ဖားကန့်ကျောက်စိမ်းမှော် နေရာအများအပြား KIA ထိန်းချုပ်

RFA Burmese
2024.09.18
ဖားကန့်ကျောက်စိမ်းမှော် နေရာအများအပြား KIA ထိန်းချုပ် ဆွမ်ပရာဘွမ်မြို့ရှိ ခလရ-၄၆ စခန်းကို ၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ သိမ်းပိုက်ပြီး အလံလွှင့်ထူနေစဉ်။
Kachin New Group

ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းမှော်အနီးတစ်ဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၂၆ ခုအနက် ၂၀ ဝန်းကျင်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ကချင် PDF အဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားသလို ဖားကန့်မြို့နဲ့ ခြောက်မိုင်ခန့်အကွာ ဆိုင်းတောင်ကျေးရွာမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က ဖားကန့်မြို့ပေါ် ဗျူဟာကုန်း၊ ကံဆီး ဗျူဟာ၊ တန်းကောင်တောင်တပ်စခန်း၊ ဖားကန့်ရဲစခန်း၊ လယ်ပြင်ယမ်းချက်စက်ရုံ၊ လုံးခင်းမျောက်ကုန်း စတဲ့နေရာတွေလောက်ပဲ ထိန်းချုပ်ထားနိုင်တော့တာပါ။

"လောလောဆယ်ဆိုရင် KIA/KPDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ် စခန်း ၁၉ ခုလောက် သိမ်းပိုက်ရရှိထားပြီ"

ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာမှာတော့ စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲဖို့ကြိုးစားရာကနေ စက်တင်ဘာ ၇ ရက်နေ့က စလို့ တိုက်ပွဲတွေ ပြင်းထန်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြော ပါတယ်။

“တိုက်ပွဲက ဆယ်ရက်ကျော်လာပြီ။ အနီးနားက နယ်မြေတွေက စကစတွေကိုတော့ ရှင်းလင်းနိုင်ပေမဲ့ lucky Man ဟိုတယ်ထဲက စစ်ကောင်စီတပ်တွေကိုတော့ မရှင်းလင်းနိုင်သေးဘူး။ မနေ့က ညနေ တစ်နာရီကျော်လောက်မှာ လေယာဉ်နဲ့ နှစ်ကြိမ်လာပစ်တယ်။ ဟိုနေ့ကလည်း လာပစ်တယ်ဆိုတော့ လေယာဉ်လာတာ နှစ်ရက်ရှိပြီ။ လက်နက်ကြီးကတော့ နေ့ရော၊ ညပါ အချိန်ပြည့်ပစ်နေတာ”

ဆိုင်းတောင်ရွာတွင်းတိုက်ပွဲမှာ ဒေသခံ သုံးဆယ်ထက်မနည်းသေဆုံးပြီး နေအိမ် နှစ်ရာကျော် မီးရှို့ခံထားရသလို ဒေသခံတစ်သောင်းခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

ဖားကန့်တိုက်ပွဲ တစ်ပတ်အတွင်း ဒေသခံ နှစ်ဆယ်ကျော် သေဆုံး

ဖားကန့် ဆိုင်းတောင်ရွာ စစ်ကောင်စီ ရဲစခန်း KIA သိမ်းပိုက်

မိုးမောက်မြို့ကို KIA သိမ်းပိုက်


ဆိုင်းတောင်ရွာထဲက ဟိုတယ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို KIA၊ PDF ပူးပေါင်းအဖွဲ့တွေက အဝင်အထွက် ပိတ်ဆို့ထားရာကနေ တိုက်ပွဲတွေ စတင်ဖြစ်ပွားလာတာလို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖားကန့်ဒေသကို KIA၊ KPDF တွေက တစ်စတစ်စ ပိုမိုထိန်းချုပ်လာနိုင် တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဖားကန့်ကို စစ်အာဏာသိမ်းပြီး ၂၀၂၁ နောက်ပိုင်းကနေ ဒီ KIA/KPDF က အဓိက ထိန်းချုပ်ထားတာပေါ့နော်။ နယ်မြေစိုးမိုးမှုရထားတာပေါ့နော်။ လောလောဆယ်ဆိုရင် KIA/KPDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ် စခန်း ၁၉ ခုလောက် သိမ်းပိုက်ရရှိထားပြီပေါ့နော်။ ပြီးရင် နောက်ထပ်ကျန်ရှိနေတဲ့ စခန်းက ခုနစ်ခုလောက်ပဲရှိ တော့တယ် ဒီဖားကန့်တစ်ဝိုက်ဆိုရင်။ ပြီးရင် စစ်ကောင်စီက အဓိက သူတို့ ဗျူဟာကုန်းမှာပဲ အဓိကရှိတာပေါ့နော်။ စစ်ကြောင်းထိုးလှုပ်ရှားတာတွေ သိပ်မရှိတော့ဘူးပေါ့။ မြို့ပေါ်မှာ စစ်ဆေးရေးလုပ်တာတွေလည်း သိပ်မလုပ်နိုင်တော့ဘူး သူတို့ နယ်မြေစိုးမိုးမှုသိပ်မရှိတော့ဘူးပေါ့”

စစ်ကောင်စီတပ်က ၂၀၂၃ နှစ်ဆန်းပိုင်းကနေ ဧပြီလအထိ ဖားကန့်မြို့နယ်က ရွာအချို့ကို စစ်ကြောင်းထိုး တာတွေ လုပ်ခဲ့ပေမဲ့ အခုတော့ အရင်လို လှုပ်ရှားတာတွေမတွေ့ရတော့ဘူးလို့လည်း သူက ပြောပါတယ်။

