မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီပေးရေး အကျပ်ကိုင်ခံနေရ
2023.08.17

နိုင်ငံရေးမတည်ငြိမ်မှုကတစ်ဆင့် နိုင်ငံရဲ့နေရာ တော်တော်များများမှာ စစ်ဘေးဒဏ်ကို ကြုံနေရသလို နောက်ဆက်တွဲ စီးပွားရေးကျဆင်းမှု ဂယက်အပြင် သဘာ၀ဘေးဒဏ်မျိုးစုံပါ ကြုံတွေ့နေရတာကတော့ လက်ရှိ မြန်မာနိုင်ငံ အခြေအနေပါ။
ဒီအခြေအနေအရ နိုင်ငံတကာကအကူအညီဟာ အဓိကလိုအပ်နေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအကူအညီတွေကို လက်မခံတာကြောင့် မြန်မာနိုင်ငံက အခြေအနေဟာ ဆီးရီးယားနိုင်ငံက အခြေအနေမျိုးဖြစ်လာဖို့ ဦးတည်နေတယ်လို့လည်း သုံးသပ်ကြပါတယ်။
ဆီးရီးယားနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဒုက္ခသည်လေးသန်းကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့အကူအညီတွေကို လုံခြုံရေးကောင်စီထောက်ခံမှုနဲ့ ၂၀၁၄ ကတည်းက အိမ်နီးချင်း တူရကီနိုင်ငံကနေ ပေးပို့နေပါတယ်။ အဲဒီလို အကူအညီပေးနေတာတွေကို လုံခြုံရေးကောင်စီအဖွဲ့၀င် ရုရှားက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က ဗီတိုအာဏာသုံးပြီး ပိတ်ပင်လိုက်တဲ့အတွက် အခက်အခဲတွေနဲ့ ကြုံတွေ့ရပါတော့တယ်။
ဒါပေမဲ့ သြဂုတ်လအတွင်းမှာတော့ ကုလသမဂ္ဂနဲ့ ဆီးရီးယားသမ္မတတို့ တွေ့ဆုံညှိနှိုင်းပြီးတဲ့နောက် အကူအညီတွေကို အာဏာသိမ်းထားတဲ့ အစိုးရရဲ့ကြီးကြပ်မှုနဲ့ ပို့ဆောင်ဖို့ ကုလသမဂ္ဂနဲ့ သဘောတူခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး သြဂုတ်လ ၁၆ ရက်နေ့ထုတ် Foreign Affairs မဂ္ဂဇင်းပါ ဆောင်းပါးမှာ ဆောင်းပါးရှင် နာတာရှာဟောနဲ့ အီမာဘဲလ် Natasha Hall and Emma Beals တို့က လူသားချင်းစာနာမှု အကူအညီကို အကျပ်ကိုင်ခြင်းဆိုတဲ့ ခေါင်းစဥ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံမှာလိုပဲ ကုလသမဂ္ဂနဲ့ မြန်မာစစ်ကောင်စီ ဆွေးနွေးကြတယ်လို့ အဲဒီဆောင်းပါးမှာ ရေးသားထားပါတယ်။
သြဂုတ်လ ၁၅ ရက်နေ့က စစ်ကောင်စီခေါင်းဆောင်ကို ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲက တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးရေးကို ဆွေးနွေးတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။ အသေးစိတ်ကို ဖော်ပြမထားပေမဲ့ မြန်မာနိုင်ငံဟာ ဆီးရီးယားက အနေအထားမျိုးဖြစ်တယ်လို့ ဆောင်းပါးရှင်တွေက သုံးသပ်ထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ပြည်တွင်း အကူအညီပေးသူတွေဟာ နည်းလမ်းပေါင်းစုံနဲ့ ကူညီနေကြရင်း မီးစင်ကြည့် က နေရတာမျိုးတွေ ရှိတယ်လို့ အကူအညီပေးရေး အဖွဲ့တစ်ဖွဲ့က တာ၀န်ခံတစ်ဦး ပြောပါတယ်။
