အာဏာသိမ်းပြီးနောက် မြစ်ကြီးနားတစ်ဝိုက် တရားမဝင် ရွှေတူးမှုတွေ ပိုများလာ
ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားကို ပတ်ခွေစီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ ဟိုနား တစု ဒီနားတစုနဲ့ လူတွေလှုပ်ရှားနေကြတာဟာ မြန်မာနိုင်ငံရဲ့ အဓိကမြစ်မကြီး ဧရာဝတီကို အလည်အပတ် လာကြတဲ့ ခရီးသည်တွေနဲ့ စည်ကားနေတာ မဟုတ်ပါဘူး။ တရားမဝင် ရွှေတူးနေကြတာပါ။ ဒီလုပ်ငန်းတွေ ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ သိသိသာသာ ပေါ်ထွက်လာကြတာပါ။ စည်းမဲ့ကမ်းမဲ့ တူးဖေါ်မှုတွေကြောင့် မြစ်ကြောင်းထိခိုက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
အခုမြစ်ဆုံမှာ ရွှေတူးနေတဲ့နေရာက ရေစီး အရမ်းကြမ်းအကွေ့မှာဖြစ်ပြီး မိုးရာသီရေကြီးချိန်မှာ ရေလမ်း ကြောင်းပြောင်းပြီး မြစ်ဆုံနားက တန်ဖရဲရွာ ရေလွှမ်းမိုးခံရမှာကို ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါ်လုရာက စိုးရိမ်နေပါတယ်။
“စစ်ယန္တရားကြီးတွေသုံးပြီး ရွှေတူးဖော်နေတာက မလုပ်သင့်ဘူးပေါ့နော်၊ ဒီလိုပဲဆက်ပြီးတူးဖော်နေရင် တော့ ကျွန်မတို့ရဲ့ မြစ်ဆုံဆိုတာလည်း ပျောက်နှိင်တယ်။ တန်ဖရဲရွာဆိုတာလည်း ရေလွမ်းနိုင်တယ်၊ မိမိတို့ရဲ့ သာယာလှပတဲ့ သဘာဝပတ်ဝန်းကျင်အကုန်လုံးလည်း ဆုံးရှုံးသွားနိုင်တယ်။ အဲဒါတွေကို စိုးရိမ်လို့”
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ ရွှေတူးသူတွေက ရေစုပ်စက်တွေ မြေတူးစက်တွေနဲ့ မြစ်ထဲ နုန်းမြေထဲကို ပေရာနဲ့ချီ တူးဆွပြီး ရွှေအမှုန်လေးတွေကို စုဆောင်းကြပါတယ်။ သူတို့ တူးဆွလိုက်လို့ မြစ်ကြောင်း တစ်လျှောက်မှာ မြေသားတွေ ပျက်စီးသွားတဲ့အပြင် စွန့်ပစ်တဲ့ နုန်းမြေတွေနဲ့ လုပ်ငန်းသုံးရေတွေကိုလည်း မြစ်ထဲကိုပဲ ပြန်ပြီး စွန့်ပစ်တာတွေကြောင့် မြစ်ရေတွေ နောက်ကျိကုန်ပါတယ်။ မြစ်ရေဟာလည်း အရောင် ပြောင်းလာပါတယ်။
ကချင်ဒေသ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ အရင်နှစ်တွေကလည်း တရားမဝင် ရွှေတူးဖော်သူတွေ ရှိပေမယ့် အခုလို ထင်ထင်ပေါ်ပေါ်လုပ်ကိုင်သူတွေ မရှိသလောက်ပါပဲ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မှာတော့ ရွှေတူးမှုတွေက သိသိသာသာကိုရှိလာတာပါ။
အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ဒေသက ရွှေကူ၊ မိုးညှင်း၊ ချီဖွေ၊ ဆွမ်ပရာဘွမ်၊ မြစ်ကြီးနား၊ ဖားကန့်၊ တနိုင်း၊ ဝိုင်းမော်မြို့နယ်တွေမှာရွှေခိုးတူးမှုတွေ သိသိသာသာရှိလာနေပါတယ်။
"ရေများလာပြီဆိုရင် ကမ်းပါးပြိုတာတို့ ဖြစ်နိုင်တယ်လေ"
မြစ်ကြီးနားမြို့ကနေ မြစ်ဆုံထိ ဧရာဝတီမြစ်တစ်လျှောက် ယခုရက်ပိုင်းတွေအတွင်း ရေငုပ်ဖောင် ၃၀၀ ကျော်နဲ့ ကုန်းကျင်း ၂၀၀ ကျော်ထိ တူးဖော်မှုတွေရှိလာပါတယ်။ အာဏာမသိမ်းခင်ကတော့ ဒီဒေသမှာ ရွှေခိုးတူးတဲ့ နေရာက ငါးဆယ်လောက်ပဲရှိခဲ့တာပါ။
