အနိမ့်ဆုံး တစ်ရက်လုပ်ခ ကျပ်တစ်သောင်း ဝန်းကျင်တိုးဖို့ တောင်းဆို
2023.11.20
စစ်အာဏာသိမ်းပြီးနောက် သုံးဆနီးပါး တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် တစ်ရက် အနိမ့်ဆုံးလုပ်ခ ၄၈၀၀ ကျပ်ဟာ အလုပ်သမားတွေအတွက် မလောက်ငတော့ပါဘူး။
စစ်ကောင်စီက အောက်တိုဘာလကစလို့ အနိမ့်ဆုံး တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်ကို မပြောင်းလဲဘဲ နောက်ထပ် အပိုထောက်ပံ့ငွေ တစ်ထောင်ကျပ် တိုးပေးရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
“အနည်းဆုံးလုပ်ခလစာဟာ အမေရိကန် ဒေါ်လာ သုံးဒေါ် လာအထက် ရှိသင့်တာမို့ ကျပ်တစ်သောင်းအထိ တိုးပေးဖို့လိုအပ်ပါတယ်”
ဒီတိုးမြှင့်မှုက တစ်ရက် ၅၈၀၀ ကျပ်အထိ ရရှိမှာဖြစ်ပေမယ့် လက်ရှိ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ငွေကြေး ဖောင်းပွမှုတွေကြောင့် အနိမ့်ဆုံး လုပ်ခကို တစ်ရက် ကျပ်တစ်သောင်း အထိ ရသင့်တယ်လို့ ရွှေပြည်သာမြို့ နယ်၊ စက်မှုဇုန်က အထည်ချုပ် အလုပ်သမား ကိုမင်းသိန်းထက်က RFA ကို ပြောပါတယ်။
“စားဝတ်နေရေး ကျပ်တည်းမှုက ထိုနည်းလည်းကောင်းပဲ၊ ဘာမှ ထူးမလာဘူး၊ ဒီအတိုင်း က ဒီအတိုင်းပဲ၊ အခုတိုးလိုက်တယ်၊ တိုးပြီးရင် ကုန်ဈေးနှုန်းက သူနဲ့တန်းတူ လိုက်တက်နေတော့ ဘယ်လိုမှ အဆင်မပြေဘူးလေ၊ အဲဒီလိုမျိုးတွေလည်း ရှိသေးတယ်၊ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အနည်းဆုံး လုပ်ခလစာ တစ်နေ့ အခု စက်သမားတွေဆိုလို့ရှိရင်လည်း ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တစ်ရက်ကို တစ်သောင်း လောက်မှ အဆင်ပြေမယ်လို့ ထင်တယ်၊ ဘာပြုလို့လဲဆိုတော့ ကုန်ဈေးနှုန်းကလည်း အခုနောက်ပိုင်းမှာ ပြန်ပြန်တက်တက်လာတယ်၊ ကျသွားတယ်ဆိုတာ အခုချိန်အထိ မရှိသေးဘူးလေ၊ အဲဒါကြောင့်မို့ပါ”
ဒဂုံဆိပ်ကမ်းမြို့နယ် အထည်ချုပ်စက်ရုံက အလုပ်သမားသမဂ္ဂ ခေါင်းဆောင် မငြိမ်းအေးကလည်း စစ်ကောင်စီအမိန့်နဲ့ တိုးလာတဲ့ ထောက်ပံ့ကြေးက ကန်စွန်းရွက် တစ်စည်းဖိုးပဲ ရှိတယ်လို့ ပြောပါတယ်။
