စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကူညီကြဖို့ IIMM တိုက်တွန်း
2024.09.09
မြန်မာစစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ပါဝင်ကူညီကြဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian) က တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့လေ့လာတွေ့ရှိချက်တွေကို စက်တင်ဘာလ ၉ ရက်က တင်ပြချိန်မှာ အခုလိုပြောဆိုခဲ့တာပါ။
အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံအပါအဝင် နိုင်ငံတချို့က... မြန်မာစစ်ခေါင်းဆောင်တွေ တာဝန်ယူမှုတာဝန်ခံမှုရှိအောင်လုပ်မဲ့ တရားစီရင်ရေးတွေအတွက် ဘယ်လိုအကူအညီပေးရမလဲလို့ မေးမြန်းချိန်မှာ ဖြေကြားတာလည်း ဖြစ်ပါတယ်။
"ကျွန်တော်တို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM)ရဲ့ တွေ့ရှိချက်တွေကို နိုင်ငံတကာတရားရုံး (ICJ)၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နဲ့ အာဂျင်တီးနားတရားရုံးတွေကို ဝေမျှထားပြီးဖြစ်ပါတယ်။ ဒီတရားရုံးတွေနဲ့ ကျွန်တော်တို့ အမြဲဆွေးနွေးနေသလို၊ တရားရုံးတွေကလည်း ဒီအမှုတွေကို မရပ်မနားစိစစ်နေပါတယ်။ ရလဒ်တွေထွက်လာမယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်။ ဘယ်လိုကူညီရမလဲလို့ မေးရင်တော့ ... တာဝန်ရှိသူတွေကို ဖမ်းဝရမ်းထုတ်ရေး လုပ်ငန်းစဉ်တွေကို ကူညီပါဝင်ဖို့လိုပါတယ်။ ခင်ဗျားတို့ တိုင်းပြည်ထဲမှာပဲဖြစ်ဖြစ်၊ ခင်ဗျားတို့ တိုင်းပြည်ပြင်ပမှာပဲဖြစ်ဖြစ် ဖမ်းဝရမ်းထုတ်နိုင်ရေး ပူးပေါင်းပါဝင်ပေးဖို့လိုပါတယ်။ တရားရုံးတွေကချည်း ဖမ်းဝရမ်းထုတ်နေလို့မရပါဘူး။ နိုင်ငံတွေပါမှ ဒါဖြစ်လာနိုင်မှာပါ"
ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်ကဖြစ်ခဲ့တဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို အမိန့်ပေးစေခိုင်းခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုး၊ အဲဒီအချိန်က NLD အစိုးရရဲ့ သမ္မတတာဝန်ယူခဲ့တဲ့ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၂၅ ဦးကို ဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားအစိုးရရှေ့နေက ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းမှာ တရားရုံးကိုလျှောက်ထားခဲ့ပါတယ်။
တာဝန်ရှိတဲ့သူတွေကို အရေးယူနိုင်ရေးအတွက် IIMM အနေနဲ့ သူတို့ရထားတဲ့ အထောက်အထားပေါင်း တစ်သန်းကျော်၊ ဖိုင်တွဲပေါင်း ၈ဝ ကျော်ကို တရားရုံးတွေဆီပေးပို့ထားပါတယ်။
ဆက်နွှယ်သော သတင်းများ
စစ်ရာဇဝတ်မှုမှာ တာဝန်အရှိဆုံးလူကို တရားစွဲဆိုဖို့ ဆောင်ရွက်နေကြောင်း IIMM ပြောကြား
မြောက်ခင်ရန်းရွာ လူငယ်နှစ်ဦး မီးရှို့သတ်ဖြတ်ခံရမှု IIMM စိစစ်နေ
စစ်ကောင်စီ လူ့အခွင့်အရေး ချိုးဖောက်မှု ၁၆၅ ခုကို IIMM ထံ ပေးပို့ထား
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဖြစ်ခဲ့တာ ခုနစ်နှစ်ရှိပြီး မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ သုံးနှစ်ကျော်ကြာလာပြီဖြစ်ပေမဲ့ ကျူးလွန်တဲ့သူတွေဟာ အခုထိ ပြစ်ဒဏ်ကကင်းလွတ်ခွင့်ရနေတယ်လို့လည်း နီကိုလပ်စ် ကုမ်ဂျန်က ထောက်ပြခဲ့ပါတယ်။
"ရှင်းရှင်းပြောရရင် စကားလုံးတွေသက်သက်က မလုံလောက်ပါ။ အဖွဲ့ဝင်နိုင်ငံအားလုံး၊ အထူးသဖြင့် ဒေသတွင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ အဆိုးရွားဆုံး အကြမ်းဖက်မှုဆိုင်ရာ အထောက်အထားတွေကို စုဆောင်းနေတဲ့ ကျွန်တော်တို့အဖွဲ့ရဲ့ အားထုတ်မှုတွေကို ပံ့ပိုးပေးဖို့၊ ပြစ်ဒဏ်ကင်းလွတ်နေတဲ့ အဆိုးသံသရာကို အဆုံးသတ်နိုင်ဖို့အတွက် အကူအညီပေးဖို့ လိုအပ်နေပါတယ်"
အဲဒီကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၅၇) ကြိမ်မြောက် အစည်းအဝေးမှာ ရခိုင်ပြည်နယ်က လက်ရှိအခြေအနေတွေကိုလည်း IIMM အဖွဲ့ခေါင်းဆောင်က တင်ပြခဲ့ပါတယ်။
"မြန်မာနိုင်ငံအနှံ့ စစ်ရေးအရှိန် မြင့်တက်နေပြီး၊ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ အရပ်သားထောင်နဲ့ချီထိခိုက်နေရှိပါတယ်။ ရခိုင်ပြည်နယ်မှာ လူမျိုးစုအားလုံး ဒုက္ခရောက်နေကြပါတယ်။ ဒါပေမဲ့လည်း ပြည်တွင်းလက်ကျန် ရိုဟင်ဂျာတွေဟာ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော်တို့ကြား အထူးအန္တရာယ်များတဲ့ အခြေအနေကို ကြုံတွေ့နေပါတယ်။ သူတို့တွေဟာ တိုက်ရိုက်ပစ်မှတ်ထားခံရပြီး အတင်းအကျပ်ဆောင်ရွက်မှုကြောင့် ထောင်ပေါင်းများစွာဟာ မိမိတို့နေအိမ်တွေကနေ စွန့်ခွာကြရပါတယ်"
ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေကို စုံစမ်းစစ်ဆေးနေပြီး ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်းပြောခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၅၇) ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာစစ်တပ်ဟာ အကြမ်းဖက်မှုတွေ၊ နိုင်ငံတစ်ဝန်းလေကြောင်းတိုက်ခိုက်မှုတွေကို ပိုတိုးလုပ်လာနေတာကြောင့် စိုးရိမ်ကြောင်း အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေက ပြောဆိုခဲ့ပါတယ်။