လက်ရှိမှာ KIA အဖွဲ့က ကျောက်စိမ်းလုပ်ကွက်တွေအပါအဝင် ဖားကန့်ဒေသရဲ့ ၇၅ ရာခိုင်နှုန်းလောက်အထိ ထိန်းချုပ်ထားနိုင်တယ်လို့လည်း ကချင်ပြည်နယ် စစ်ရေးလေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

ဆိုင်းတောင် ကျေးရွာ ရပ်ကွက် (၄) ဘက် လက်နက်ကြီးကျပြီး နေအိမ်နှင့် ဆိုင်တန်းအချို့ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
ဆိုင်းတောင် ကျေးရွာ ရပ်ကွက် (၄) ဘက် လက်နက်ကြီးကျပြီး နေအိမ်နှင့် ဆိုင်တန်းအချို့ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

အခုနောက်ဆုံးဖြစ်ပွားနေတဲ့ ဆိုင်းတောင်ရွာတိုက်ပွဲဟာလည်း နယ်မြေ ထိန်းချုပ်ရေးအတွက် အရေးပါတဲ့ တိုက်ပွဲဖြစ်တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

“ကျောက်စိမ်းတူးတဲ့ စီးပွားရေးနယ်မြေတွေ ဖြစ်တယ်ဆိုတော့ အရေးကြီးတာပေါ့ စီးပွားရေးဘက်ကနေ ကြည့်ရင်လည်းအရေးကြီးတယ်။ နောက် အခုလက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ဆိုင်းတောင် ကလည်း ကျွန်တော်တို့ ကချင်ရွာတစ်ခုလည်းဖြစ်နေတယ်။ အဲဒီနေရာမှာ ဗျူဟာအရ ပြောမယ်ဆိုလို့ရှိရင် စကစ စခန်းတွေ ထိုင်လို့ရှိရင်တော့ လှုပ်ရှားမှု အခက်အခဲတွေရှိတယ်။ အဲဒါကြောင့် အရေးကြီးနေတာပေါ့။ အဲဒါကြောင့် အဲဘက်မှာ စကစတွေ မထိုင်နိုင်အောင်ကတော့ ကြိုးစားပြီးမှ တိုက်နေတဲ့ အချိန်ကာလလည်းဖြစ်ပါတယ်”

ဖားကန့်ဒေသမှာ KIA အနေနဲ့ နယ်မြေစိုးမိုးမှုတွေ အရင်ကထက် ပိုများလာသလို လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့နေရာတွေလည်း ပိုပြီး ကျယ်ပြန့်လာပြီလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဖားကန့်ဒေသဟာ KIA အတွက်ရော၊ စစ်ကောင်စီအတွက်ပါ ဝင်ငွေအတွက် အရေးပါတဲ့နယ်မြေဖြစ်တာကြောင့် နှစ်ဖွဲ့စလုံးက ထိန်းချုပ်ဖို့ ကြိုးစာရင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဦးမယ်လို့ အမည်မဖော်လိုတဲ့ ကချင် နိုင်ငံရေး သုံးသပ်သူတစ်ဦးက ပြောပါတယ်။

“ဖားကန့်ကိုက စကစရော၊ KIA ရော နှစ်ဖက်စလုံးတော့ လုံးဝ ထိန်းချုပ်ချင်တဲ့ အနေအထားတွေ့ရတယ်။ ဘာလို့လဲဆိုတော့ စီးပွားရေးအရ တော်တော်လေးကို အရေးကြီးတယ် ဝင်ငွေတွေ အမြောက်အမြားဖန်တီး ပေးတဲ့နေရာဖြစ်တယ်။ အဲဒါကြောင့် KIA ကလည်း ဒီဟာကို အပြည့်အဝပိုပြီးမှ ထိန်းချုပ်ချင်တဲ့ အနေအထားဖြစ်တယ်လို့လည်း သုံးသပ်လို့ရပါတယ်။ ကျွန်တော် ထင်တယ် တိုက်ပွဲတွေက ဆက်ပြီးတော့ ဖြစ်ဖို့များပါတယ်”

KIA အနေနဲ့ ဖားကန့် ဒေသသာမကပဲ စီးပွားရေး၊ လုံခြုံရေး၊စစ်ရေးအတွက် မဟာဗျူဟာကျတဲ့ နေရာဒေသ တွေကို ဆက်ပြီးတိုက်ခိုက်သွားနိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

ဖားကန့်က အခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ် လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မြန်မာစစ်တပ်အပြင် KIA၊ UWSA “ဝ” တပ်ဖွဲ့ ၊ MNDAA ကိုးကန့်တပ်ဖွဲ့၊ ရက္ခိုင့်တပ်တော် (AA) နဲ့ အခြား BGF တပ်ဖွဲ့ အမြောက်အမြားဟာလည်း ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေနဲ့ တရားမဝင် ကျောက်စိမ်းရောင်းချမှုတွေကနေ အကျိုးအမြတ်တွေ ရနေတယ်လို့လည်း အင်္ဂလန်နိုင်ငံအခြေစိုက် Global Witness ရဲ့ ၂၀၂၁ ဇွန်လ ၂၉ ရက်နေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၅ ခုနှစ်က ထုတ်ပြန်တဲ့ Global Witness အစီရင်ခံစာတစ်ခုမှာလည်း ဖားကန့်က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကရရှိတဲ့ တန်ဖိုးငွေဟာ ၂၀၁၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံအထိ ရှိနိုင်တယ်လို့ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။