“သူတို့က လုပ်ခလစာ တစ်ထောင် တိုးပေးတယ်လို့သာ ပြောတာပေါ့နော်။ ချဉ်ပေါင်ရွက် တစ်စည်းဖိုးပဲရှိတယ်။ ဘူးညွှန့် တစ်စည်းတစ်ထောင်၊ ချဉ်ပေါင်ရွက် တစ်စည်းတစ်ထောင်နဲ့က ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အမှန်မှာတော့ လုပ်ခလစာကို ဒါ့ထက်မက တိုးပေးစေချင်တယ်။ ဝန်ထမ်းတွေအတွက် စားဝတ်နေရေးနဲ့ တစ်ထောင် တိုးပေးတဲ့ပုံစံက ဘယ်လိုမှ အဆင်မပြေနိုင်ဘူး၊ အလုပ်သမားတွေအတွက် ပြောရမယ် ဆိုရင် လုပ်ခလစာ အနည်းဆုံး ရှစ်ထောင်လောက် ဆိုရင်တောင်မှပဲ အဆင်ပြေဦးမယ်၊ အဲဒါတောင် ရှစ်သုံးလီ - နှစ်ဆယ့်လေး နှစ်သိန်းလေးသောင်းပဲ ရှိသေးတာ၊ အခုချိန်မှာ ဆန်တစ်အိတ်တောင် တစ်သိန်းကျော် ပေးဝယ်စားနေရတာ၊ သိပ်ပြီး အဆင်မပြေဘူးပေါ့၊ တိုးပေးတဲ့တစ်ထောင်က ကန်စွန်းရွက် တစ်စည်းဖိုးပဲ ရှိတယ်၊ ဒီငွေနဲ့ အသားငါး ဝယ်ဖို့ အနားတောင် မကပ်နိုင်ဘူး”
တစ်နိုင်ငံလုံး စက်ရုံတွေမှာရှိတဲ့ အလုပ်သမားတွေအတွက် အနည်းဆုံး လုပ်ခလစာဟာ အမေရိကန် ဒေါ်လာ သုံးဒေါ် လာအထက် ရှိသင့်တာမို့ ကျပ်တစ်သောင်းအထိ တိုးပေးဖို့ လိုအပ်တယ်လို့ သွေးစည်း ညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် (STUM) ရဲ့ ဦးဆောင်သူ ဖြစ်တဲ့ ဒေါ်မျိုးမျိုးအေးက RFA ကို ပြောပါတယ်။
“STUM အနေနဲ့ကတော့ တစ်သောင်း တောင်းထားပါတယ်၊ မနှစ်ကတည်းက တစ်သောင်း တောင်းဆိုထားတာပါ၊ ဘာကြောင့်လဲဆိုတော့ တက်လာတဲ့ ကုန်ဈေးနှုန်း ရယ်၊ Exchange Rate ငွေလဲနှုန်းကို တွက်ပြီးတော့ ပြောတာပါ၊ အနိမ့်ဆုံး လုပ်ခလစာ ဆိုတာက နိုင်ငံတိုင်း နိုင်ငံတိုင်း သုံးဒေါ်လာရဲ့ အထက်ကို ရှိရမယ်၊ ရှိသင့်တယ်ပေါ့၊ ဒါမှလည်း လုပ်သားတစ်ယောက်က သူ့ရဲ့ စားဝတ်နေရေး လိုအပ်ချက်ကို ကာမိမယ်လို့ ယူဆတဲ့အတွက်ကြောင့်မို့ သုံးဒေါ်လာရဲ့အထက်ကို တောင်းဆိုထားတာပါ”
မြန်မာနိုင်ငံမှာ အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်၊ မေလမှာ အနည်းဆုံး အခကြေးငွေ နှုန်းထားကို ၃၆၀၀ ကျပ်ကနေ ၄၈၀၀ ကျပ်အဖြစ် တိုးမြှင့် သတ်မှတ်ပေးခဲ့တာပါ။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အနည်းဆုံး လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်း ဆိုတဲ့ အလုပ်သမားတချို့ အလုပ်ထုတ်ခံရတာအပြင် ဆန္ဒပြသူတွေလည်း ဖမ်းဆီး အရေးယူ ခံရတာတွေ ရှိခဲ့ပါတယ်။