ကချင်ပြည်နယ် ရွှေကူမြို့နယ်က ဧရာဝတီမြစ်ပေါ်မှာလည်း မော်တော်တွေနဲ့ ရွှေတူးမှုတွေ စက်တင်ဘာလ လောက်ကစပြီး နေ့ရောညရောရှိလာနေပြီး အဲဒီနေရာက ရွှေမော်ကျွန်း ပျက်စီးသွားမယ့်အရေးကို စိုးရိမ်နေ တဲ့သူတွေထဲမှာ ရွှေကူမြို့က ကျော်နိုင်စိုးလည်း ပါပါတယ်။
“ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ကန့်ကွက်နေတဲ့ဟာက ရွှေမော်ကျွန်းဆိုတာက ဒီကချင်ပြည်နယ်ရဲ့ landmark တွေထဲမှာ တစ်ခုပါတယ်ပေါ့နော်၊ ဘာသာရေးရှုထောင့် တစ်ခုထဲတင်မကဘူးပေါ့နော်၊ ထင်ရှားတဲ့ ကချင်ပြည်နယ်ရဲ့ landmark ဖြစ်နေလို့ပေါ့နော်။ အခုချိန် ရေနည်းတဲ့အချိန်မှာသာ မဖြစ်နိုင်ပေမယ့် ရေများလာပြီဆိုရင် ဒီကမ်းပါးပြိုတာတို့ ဖြစ်နိုင်တယ်လေ”
NLD အစိုးရလက်ထက်မှာ ၂၀၂၀ မေလထိ ကချင်ပြည်နယ် မြို့နယ် ၁၁ ခုမှာ အသေးစားရွှေလုပ်ကွက် ၂၂၃ ကွက်နဲ့ လက်လုပ်လက်စား ရွှေလုပ် ၂၆၂ ကွက်ကို ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာနက ချပေးခဲ့ပါတယ်။ မြစ်ရေထဲတူးဖော်ဖို့ တစ်ခုမှမပါဝင်ပါဘူး။ မြစ်ရေကနေ ပေသုံးရာအကွာမှာ တူးရမယ်၊ တူးဖော်မှုက ထွက် လာတဲ့ အညစ်အကြေးတွေကို မြစ်ထဲကို စွန့်ပစ်ခွင့်မရှိ စတဲ့ ရွှေတူးဖော်သူတွေ လိုက်နာရမယ့် စည်းကမ်းတွေ ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုရွှေခိုးတူးနေသူတွေကတော့ ဒီစည်းကမ်းတွေကို မလိုက်နာ ကြပါဘူး။ ဒီအခြေအနေတွေကို သိရအောင် မေးမြန်းဖို့ ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း ကချင်ဒေသမှာ အထိန်းအကွပ်မရှိ ရွှေတူးနေကြတာကို ဝေဖန်ထောက်ပြပါတယ်။
“အာဏာသိမ်းပြီးနောက်မှာ ကချင်ပြည်နယ်မှာ သတ္တုတူးဖော်မှုတွေ၊ ရွှေတူးဖော်မှုတွေ နေရာတကာမှာ ပိုများလာတယ်ဆိုတာ ဟုတ်ပါတယ်၊ တော်တော်များများဖြစ်နေတာဟုတ်တယ်၊ ဒါကတော့ ပြောမယ်ဆိုရင် အုပ်ချုပ်သူ ပိုင်ရှင်မရှိတဲ့ပုံစံမျိုး ဖြစ်နေတာပေါ့၊ ဒါကတော့ စကစကလည်း သူအာဏာတည်မြဲရေးအတွက် အာရုံစိုက်နေတဲ့အချိန်ဖြစ်တယ်၊ နောက်ပြီးတော့ NUG ကလည်း မြေပြင်အနေအထားမှာ အုပ်ချုပ်စီမံဖို့ မတတ်နိုင်တဲ့အနေအထားမှာ ရှိနေသေးတယ်၊ အဲဒါကြောင့် ပြောမယ်ဆိုရင် အေအိုင်အို(အေအိုင်အေ) ဘက်ကလည်း အပြည့်အဝထိန်းချုပ်နိုင်မှု မရှိနေတဲ့အချိန်ကြတော့မှာ ဒီကြားလွတ်နေတဲ့ သဘောမျိုး ဖြစ်နေတာပေါ့”
စည်းကမ်းမရှိ တရားမဝင်ရွှေတူးမှုတွေ ကချင်ဒေသအတွင်း သိသိသာသာများလာတာဟာ သဘာဝပတ်ဝန်း ကျင်ပျက်စီးမယ့်အရေး စိုးရိမ်ရရုံတင်မကဘဲ ဒုစရိုက်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ပါ ဆက်စပ်နေတာကြောင့် အန္တရာယ်အသစ်တွေ ပိုပြီးများလာမယ့်သဘောရှိနေပါတယ်။ တစ်ဘက်မှာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုပြီးကျပ်တည်းလာတဲ့ စီးပွားရေးအခြေအနေတွေကြောင့် ဖြစ်တဲ့နည်းနဲ့ ဝင်ငွေရအောင်ရှာလာနေတဲ့ကိစ္စတွေ ကို ပြေလည်အောင် မဖြေရှင်းနိုင်ရင် ပြဿနာတွေ ပိုများပြီး ပိုဆိုးလာမယ့်အရေးကို ကချင်ဒေသခံတွေက စိုးရိမ်နေကြပါတယ်။