အပစ်ရပ်ရေး တရုတ်ဖိအားတွေကြားက သီပေါမြို့ကို TNLA အပြီးသတ်သိမ်းပိုက်
2024.10.14
တရုတ်နိုင်ငံက မြောင်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ကို တိုက်ပွဲတွေရပ်ဖို့ ဖိအားပေးနေချိန်မှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ ခလရ-၂၃ တပ်ရင်းကို တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တစ်မြို့နယ်လုံးကို ထိန်းချုပ်လိုက်ပါတယ်။
ဒီတိုက်ပွဲမှာ စစ်သုံ့ပန်း ငါးဆယ်ကျော်နဲ့ တပ်မိသားစုဝင် တစ်ရာကျော် ဖမ်းမိထားပြီး မိသားစုဝင်တွေကိုတော့ ပြန်လွှတ်ပေးမယ်လို့ TNLA ပြောခွင့်ရသူ လွေးယေဦးက RFA ကို ပြောပါတယ်။
“သီပေါမှာ ရှိတဲ့ ခလရ-၂၃ ကို ကျွန်မတို့ ၁၃ ရက်နေ့ မနေ့က ၁ နာရီမှာ ကျွန်မတို့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သီပေါမြို့ကို ကျွန်မတို့ ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။ သုံ့ပန်းတွေကတော့ လက်ရှိကျွန်မဆီမှာ တက်လာတဲ့ စာရင်းအရ ဆိုရင် စစ်သားပေါ့နော် တပ်သား ငါးဆယ်ကျော်ရှိမယ်။ ပြီးတော့ တပ်မိသားစုဝင်တွေက တစ်ရာကျော်ရှိမယ်။ ဒီတပ်မိသားစုဝင်တွေကိုတော့ ကျွန်မတို့ ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်”
စစ်ကောင်စီ တပ်သားတွေနဲ့ သူတို့မိသားစုဝင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာရာ လမ်းကြောင်းတွေကနေ ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်းမှာ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေ ရှိသလို လက်နက်စွန့်ပြီး ထွက်ပြေးလာသူတွေနဲ့ TNLA ထံ လာရောက် ပူးပေါင်းသူတွေလည်း ရှိတယ်လို့ လွေးယေဦးက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလ သြဂုတ်လ ၁၁ ရက်နေ့မှာ သီပေါမြို့ပေါ်ကို TNLA က ထိုးစစ်ဆင်ခဲ့ ပြီး သြဂုတ်လ ၁၂ ရက်နေ့မှာတော့ မြို့ပေါ်ဌာနဆိုင်ရာ ရုံးအားလုံးကို ထိန်းချုပ်နိုင်ခဲ့တာပါ။ အဲဒီနောက် သီပေါကနေ နမ္မတူမြို့အထွက် တစ်မိုင်အကွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ခမရ-၅၀၃၊ ခမရ-၅၀၄ နဲ့ ခလရ-၂၃ တပ်စခန်းတွေကို TNLA က ဆက်လက် ထိုးစစ်ဆင်ခဲ့ပါတယ်။
စက်တင်ဘာလကုန်ပိုင်းမှာတော့ ခမရ-၅၀၃နဲ့ ခမရ-၅၀၄ တပ်စခန်းနှစ်ခုက စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေဟာ ခလရ-၂၃ တပ်အတွင်းကို အင်အားစုဖွဲ့ ပူးပေါင်းပြီး ခံစစ်ပြင်ဆင် ခုခံခဲ့ပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးသုံး ခုခံခဲ့သလို စခန်းမကျရေးအတွက် စစ်ကောင်စီလေတပ်ကလည်း နေ့စဉ်လိုလို လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။
“သီပေါမှာ ရှိတဲ့ ခလရ-၂၃ ကို ကျွန်မတို့ ၁၃ ရက်နေ့ မနေ့က ၁ နာရီမှာ ကျွန်မတို့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သီပေါမြို့ကို ကျွန်မတို့ ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်"
စစ်တပ်အရာရှိဟောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးကတော့ တိုက်ပွဲမှာ ခလရ- ၂၃ တပ်က တပ်ဖွဲ့ဝင်တွေဘက်က ဆုတ်ခွာပေးလိုက်ရတဲ့ သဘောလို့ သူ့အမြင်ကို ပြောပါတယ်။
“ကျသွားတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ဆုတ်ခွာပေးလိုက်တဲ့ သဘောလို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ လူနာတွေကအစ အားလုံးပါလာတယ်လို့ ပြောတာပဲ။ ဒါက ဆုတ်ပေးတာပေါ့နော်”
