစ်ခုရဲ့ နွံကန်ပေါက်ကျတာကြောင့် ရွာထဲက အိမ်ငါးဆယ်ခန့် နစ်မြုပ်ခဲ့ပြီး လူပေါင်း ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာရဲ့အထက်မှာရှိတဲ့ နွံကန်ဟာ လူအိပ်ချိန်မှာ ရုတ်တရက် ပေါက်ထွက်လာတာကြောင့် ရွာထဲက ရပ်ကွက် (၃) နေရာမှာရှိတဲ့ လူနေအိမ်တွေ အဓိကနစ်မြုပ်သွားတာပါ။ ဒါကြောင့် ပျောက်ဆုံးတဲ့လူဦးရေ ဒါဇင်နဲ့ချီပြီး ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့ နေ့လယ်အထိ ကလေးသုံးဦးအပါအဝင် အလောင်းရှစ်လောင်းကို ရှာဖွေတွေ့ရှိထားပြီး ကယ်ဆယ်ရေး ဆက်လုပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဖြစ်တဲ့အချိန်က ညပိုင်းဖြစ်တော့ ထိခိုက်မှုကပိုဆိုးနိုင်တယ်။ ဘာလို့ဆို အိပ်ချိန်ဖြစ်တယ်။ အခု ဒီနေ့မနက်ခင်း ၁၁ ခွဲအထိ ရထားတဲ့အလောင်းက ရှစ်လောင်းရှိတယ်။ ရှစ်လောင်းထဲမှာ အသက် ၁၀ နှစ်အောက် ကလေးသုံးဦး ပါဝင်နေတယ်။ အမျိုးသမီးနှစ်ယောက်၊ အမျိုးသားသုံးယောက်။ ဒီထက်လည်း လူတွေသေဆုံးနိုင်တယ်လို့ မြေပြင်မှာ ပြောနေတယ်။ အိမ်ခြေပျက်စီးသွားတာက လက်ရှိ ရွာထဲကဒေသခံတွေ ပြောအရဆိုရင် အိမ်ခြေ ငါးဆယ်အနည်းဆုံး ပျက်စီးသွားတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေကြတယ်။ ဒေသတွင်းမှာရှိတဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေလည်း လုပ်နေတယ်။ နောက် ဒေသအဖွဲ့စည်းတွေလည်း အဲဒီမှာလာပြီး ကြီးကြပ်နေတာ တွေ့ရပါတယ်"

ညနေပိုင်းအထိ ကလေးငယ်လေးဦး အပါအဝင် ရုပ်အလောင်း ၁၂ လောင်း ရှာဖွေတွေ့ရှိထားပြီလို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ဖားကန့်ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေမှာ ပြောပါတယ်။

ရှာဖွေတွေ့ရှိထားတဲ့ အလောင်းတွေနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ လတ်တလော မသိရသေးပါဘူး။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု စပေါ့ရွာတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့က နွံကန်ပြိုကျပြီး နေအိမ်များ ပျက်စီးသွားသည်ကို တွေ့ရစဉ်။ (Citizen Photo)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု စပေါ့ရွာတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့က နွံကန်ပြိုကျပြီး နေအိမ်များ ပျက်စီးသွားသည်ကို တွေ့ရစဉ်။ (Citizen Photo)

ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့လည်း နွံတွေကိုဖယ်ရှားရတာ အခက်အခဲရှိနေပါတယ်။ ဒါကြောင့် သေဆုံးတဲ့သူနဲ့ ပျောက်တဲ့သူ ဘယ်နှစ်ဦးရှိတယ်ဆိုတာစာရင်းအတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ပေါက်ကျခဲ့တဲ့နွံကန်ဟာ ကျောက်စိမ်းတွင်းအဟောင်းဖြစ်ပြီး တွင်းအသစ်က မြေစာတွေပြန်ဖို့ရင်း မြေအလေးချိန်မထိန်းနိုင်ဘဲ ပေါက်ကျလာတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အဲဒီကနွံကန်က ကျောက်စိမ်းတွင်းဟောင်းပေါ့။ တူးပြီးသား တွင်းအဟောင်းထဲကို နောက်ထပ်တွင်းအသစ်က တူးတဲ့မြေစာတွေ ဖို့ရတာရှိတယ်။ ဒါပေမဲ့ အဲဒီတွင်းဟောင်းတွေက ဒီအတိုင်းမဟုတ်ဘူး။ မိုးရာသီရောက်တဲ့အခါကျရင် လုပ်ငန်းတွေနားတဲ့အခါ အဲဒီထဲမှာရေတွေဝင်ပြီး ရေတွေက ဘယ်မှစီးစရာမရှိဘဲ အဲဒီထဲမှာပဲ အိုင်နေတာပေါ့။ အဲဒီရေထဲကိုမှ မြေကြီးထပ်ထည့်လိုက်တဲ့အခါ ရွှံ့နဲ့ရေနဲ့ ပျော်ပြီးမှ အရည်လည်းမဟုတ်ဘူး၊ အခဲလည်း မဟုတ်ဘူး။ အဲဒီလို ကော်လို့လည်းမရဘူး၊ စုပ်လို့လည်းမရဘူးဆိုတဲ့ အဆင့်မှာဖြစ်တာပေါ့။ အပေါ်က ဖိသိပ်ရင်းသိပ်ရင်း ကျွင်းနှုတ်ခမ်းတွေက မခံနိုင်တဲ့အခါ ပွင့်ကျပြီး အောက်စီးကျတဲ့အချိန်မှာ လူနေကျေးရွာတွေ၊ လူနေရပ်ကွက်တွေထဲကို နွံတွေဖုံးကုန်တာပေါ့"

