ဆီဆိုင်မြို့မှာ တိုက်ပွဲပြင်းထန်ပြီး အရပ်သားတစ်ထောင်ကျော် ပိတ်မိနေ

RFA Burmese
2024.03.06
ဆီဆိုင်မြို့မှာ တိုက်ပွဲပြင်းထန်ပြီး အရပ်သားတစ်ထောင်ကျော် ပိတ်မိနေ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့မှ နေရပ်စွန့်ခွာထွက်ပြေးနေရသူများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်။
Telegram / PNLA

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) အဖွဲ့က သိမ်းပိုက်ထားတဲ့ ဆီဆိုင်မြို့ကို စစ်ကောင်စီက ထိန်းချုပ်နိုင်ဖို့ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ကစလို့ အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ပေါ်က မြကန်သာနဲ့ ဟိုခဲရပ်ကွက်တွေက နေအိမ်အချို့လည်း လက်နက်ကြီးကြောင့် မီးလောင်ဆုံးရှုံးတာတွေ ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆီဆိုင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဆီဆိုင်မြောက်ဘက် တောင်ကြီးဘက်အထွက်လေ အဲဘက်မှာဆို ဂေါက်ကွင်းရှိမယ်။ ဆေးရုံအရှေ့နားလေးတွေပေ့ါလေ။ သူတို့အဲဘက်တိုးလာတော့ တိုက်ပွဲအကြီးအကျယ်ပြန်ဖြစ်တယ်။ အိမ်တွေ၊ မီးတွေလောင်သွားတယ်။ ပျက်စီးသွားတယ် တော်တော်များတယ်။ သူတို့ အမြောက် တောက်လျှောက်ထုတော့ ကျွန်တော်တို့နေတဲ့ ရွာတောင်မှ အဲဒီဘက်နားမှာဆိုတော့လေ အဲမှာလှမ်းမြင်နေရတယ် မီးလောင်တာကိုလေ။ မြကန်သာ ရပ်ကွက်ဘက်ဗျ။ အဲမှာလည်း လောင်နေတာ လှမ်းတွေ့နေရတယ်”

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်တာတွေရှိသလို ဆိုက်ခေါင်ရွာမှာ အခြေပြုထားတဲ့ စစ်ကောင်စီတပ်ကလည်း ဆီဆိုင်မြို့ထဲကို အကြိမ် နှစ်ဆယ်ခန့် လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့လည်း ပြောပါတယ်။

"ပြီးခဲ့တဲ့ နှစ်ရက် သုံးရက်က ဆီဆိုင်မှာ လေကြောင်းနဲ့ ပြန်ပြီး ဗုံးကြဲတိုက်ခိုက်တဲ့အပေါ်မှာ တောထဲ ပြန်ရှောင်တဲ့ ဒေသခံတွေလည်းများလာတယ်ပေါ့”

ဆီဆိုင်မြို့ပေါ်က အောင်ချမ်းသာ၊ သီရိရပ်ကွက်တွေနဲ့ အနီးအနားရွာတွေမှာရှိနေတဲ့ ဒေသခံတစ်ထောင်ကျော်ဟာလည်း နှစ်ဖက်တိုက်ပွဲကြားမှာ ပိတ်မိနေတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ပြောခွင့်ရသူ နန်းက RFA ကို ပြောပါတယ်။

“ဆီဆိုင်မြို့ပေါ်မှာ မရှောင်သေးတဲ့ဒေသခံတွေ ရှိတယ်။ လူဦးရေအတိအကျတော့ ပြောဖို့ခက်တယ်။ ဒါပေမဲ့ တစ်ထောင်နဲ့ အထက်တော့ ရှိနေသေးတယ်ပေါ့လေ။ နောက်ပြီးတော့ သွားလိုက်လာလိုက်လုပ်နေတဲ့ ဒေသခံ တွေလည်း ရှိတယ်။ ပြီးခဲ့တဲ့ နှစ်ရက် သုံးရက်က ဆီဆိုင်မှာ လေကြောင်းနဲ့ ပြန်ပြီး ဗုံးကြဲတိုက်ခိုက်တဲ့အပေါ်မှာ တောထဲ ပြန်ရှောင်တဲ့ ဒေသခံတွေလည်းများလာတယ်ပေါ့”

နှစ်ဖက်တိုက်ပွဲကြား ပိတ်မိနေသူတွေဟာ သာမန်လက်လုပ်စားတွေ၊ အိမ်စောင့်အဖြစ် ကျန်နေခဲ့ကြသူတွေနဲ့ တစ်ကျော့ပြန်တိုက်ပွဲမဖြစ်ခင်က ကိုယ့်နေအိမ်တွေကို ပြန်သွားကြည့်ကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း တိုက်ပွဲကြောင့် လမ်းတွေကို ပိတ်ထားတဲ့အတွက် ပိတ်မိနေတဲ့အရပ်သားတွေကို လောလောဆယ် ကယ်ထုတ်ဖို့မဖြစ်နိုင်သေးဘူးလို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ကယ်ဆယ်ရေးတွေလည်း အဝင်မခံတော့ဘူးဗျ။ အရင်က ဝင်လို့ရသေးတယ်။ တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း လမ်းတွေပိတ်ထားတယ်။ လမ်းသွယ်တွေကအစ မလာဖို့ပေါ့နော်။ ကျန်တဲ့ဟာ လေးတွေကို နောက်ဆုံးလက်ကျန်လေးတွေ လိုက်ကောက်ပြီးသယ်ပေးမလို့ အဲဒါကို အဝင်မခံတော့ဘူး။ သူတို့နည်း သူတို့ဟန်နဲ့ ပေးထွက်လိုက်မယ် အဲလိုပဲပြောတယ်။ တစ်ဖက်ကလည်း လက်နက်ကြီးတွေ ထုနေတဲ့အတွက်ကြောင့် ခင်ဗျားတို့အတွက်လည်း အန္တရာယ်များတယ်ပေါ့နော်”