"အဆင်ပြေအောင် နေနေရတာမျိုးတွေ ရှိတယ်ပေါ့၊ တချို့ အကူအညီလေးတွေ သူတို့တောင်းတယ်ပေါ့၊ ဒါလေးလုပ်ပေးပါဆို လုပ်ပေးလိုက်တယ်၊ ပြီးမှ ကိုယ်လုပ်ချင်တာ ပြန်လုပ်၊ ကျွန်တော်တို့ကိုလည်း အမြဲတမ်း စောင့်ကြည့်တယ်၊ မယုံဘူးဆိုတဲ့အပိုင်းကိုလည်း ပြောထားတယ်၊ ဒုက္ခသည်တွေကို လှူတဲ့အပိုင်းတွေမှာ ဒုက္ခသည်တွေလို့မပြောဘူး နွမ်းပါးသူများ ဘာညာသုံးတယ်၊ ပါးပါးနပ်နပ်လုပ်ဖို့တော့ လိုတယ်"
အကူအညီပေးတဲ့နေရာမှာ စစ်ဘေးရှောင်တွေကို ကူညီရတာ အခက်ခဲဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင်တွေထံကို သွားရောက်ရာမှာ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို ဖြတ်သန်းရသလို စစ်ဆေးရေး ဂိတ်အမျိုးမျိုးကို ဖြတ်သန်းသွားရတာဖြစ်ပြီး ပါးပါးနပ်နပ် လုပ်ဖို့လိုတယ်လို့လည်း ပြောပါတယ်။
လက်ရှိမှာ နိုင်ငံတကာအကူအညီဆိုလို့ အာဆီယံအအကူအညီပေးရေးစင်တာတစ်ခုပဲ စစ်ကောင်စီရဲ့ စီစဥ်ပေးမှုနဲ့ မြန်မာနိုင်ငံထဲကို နှစ်ကြိမ်၀င်ရောက်ခွင့် ရရှိခဲ့ပါတယ်။ အဓိကတော့ စစ်ကောင်စီနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးပြီးမှ ဆောင်ရွက်လို့ရတယ်လို့ အာဆီယံအကူအညီကို လက်ခံယူခဲ့တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။
"ကျွန်တော်တို့ လုပ်နေကျကတော့ နိုင်ငံတကာက အကူအညီပေးမယ်ဆိုရင် ပထမဆုံး ထုံးစံအတိုင်းကတော့ နိုင်ငံခြားရေး၀န်ကြီးဌာနနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးပြီးရင် ဘယ်နယ်မြေမှာမဆို အလုပ်လုပ်လို့ရသွားတယ်"
တကယ်က နိုင်ငံတကာက လာရောက်အကူအညီပေးတဲ့အဖွဲ့တွေကို စစ်ကောင်စီက ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး ၀င်ရောက်လာတဲ့ အကူအညီတွေအပေါ်မှာ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အတွင်း ဖြစ်နေတဲ့အခြေအနေတွေအပေါ် ၀ါရင့်ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးဖေသန်းက သုံးသပ်ပါတယ်။
“အဲဒီအကူညီတွေ အထောက်အပံ့တွေကို သူတို့ကိုယ်တိုင်ကိုင်ပြီးတော့ လုပ်ချင်တယ်ပေါ့၊ ဆိုလိုတာကတော့ နှစ်ချက်ရှိလိမ့်မယ် ပထမအချက်ကတော့ သူတို့ တပ်တွေ ရိက္ခာရဖို့ပေါ့၊ ဒုတိယ အချက်ကတော့ ပြည်သူတွေဆီကတစ်ဆင့် ULA ဆီကို ရိက္ခာတွေရောက်သွားမှာ စိုးရိမ်လို့ပေါ့ ၊ အဲဒီနှစ်ချက်ကြောင့် သူတို့လက်နဲ့ပဲ သူတို့လုပ်ချင်တယ်ပေါ့ ၊ အလှူလက်ဖက်နဲ့ မျက်နှာလုပ်ချင်တဲ့ သဘော”
ဦးဖေသန်းပြောသွားတာပါ။ မြန်မာနိုင်ငံက နိုင်ငံတကာအကူအညီတွေလက်ခံတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။