အဲဒီတွင်းအဟောင်းဟာ ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာအုပ်စုကို ထိန်းချုပ်ထားတဲ့ KIA ရဲ့ ခွင့်ပြုချက်နဲ့ အရင်က ရတနာအဓိပတိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီရဲ့ တွင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

ဖားကန့်ကျောက်စိမ်းမှော် နေရာအများအပြား KIA ထိန်းချုပ်

အာဏာသိမ်းသုံးနှစ်အတွင်း တရားမဝင် ကျောက်စိမ်းတူးဖော်မှုတွေ ပိုများလာ

ခြောက်နှစ်အတွင်း လူ ခြောက်ရာကျော် သေဆုံးခဲ့ရတဲ့ ဖားကန့်ကျောက်စိမ်းမြေ


ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ အဲဒီ ပတ်ဝန်းကျင်မှာ ကျောက်စိမ်းတူးဖော်ခွင့်ပေးထားတာ ရှိ၊ မရှိ ဆိုတာကို သူ့အနေနဲ့ မသိရသေးဘူးလို့ ပြောပါတယ်။ ကျောက်စိမ်းလုပ်ကွက်တွေ ခွင့်ပြုပေးတဲ့အခါမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒချမှတ်ထားပေမဲ့ လက်တွေ့အကောင်အထည်ဖော်တဲ့အခါမှာ အခက်အခဲတွေရှိနေတယ်လို့ သူက ပြောပါတယ်။

"လိုအပ်တာကတော့ သဘာဝထိန်းသိမ်းရေးတွေ ပြည်သူလူထုရဲ့ အသက်အိုးအိမ်တွေကို ထိန်းသိမ်းဖို့ဆိုတာကတော့ မူအားဖြင့် အရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည်ဖော်တဲ့နေရာမှာ ကျွန်တော်တို့ KIO နဲ့ပဲလုပ်လို့ အဆင်မပြေဘူး ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီက အစိုးရတွေ သူတို့လည်း အုပ်ချုပ်တဲ့နယ်မြေတွေ အများပိုင်းဖြစ်နေတာ"

၂၀၂၄ ခုနှစ်၊ နှစ်စကစပြီး ဖားကန့်မြို့ရဲ့ အဝင်အထွက်လမ်းပိုင်းတွေနဲ့ နယ်မြေအများစုကို KIA နဲ့ ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ကတော့ ဖားကန့်မြို့မ၊ လုံးခင်းနဲ့ ကံဆီရွာတွေကိုသာ ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။

"လိုအပ်တာကတော့ သဘာဝထိန်းသိမ်းရေးတွေ ပြည်သူလူထုရဲ့ အသက်အိုးအိမ်တွေကို ထိန်းသိမ်းဖို့ဆိုတာကတော့ မူအားဖြင့် အရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကတည်းက ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက်တွေကို လုပ်ငန်းလိုင်စင် ထပ်မပေးတော့ဘဲ ကျန်နေတဲ့လိုင်စင်တွေကိုပဲ သက်တမ်းကုန်တဲ့အထိ လုပ်ကိုင်စေခဲ့တာပါ။

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် တရားမဝင် ကျောက်စိမ်းတူဖော်တာတွေ ပြန်များလာသလို၊ လုပ်တဲ့သူအများစုကတော့ ဒေသတွင်းအာဏာပိုင်အဖွဲ့စည်းတွေနဲ့ ချိတ်ဆက်လုပ်ကိုင်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ဖားကန့်မြို့နယ်မှာ မြေပြိုတာ ဆယ်ကြိမ်ထက်မနည်းရှိခဲ့ပြီး သေဆုံးတဲ့သူ စုစုပေါင်း ခြောက်ရာဝန်းကျင် ရှိခဲ့ပါတယ်။

(မှတ်ချက် - ဤသတင်းတွင် ကေအိုင်အို ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူနှင့် ဖားကန့်ဒေသခံတစ်ဦးတို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။