ဥပဒေမဲ့စီရင်တာတွေ အရေးယူဖို့ NUG ကို လူ့အခွင့်အရေးသမားတွေ တိုက်တွန်း
2024.12.20

NUG လက်အောက်ခံ တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ရေးဘီလူးအဖွဲ့မှာ သူတို့ ဖမ်းထားတဲ့ အမျိုးသားတစ်ဦးကို ဦးခေါင်းဖြတ် သတ်လိုက်တဲ့ ရုပ်သံဖိုင်တစ်ခု ဒီဇင်ဘာ ၃ ရက်နေ့က စပြီး လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာပါတယ်။
အဲဒီဖြစ်ရပ်ဟာ ၂၀၂၄ ခုနှစ် ၊ ဇွန်လကုန်မှာဖြစ်ခဲ့ပြီး သတ်ဖြတ်ခံရသူဟာ ရေးမြို့နယ်၊ ကွန်ဒူးရွာက ပျူစောထီးခေါင်းဆောင် ဦးခေါင်းဖြူ (ခေါ်) ဦးမင်းဇံ ဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
“တော်လှန်ရေးမှာ စိတ်ခံစားချက်ကို အရမ်းအလိုလိုက်လို့ မရဘူး။ စစ်ကောင်စီလုပ်သလိုမျိုး ကျွန်တော်တို့ လုပ်လို့မရဘူး။ ဒါက ကျွန်တော်တို့ ရင်ဘတ်ထဲမှာ အမြဲရှိနေဖို့ လိုတာပေါ့လေ"
ဦးခေါင်းဖြူကို လက်ပစ်ဗုံးနှစ်လုံး၊ လက်ထိတ်တစ်ခုနဲ့အတူ ဇွန်လ ၃၀ ရက်နေ့က သူ့ရဲ့အိမ်မှာ ဖမ်းမိခဲ့ပြီး၊ စစ်ဆေးနေတဲ့အချိန်မှာ ဦးခေါင်းဖြူက သူ့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်နေတဲ့ ရုပ်သံဖိုင်ကိုလည်း ရေးဘီလူးအဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကို အသေးစိတ်သိရဖို့ ရေးဘီလူးအဖွဲ့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
ဒီလိုလုပ်ရပ်တွေက တော်လှန်ရေးအတွက် ပုံရိပ်ကျဆင်းလာနိုင်တယ်လို့ သထုံခရိုင်တပ်မဟာ (၁) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။
“တော်လှန်ရေးမှာ စိတ်ခံစားချက်ကို အရမ်းအလိုလိုက်လို့ မရဘူး။ စစ်ကောင်စီလုပ်သလိုမျိုး ကျွန်တော်တို့ လုပ်လို့မရဘူး။ ဒါက ကျွန်တော်တို့ ရင်ဘတ်ထဲမှာ အမြဲ ရှိနေဖို့ လိုတာပေါ့လေ။ အဲဒါမှသာ ကျွန်တော်တို့က ပြည်သူလူထုယုံကြည်အားကိုးတဲ့ စိတ်တွေ ပိုပိုပြီး များပြားလာမှာလေ”
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း နေပြည်တော် ကံပြား- လမ်းပိုင်းမှာ ပြည်သူ့စစ်ခေါင်းဆောင် ကိုမင်းမင်းဆိုသူကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အဆုံးစီရင်လိုက်တဲ့ ရုပ်သံဖိုင်လည်း လူမှုကွန်ရက်မှာ ထွက်ပေါ်ခဲ့ပါတယ်။
ဆက်နွှယ်သောသတင်းများ
မြန်မာပြည်သူတွေ တရားမျှတမှုရဖို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ တောင်းဆို
တမူးမြို့နယ်မှာ စစ်သုံ့ပန်းသုံးဆယ်ကျော် အချုပ်ခန်းဖောက် ထွက်ပြေး
၁၀၂၇ မှာပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ကိုယ့်ဒေသကိုယ် ပြန်အခြေစိုက်
ဒီလုပ်ရပ်ဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL)၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ (IHR) နဲ့ ငြိစွန်းနေတာကြောင့် ပါဝင်ပတ်သက်တဲ့တပ်ဖွဲ့ဝင် လေးဦးကို ထောင်ဒဏ် (၁) နှစ်စီ ပြစ်ဒဏ်ချလိုက်တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အဆိုးသံသရာမလည်အောင် ဖမ်းမိထားတဲ့ သုံ့ပန်းတွေကို စည်းမျဉ်းအတိုင်းပဲ ဆောင်ရွက်သင့်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။
“တစ်ဖက်က အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို လုပ်နေစေကာမူ ကျွန်တော်တို့က အဆိုးအကျော့ သံသရာမလည်စေဖို့အတွက် သုံ့ပန်းမိတယ်ဆိုရင်တောင်မှ ပြန်ပြီးတော့ ရက်ရက်စက်စက် သတ်ဖြတ်တာမျိုး မလုပ်သင့်ဘူး။ ပြည်သူတစ်ယောက်အနေနဲ့ ဒီလိုကိစ္စရပ်တွေဟာ အဆိုးအကျော့ သံသရာကို ဖြစ်စေတဲ့အတွက် ဒီလိုမျိုးမလုပ်ဘဲနဲ့ သေသေချာချာ သုံ့ပန်းကို သုံ့ပန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ ထားရှိရမဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သေသေချာချာ ထားပြီးတော့မှ လူသားတစ်ယောက်ရဲ့ ရရမဲ့အရာတွေကို ဖန်တီးပေးထားနိုင်ခြင်းပေါ့နော်”