တိုက်ပွဲကြားပိတ်မိနေတဲ့ဒေသခံတွေဟာ ဆီဆိုင်မြို့ရဲ့ တောင်ဘက်မှာရှိတဲ့ လယ်ကွင်းတွေမှာ စုပြီး နေထိုင်နေကြရတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က ဆီဆိုင်မြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီနေ့ထိ မအောင်မြင်ဘဲ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) က ဆက်လက်ထိန်းချုပ်ထားနိုင်ဆဲပဲလို့ PNLA အဖွဲ့က အမည်မဖော်လိုတဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေဟာ မတ်လ ၅ ရက် မနေ့ညနေပိုင်းအထိ ရှိခဲ့သလို စစ်ကောင်စီတပ် ဘက်ကလည်း ဆီဆိုင်မြို့ နေရာအနှံ့ကို လက်နက်ကြီး၊ ဒရုန်းတွေသုံးပြီး အကြိမ် တစ်ရာနီးပါး ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတွေရဲ့ နေအိမ်တွေ ပျက်စီးဆုံးရှုံးမှုတွေရှိနေတာလို့ PNLA အဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

“စစ်ကောင်စီတွေ လက်နက်ကြီးနဲ့ပစ်တဲ့နေရာက ဆီဆိုင်မြို့၊ ဟိုပုံးနဲ့ မိုင်းပွန်မြို့ကြားမှာရှိတဲ့ မဲနယ်တောင် ဒေသလို့ခေါ်ပါတယ်။ သူတို့ပစ်ခတ်တဲ့နေရာက နေရာဒေသတွေ တအားများနေတယ်ပေါ့လေ။ ကျွန်တော်တို့ မရှိတဲ့နေရာမှာတော့ ထိခိုက်ပျက်စီးမှုကို ကျွန်တော်တို့ စုံစမ်းနေတုန်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ လက်လှမ်းမီသလောက်တော့ အဲဒီစစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ မိဘပြည်သူလူထုရဲ့နေအိမ် ရှစ်အိမ်ထက်မနည်းတော့ ပျက်စီးသွားပါတယ်။ ကျန်တဲ့ ကျွန်တော်တို့ လက်လှမ်းမမီတဲ့နေရာမှာလည်း ရှိပါသေးတယ်”

ဒီနေ့မှာတော့ ပစ်ခတ်သံတွေ မကြားရဘဲ ငြိမ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဆီဆိုင်မြို့က တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်မေးမြန်း ဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံတစ်လုံးအား ၂၀၂၄ ခုနှစ် မတ်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: PNLA News & Information Department)
ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံတစ်လုံးအား ၂၀၂၄ ခုနှစ် မတ်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: PNLA News & Information Department)

စစ်ကောင်စီရဲ့ မတ်လ ၁ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာတော့ NCA လက်မှတ်ရေးထိုးထားတဲ့ PNLA နဲ့ KNDF၊ KNPP ပူးပေါင်းအဖွဲ့တွေ ပိတ်ဆို့ဖြတ်တောက်ထားတဲ့ ဆီဆိုင်၊ မိုင်းပွန်လမ်းတစ်လျှောက်ကို ရှင်းလင်းရေး ဆောင်ရွက်ရာမှာ တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး မတ်လ ၁ ရက်နေ့ကစလို့ အဲဒီလမ်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ ပြီလို့ ဖော်ပြထားပါတယ်။

PNLA တပ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်တာကြောင့် ထိပ်ပိုင်းခေါင်းဆောင်အချို့ဟာ ယခင်က စစ်ကောင်စီခေါင်းဆောင်ပိုင်းတွေနဲ့ မကြာခဏ တွေ့ဆုံလေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အောက်ခြေအရာရှိနဲ့ တပ်ဖွဲ့ဝင်တွေကတော့ စစ်ကောင်စီကို ပြန်တိုက်နေတာကြောင့် (PNLO/ PNLA) တပ်ဖွဲ့အတွင်းမှာလည်း သဘောထားကွဲလွဲမှုတွေ ရှိနေတာကို တွေ့ရတယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်က ဟိုပုံးမြို့နယ်၊ နောင်စံဖူးရွာမှာ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ ကားတွေကို လက်နက်သယ်တယ်ဆိုပြီး ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO) စစ်ဆေးရာကနေ တိုက်ပွဲစဖြစ်ခဲ့တာပါ။

ဇန်နဝါရီ ၂၂ ရက်မှာတော့ (PNLA) တပ်ဖွဲ့က ဆီဆိုင်မြို့ကို သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ဆီဆိုင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတာ တစ်လကျော်ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေအတွင်း အရပ်သား ၄၇ ဦး သေဆုံးခဲ့ပြီး ၆၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။ ဆီဆိုင် မြို့မဈေးကြီးလည်း မီးလောင်ပျက်စီးခဲ့ရပြီး ဘာသာရေးအဆောက်အအုံ ၁၅ လုံး၊ ဆေးရုံအပါအဝင် နေအိမ်အဆောက်အအုံ ၁၅၃ လုံး ပျက်စီးခဲ့ရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။