စာသင်ကျောင်းတွေ တိုက်ခိုက်မှု လူ့အခွင့်အရေးအဖွဲ့တွေ ရှုတ်ချ

2023.09.11
စာသင်ကျောင်းတွေ တိုက်ခိုက်မှု လူ့အခွင့်အရေးအဖွဲ့တွေ ရှုတ်ချ ဗုံးကြဲတိုက်ခိုက်ခံရသည့် ဆံဖလားရွာစာသင်ကျောင်းကို ဇွန်လ ၆ ရက်နေ့တွင် တွေ့ရစဉ်။
KNLA

ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ စက်တင်ဘာ ၇ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျောင်းဆရာတစ်ဦးနဲ့ ကျောင်းသူ၊ သား သုံးဦး သေဆုံးပြီး နောက်ထပ် ကလေးငါးဦး အပါအဝင် ခုနစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

စက်တင်ဘာလ ၇ ရက် မနက် ၆ နာရီဝန်းကျင်က ဖာပွန်မြို့နယ် ထီးကော်ထာရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေ နေထိုင်တဲ့ ဘော်ဒါဆောင်ကို ထိမှန်ပြီး အခုလို သေဆုံးခဲ့တာလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါဟာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာလို့ KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးက ပြောပါတယ်။

“စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဒီကျောင်းသားတွေကို တိုက်ခိုက်တယ်ဆိုတာက အရပ်သားပြည်သူတွေကို အဓိက ပစ်မှတ်ထားတဲ့ လုပ်ရပ်တစ်ခုလို့ ပြောနိုင်ပါတယ်။ ဒုတိယအချက်ကတော့ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ကို သူတို့ ဒုက္ခပေးချင်တဲ့ သဘောထားရှိတယ်လို့ မြင်ပါတယ်”

ခေးပူရွာအနီး ၁၆ နှစ်ကြာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၆ ရက် မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းယူခဲ့တာကြောင့် ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီတပ်က စာသင်ကျောင်းပါ မကျန် လေကြောင်းကနေ ပြန်လည် တိုက်ခိုက်ခဲ့တာလို့ သူက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၅၆ နှစ်အရွယ် ကျောင်းဆရာ စောဖါးဒါး၊ အသက် ၁၄ နှစ်အရွယ် ကျောင်းသား စောအယ်မူလား၊ အသက် ၁၃ နှစ်အရွယ်ကျောင်းသား စောဘိုကြီးနဲ့ အသက် ၁၆ နှစ်အရွယ် ကျောင်းသူ နော်ထီးခူဖောတို့ ဖြစ်ပါတယ်။

ဒါ့အပြင် အသက် ၂၄ နှစ်အရွယ် ကျောင်းဆရာမ နော်ဒါး၊ အသက် ကိုးနှစ်အရွယ် ကျောင်းသား စောအယ်မူလာဝါး၊ ၁၁ နှစ် အရွယ် ကျောင်းသူ နော်ဒါးဝါး၊ အသက် ၁၄ နှစ်အရွယ် ကျောင်းသူ နော်ဖောစေးထူး၊ အသက် ၁၅ နှစ်အရွယ် ကျောင်းသား စောအယ်နေထူး၊ အသက် ၁၆ နှစ်အရွယ် ကျောင်းသူ နော်မူလာကပေါ်နဲ့ သေသူးခီးရွာက အသက် ၄၅ နှစ်အရွယ် သာမန်အရပ်သား စောဆရေးမူးတို့ ဒဏ်ရာရခဲ့ပါတယ်။

"ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေ ရှိတဲ့နေရာဟာ စစ်ရေးအရ ပစ်မှတ်လုပ်ပြီးတော့ တိုက်ခိုက်စရာ အကြောင်းမရှိပါဘူး။"

စက်တင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ဖာပွန်မြို့နယ်ထဲက သေသူးခီး၊ ထီးကော်ထာ၊ ဂယ်ယူဒဲ၊ တာဒဲဒဲ စတဲ့ ကျေးရွာတွေကို လေကြောင်းကနေ ရှစ်ကြိမ်တိတိ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က စက်တင်ဘာ ၁၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် KNU စာသင်ကျောင်းတွေဖြစ်တဲ့ ထီးမူးခီး၊ ဆာမူပယ်နဲ့ ကဲခိုမူဒဲ က အထက်တန်းကျောင်း သုံးကျောင်း၊ လူသော၊ လယ်မူထိ၊ ဘဲသောလိုနဲ့ ခေးပူက အလယ်တန်းကျောင်း လေးကျောင်း၊ ဂယ်ယူဒဲ၊ သသူးခီး၊ ထီးပိုလိုနဲ့ ထလာခိုက မူလတန်းကျောင်း လေးကျောင်း စုစုပေါင်း စာသင်ကျောင်း ၁၁ ကျောင်း ပိတ်ထားရတယ်လို့ ဆိုပါတယ်။

ဒီကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသားအရေအတွက်ကိုတော့ KNU က ထုတ်မပြောပါဘူး။ ကျောင်းတွေ ဘယ်ကာလမှာ ပြန်ဖွင့်မလဲဆိုတာကတော့ လုံခြုံရေး အခြေအနေပေါ် မူတည်တယ်လို့ပဲ KNU တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ အာဏာဆက်လက် တည်မြဲဖို့အတွက် လက်နက်ကိုင်တော်လှန်သူတွေကို နှိမ်နင်းရာမှာ ဆရာ၊ ဆရာမနဲ့ ကျောင်းသူ ကျောင်းသားပါမကျန် ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ အမျိုးသား ညီညွတ်ရေးအစိုးရ ပညာရေး ဒုဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောပါတယ်။

“စစ်ကောင်စီအတွက်ကတော့ လူသားတွေရဲ့ အသက်ဆိုတာ တန်ဖိုးမရှိတော့ဘဲနဲ့ သူတို့ ရှိနေတဲ့အင်အား အာဏာဆက်လက် ထိန်းထားနိုင်ဖို့ပဲ သူတို့ စဉ်းစားတယ်။ အဲတော့ အခု ပညာရေး ဝန်ထမ်းတွေ၊ ကျောင်းသူ ကျောင်းသားတွေ တိုက်ခိုက်ခံရတယ်ဆိုတာ စစ်ကောင်စီအတွက်တော့ မဆန်းဘူး။ ကျွန်တော်တို့ အတွက်ကတော့ ဒါ တကယ့် နစ်နာဆုံးရှုံးမှုကြီး ဖြစ်ပါတယ်”

စစ်ကောင်စီတပ်က ပညာရေးနဲ့ဆိုင်တဲ့ ပစ်မှတ်တွေကို အခုလို တိုက်ခိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဖက်ဒရယ်ဒီမိုကရေစီပညာရေး ပူးပေါင်းဆောင်ရွက်မှုကွန်ရက် (FDECN) ကော်မတီဝင် ဦးကျော်ရဲလွင် က ပြောပါတယ်။

“ပညာရေးနဲ့ပတ်သက်လို့ ဘယ်လိုအခြေအနေမျိုးမှာမဆို ပညာသင်ကြားတဲ့ ကလေးတွေ၊ ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေ ရှိတဲ့နေရာဟာ စစ်ရေးအရ ပစ်မှတ်လုပ်ပြီးတော့ တိုက်ခိုက်စရာ အကြောင်းမရှိပါဘူး။ ဒါကလည်း နိုင်ငံတကာမှာ ပြဋ္ဌာန်းထားတယ်။ ကလေးတွေနဲ့ ဆရာ၊ ဆရာမတွေကို စာသင်ပေးတာဟာ အပြစ်ရှိတဲ့ ကိစ္စတစ်ရပ်လည်း မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း စာသင်ကျောင်းတွေအပေါ် စစ်ကောင်စီတပ်က တိုက်ခိုက်မှု ၂၄ ကြိမ် ပြုလုပ်ခဲ့ပြီး စာသင်ကျောင်း အဆောက်အအုံ ၃၇ လုံးကျော် ပျက်စီးခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က စက်တင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

ပညာရေးကဏ္ဍအပေါ် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုတိုးလာတာကြောင့် နိုင်ငံတကာက ထိထိရောက်ရောက် မတားဆီးနိုင်ဘူးဆိုရင် ဆိုးရွားတဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်လာလိမ့်မယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ပြောခွင့်ရသူ ကိုစောနန္ဒဆူးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဖာပွန်မြို့နယ် ထီးကော်ထာရွာမှ အဆောက်အအုံတစ်ခုကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Karen Peace Support Network)
လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဖာပွန်မြို့နယ် ထီးကော်ထာရွာမှ အဆောက်အအုံတစ်ခုကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Karen Peace Support Network)

စစ်ကောင်စီရဲ့ ကရင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်ကတော့ ဖာပွန်မြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာ သိပေမယ့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေ ထိခိုက်သေဆုံးတာ၊ စာသင်ကျောင်းတွေ ပိတ်ထားရတာကို သူ မသိသေးဘူးလို့ RFA ကို ပြောပါတယ်။

ကရင်ပြည်နယ် လုံခြုံရေးကိစ္စတွေကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ရဲ တပ်ဖွဲ့မှူးတို့ သုံးဦးက ဦးစီးဆောင်ရွက်နေတာလို့ ဦးစောခင်မောင်မြင့်က ပြောပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ဟာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုအပေါ် အကာကွယ်ပေးရေးဆိုင်ရာ နိုင်ငံတကာနေ့ ဖြစ်ပါတယ်။

ဒီနေ့မတိုင်ခင် နှစ်ရက်အလို စက်တင်ဘာ ၇ ရက်နေ့မှာ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု အကာကွယ်ပေးရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (GCPEA) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီး၊ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု အဆိုးဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်က ကမ္ဘာတစ်ဝန်းမှာ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ပေါင်း သုံးထောင်ကျော် ရှိခဲ့ပြီး အဲဒီထဲမှာ ယူကရိန်းနဲ့ မြန်မာက တိုက်ခိုက်ခံရမှု အများဆုံးနိုင်ငံတွေ ဖြစ်ကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။