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းက ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်မြို့သိမ်းတိုက်ပွဲတွေနဲ့ ဒုတိယပိုင်းကာလ ကျောက်မဲမြို့သိမ်းတိုက်ပွဲတွေမှာ TNLA က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာဖို့ လမ်းကြောင့်ဖွင့်ပေးခဲ့တာတွေ ရှိတယ်လို့ သူက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ TNLA ကို တရုတ် သတိပေး
စစ်တပ်ပြိုလဲမှာ မလိုလားကြောင်း တရုတ်အထူးကိုယ်စားလှယ်ပြောတယ်ဆိုတဲ့ အစည်းအဝေးမှတ်တမ်းပေါက်ကြား
ရှမ်းမြောက် မြို့တွေပြန်လည်သိမ်းပိုက်ရေး စစ်ကောင်စီ အင်အားဖြည့် ကြိုးပမ်းနေ
လက်ရှိမှာ သီပေါမြို့မှာ စစ်တပ်စခန်းတွေ မရှိတော့လို့ လက်နက်ကြီးဒဏ်က လွတ်သွားပေမဲ့ အချိန်မရွေး ဗုံးလာကြဲနိုင်တဲ့အတွက် လေကြောင်းရန်ကိုတော့ စိုးရိမ်နေရတုန်းပဲလို့ သီပေါမြို့ခံတစ်ဦးက ပြောပါတယ်။
“သူတို့ရှိနေရင် တိုက်ပွဲတွေ ပိုပြင်းထန်လာတယ်။ မြို့ထဲကို လက်နက်ကြီးတွေ ကျလာတော့ ထိခိုက် သေဆုံးမှုတွေ များပြားတယ်။ မရှိတဲ့အခါဆိုတော့ တစ်ခုပဲ ကြောက်ရမှာပေါ့။ လေယာဉ်ပဲ ကြောက်ရမှာပေါ့။ အရင်တုန်းက လက်နက်ကြီးရော၊ လေယာဉ်ရော ကြောက်ရတဲ့ ဘဝကနေ အခုလေယာဉ်ပဲ ကြောက်ရ တော့မှာပေါ့”
သီပေါတိုက်ပွဲ နှစ်လကျော်အတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် လူ ၃၂ ဦးထက်မနည်း သေဆုံးပြီး တစ်ရာကျော် ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။ ဒီအပြင် လူတစ်သောင်းခန့်ကလည်း မြို့ကို စွန့်ခွာ ထွက်ပြေးခဲ့ရတာပါ။
သီပေါမြို့ကို TNLA က သိမ်းပိုက်လိုက်လိုက်တယ်ဆိုတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
TNLA ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမိုင်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကွတ်ခိုင်နဲ့ နမ့်ခမ်း စတဲ့မြို့ပေါင်း ခုနစ်မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာတော့ သီပေါမြို့ အပါအဝင် ကျောက်မဲ၊ မိုးမိတ်၊ နောင်ချိုနဲ့ မိုးကုတ် မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် မန္တလေးတိုင်းအထိ ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာခဲ့ပါတယ်။
သီပေါမြို့ကို TNLA က အပြီးသတ် သိမ်းပိုက်လိုက်ပြီ ဖြစ်တာကြောင့် ပြင်ဦးလွင်-နောင်ချိုအစပ်က တောင်ခမ်းရွာက အမြောက်တပ်နေရာတွေမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံကတော့ TNLA ကို တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ဆိုပြီး ဩဂုတ်လ ၂၉ ရက်နေ့က သတိပေးစာ ပေးပို့ခဲ့ပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေဆက်ရှိနေပြီး သီပေါမြို့ကိုပါ TNLA က အလုံးစုံ သိမ်းပိုက်လိုက်တာကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ တရုတ်-မြန်မာကုန်သွယ်ရေးလမ်းကြောင်းကို တော်လှန်ရေးအင်အားစုတွေက အပြည့်အ၀ ထိန်းချုပ်သွားနိုင်ပြီလို့ စစ်ရေး၊ နိုင်ငံရေး လေ့လာသူတွေက ပြောကြပါတယ်။
(မှတ်ချက် - ဒေသခံ၊ TNLA ပြောခွင့်ရသူနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူတို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက် ရေးသားထားပါသည်။)