တရားလက်လွတ်စီရင်လိုက်တဲ့ လုပ်ရပ်တွေဟာ ရာဇဝတ်မှုမြောက်တဲ့အတွက် အဲဒီလိုလုပ်ရပ်တွေကို NUG အနေနဲ့ ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ဗြိတိန်နိုင်ငံအခြစိုက် မြန်မာ့လူ့အခွင့်အရေး ကွန်ရက် (Burma Human Rights Network) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။
“တစ်ဖက်က လက်နက်ချတယ် (သို့မဟုတ်) လက်ရဖမ်းမိတယ်ဆိုရင် ဒီလူကို ကာကွယ်ပေးရမယ်။ ဒီလူကို စောင့်ရှောက်ရမယ်။ လူသားတစ်ယောက်လို သူ့ကိုဆက်ဆံရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ အခု ဒီမှာ မြင်တွေ့လိုက်ရတာက ဒါက တော်တော်လေးကို ကြောက်စရာကောင်းတဲ့ ရာဇ၀တ်မှုကြီးတစ်ခုလို ဖြစ်နေတယ်။ ဒါက ပြတ်ပြတ်သားသားအရေးယူရမယ်လို့ ကျွန်တော် ယုံကြည်တယ်”
NUG ကာကွယ်ရေးဌာနလက်အောက်ခံတပ်ဖွဲ့ဝင်တွေကို ဂျနီဗာကွန်ဗန်းရှင်းအတိုင်း လိုက်နာဖို့ သင်တန်းတွေ၊ အသိပညာပေးတာတွေ အစဉ်တစိုက်ရှိပြီး၊ အမှုပေါ်လာရင်လည်း အပြစ်ပေးတာတွေ ရှိတယ်လို့ NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော်က ပြောပါတယ်။
“ဖြစ်ပျက်တဲ့ဟာတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးတယ်။ အမှုထင်ရှားတယ်ဆိုရင် တရားစီရင်မှုလုပ်တယ်။ အပြစ်ပေး အရေးယူတယ်။ အားနည်းချက်က ဘာရှိလဲဆိုရင် စစ်ကောင်စီ အာဏာသိမ်းပြီးတော့ တရားစီရင်ရေးက ပျက်ပြားသွားခဲ့တာ။ ပျက်ပြားသွားတဲ့ဟာကို ပြန်လည်တည်ဆောက်ဖို့ ကျွန်တော်တို့တွေ ကြိုးစားနေတဲ့အချိန်မှာ အစစအရာရာ ပြည့်စုံအောင် လုပ်ကိုင်ဆောင်နိုင်ခြင်း မရှိသေးဘူး ဆိုတာလည်း ပြောကြားချင်ပါတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး အရေးတယူ ကျွန်တော်တို့တွေ ကြိုးစားဆောင် ရွက်နေတယ်ဆိုတာတော့ အသိပေးပြောကြားချင်ပါတယ် ခင်ဗျ”
NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်ရဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ တိုင်ကြားမှုတွေကို အရေးယူနေတယ်လို့ ပြောထားပါတယ်။
“PDF၊ ပကဖတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားမှုတွေအနက် အမှု ၅၆ မှုကို စစ်ဆေးအရေးယူခဲ့ပြီး ဖြစ်ပြီးတော့ ၀န်ကြီးဌာနအဆင့် စုံစမ်းစစ်ဆေးရေး ခုံရုံးက ခုနစ်မှု၊ စစ်ရုံးချုပ်အဆင့် စုံစမ်းစစ်ဆေးရေး ခုံရုံးက ၁၁ မှု၊ စစ်တရားရုံးနဲ့ စုံစမ်းစစ်ဆေးနေတာက ကိုးမှု၊ အစီရင်ခံစာများကို စစ်ဆေးနေတဲ့အမှု ၂၆ မှုတို့ကို ဆက်လက် စုံစမ်း စစ်ဆေးနေဆဲဖြစ်ပါတယ်”
၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ရွာတွေထဲကို စစ်ကြောင်းထိုးတဲ့အချိန်မှာ အရပ်သားတွေကို ရက်ရက်စက်စက်သတ်လိုက်တာတွေ ရှိခဲ့ပါတယ်။
အဲဒီလုပ်ရပ်တွေအပေါ် ခံစားချက်ပြင်းထန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ သူလျှိုတွေ၊ သတင်းပေးတွေကို ဖမ်းမိတဲ့အချိန်မှာ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေတွေကို မလိုက်နာတော့ဘဲ လက်လွန်ခြေလွန်ဖြစ်ကြတဲ့အတွက် စစ်ပွဲဆိုင်ရာ ဥပဒေတွေကို အပြည့်အဝလိုက်နာဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းနေကြပါတယ်။