ကယားပြည်နယ် ဖားဆောင်းမြို့မှာ တိုက်ပွဲပြင်းထန်နေဆဲ
2024.05.08
ကရင်နီကာကွယ်ရေးပူးပေါင်းတပ်တွေဟာ ကယားပြည်နယ် (ကရင်နီပြည်)၊ ဖားဆောင်းမြို့ကို သိမ်းယူနိုင်ရေးအတွက် စစ်ကောင်စီတပ်ရဲ့ ခလရ (၁၃၄) နဲ့ (၁၃၅) လက်အောက်ခံ တပ်စခန်းတွေကို ၂၀၂၄ ခုနှစ်၊ မေလ ၄ ရက်နေ့ကတည်းက ထိုးစစ်ဆင်နေတာကြောင့် မေလ ၈ ရက် ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မေလ ၆ ရက်နေ့က ဘောလခဲကနေ ဖားဆောင်းကို လူနဲ့ ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်ပိုင် စစ်ရဟတ်ယာဉ် နှစ်စင်းကို ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ချခဲ့ရာမှာ ရဟတ်ယာဉ်တစ်စင်း ဘောလခဲမြို့နယ်ထဲမှာ ပျက်ကျခဲ့ပါတယ်။
"တိုက်ပွဲကြောင့် သေဆုံးတာထက်စာရင် စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်မှုကြောင့်၊ မြေမြှုပ်မိုင်းကြောင့် သေဆုံးတဲ့ ပြည်သူတွေပဲ ရှိပါတယ်”
ဒီပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ် ရဟတ်ယာဉ်မှူး အပါအဝင် ခုနစ်ဦး သေဆုံးခဲ့တယ်လို့ ဘောလခဲခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ရဟတ်ယာဉ်ပျက်ကျတာက ခုနစ်ယောက်လို့ သိထားပါတယ်။ ပျက်ကျတဲ့နေရာက ဝမ်ချယ်နဲ့ နန်းနောက်ရွာကြားမှာ ပျက်ကျခဲ့တာကို ကျွန်တော်တို့ ဒရုန်းနဲ့ ဓာတ်ပုံရိုက်လိုက်နိုင်ခဲ့တယ်”
ကရင်နီတပ်မတော် KA ပြောခွင့်ရ ဗိုလ်မှူးကြီးဘုန်းနိုင် ကတော့ ရဟတ်ယာဉ်ပျက်ကျမှုအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ဆယ်ဦးအထိ ရှိနိုင်တယ်လို့ RFA ကို ပြောပါတယ်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ စောသာအယ်စိုး ကတော့ စစ်ကောင်စီဘက်က သေဆုံးသူ ခုနစ်ဦးကနေ ဆယ်ဦးကြားရှိတယ်လို့သာ အကြမ်းဖျင်း အတည်ပြုနိုင်ပြီး၊ အဲဒီနေရာတွေကို အပြည့်အဝ နယ်မြေရှင်းလင်းရေး မလုပ်နိုင်သေးတာကြောင့် အသေးစိတ်အခြေအနေကို အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။
ဖားဆောင်းမှာ နေ့စဉ် တိုက်ပွဲတွေဖြစ်နေပြီး လွိုင်ကော်မှာလည်း စစ်ရေးအခြေအနေ တင်းမာနေဆဲလို့ စောသာအယ်စိုးက RFA ကို ပြောပါတယ်။
“တိုက်ပွဲတွေကတော့ ဖားဆောင်းမြို့နယ်မှာ ရှိတယ်။ နောက်ပြီး ရဟတ်ယာဉ်ပျက်တဲ့နေ့မှာတော့ ဘောလခဲ မြို့နယ်ထဲ ရဟတ်ယာဉ်ပျက်ကျတဲ့ အနီးတစ်ဝိုက်မှာ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်။ မိုးဗြဲဘက်မှာတော့ စစ်ဆင်ရေးတွေ ခေတ္တရပ်နားထားတယ်လို့ ပြောရမယ်။ လွိုင်ကော်မှာတော့ စစ်ကောင်စီနဲ့ နေ့တိုင်းနီးပါး အပြန်အလှန် စောင့်ကြည့်တဲ့ အနေအထားမျိုး၊ စစ်ရေးတင်းမာတဲ့ အနေအထားနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရံဖန်ရံခါ ရှိပါတယ်”
ဧပြီလ ၁၁ ရက်နေ့က ဖားဆောင်းကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ ခလရ-၅၁၅၊ ခလရ-၅၁၆၊ ခလရ (၇)နဲ့ ခလရ-၁၃၅ က တပ်ဖွဲ့ဝင်တစ်ရာကျော်ကို တော်လှန်ရေးတပ်ဖွဲ့က ပါပုကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဆယ်ကျော် သေဆုံးပြီး၊ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါအဝင် ၅၆ ဦး လက်နက်ချခဲ့တယ်လို့ KNDF ရဲ့ မေလ ၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီလအတွင်း ကယားပြည်နယ် (ကရင်နီပြည်)၊ ဖားဆောင်းမြို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ဆယ်ကြိမ်အထိ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုကတော့ နေ့စဉ်လိုလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာလည်း စစ်ကောင်စီရဲ့ ခလရ-၄၂၂ လက်အောက်ခံ တပ်စခန်းကို သိမ်းယူနိုင်ဖို့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် တစ်လလုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့ ပါတယ်။ လွိုင်ကော်မြို့မှာတော့ စစ်ကောင်စီဘက်က ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့နေရာတွေကို စစ်ကြောင်း ပြန်ထိုးလာလို့ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာလို့ KNDF ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်တာ၊ လေကြာင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၁၅ ဦး သေဆုံးခဲ့တယ်လို့လည်း KNDF ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ကိုဗညား ကတော့ စစ်ကောင်စီတပ်က အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်လို့ သေဆုံးရတာလို့ ပြောပါတယ်။
“ဒီလတွေထဲမှာ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရပြီး သေဆုံးတာထက်စာရင် စစ်ကောင်စီရဲ့ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးသတ်ဖြတ်မှုကြောင့်၊ နောက်ပြီး မြေမြှုပ်မိုင်းကြောင့် သေဆုံးတဲ့ ပြည်သူတွေပဲ ရှိပါတယ်”
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇာနည်မောင် ကို RFA က ဒီနေ့ မွန်းလွဲပိုင်းက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။ ကယားပြည်နယ်က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း သတင်းထုတ် ပြန်တာ မရှိသေးပါဘူး။
တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု PKPF ရဲ့ မေလ ၁ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်မှာ တိုက်ပွဲပေါင်း အကြိမ်တစ်ထောင်ကျော် ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သား ငါးရာနီးပါး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ကရင်နီကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးရာကျော် သေဆုံးပြီး၊ စစ်ကောင်စီဘက်ကတော့ သေဆုံးသူ သုံးထောင်ကျော်ရှိခဲ့တယ်လို့လည်း PKPF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။