မြန်မာ့အရေး အိန္ဒိယချဥ်းကပ်မှုပုံစံ ပြောင်းလာကြောင်း လေ့လာသူတွေပြော
2024.09.26
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ လာမဲ့နိုဝင်ဘာလထဲမှာ ကျင်းပဖို့ရှိနေတဲ့ နှီးနှောဖလှယ်ပွဲကိုတက်ရောက်ဖို့ စစ်ကောင်စီကိုဆန့်ကျင်တဲ့ နိုင်ငံရေးနဲ့ စစ်ရေးအတိုက်အခံတွေကို ဖိတ်ကြားလိုက်တာက အိန္ဒိယအစိုးရအနေနဲ့ မြန်မာ့အရေးမှာ ချဥ်းကပ်မှု ပုံစံပြောင်းလာတာလို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
အစိုးရ ရန်ပုံငွေနဲ့ကျင်းပမဲ့ အိန္ဒိယကမ္ဘာ့ရေးရာကောင်စီ (ICWA) ရဲ့ နှီးနှောဖလှယ်ပွဲကို တက်ရောက်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ အာရက္ခတပ်တော် (AA) တို့ကို ဖိတ်ကြားထားတယ်လို့ ရိုက်တာသတင်းက စက်တင်ဘာ ၂၃ ရက်နေ့က ဖော်ပြခဲ့တာပါ။
ဒီပွဲကို စစ်ကောင်စီဘက်က ကိုယ်စားလှယ်တွေကိုပါ ဖိတ်ကြားထားတာ ရှိ မရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို RFA က ဒီနေ့ အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။
RFA ရဲ့ သတင်းအရင်းအမြစ်တစ်ခုကတော့ ဒီလိုတွေ့ဆုံဖို့အတွက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ ဦးဆောင်တဲ့အဖွဲ့က ပြင်ဆင်နေပြီး ဒီပွဲဖြစ်မြောက်ဖို့အတွက် အိန္ဒိယ ကမ္ဘာ့ရေးရာကောင်စီ (ICWA) က ကြီးကြပ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
“အိန္ဒိယအစိုးရဟာ မြန်မာ့အရေးမှာ အခြေခံမူမပြောင်းသေးပေမဲ့ မြေပြင်မှာလက်တွေ့ကျမဲ့ ချဥ်းကပ်မှုပုံစံကို ပြောင်းလာတာပါ”
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ် ခေါင်းစဥ်နဲ့ဆွေးနွေးဖို့အတွက် စစ်ကောင်စီ အတိုက်အခံအဖွဲ့တွေကို ကိုယ်စားလှယ်သုံးဦးစီ တက်ရောက်ဖို့ စက်တင်ဘာ ၁၇ ရက်နေ့က ဖိတ်ကြားခဲ့တာလို့လည်း ဆိုပါတယ်။
ဒီတွေ့ဆုံပွဲကို လက်ရှိအချိန်ထိ ချင်းအမျိုးသား တပ်ဦး (CNF) ကသာ တက်ရောက်ဖို့ စာရင်းပေးထားပြီး ကျန်တဲ့အဖွဲ့တွေကတော့ တုံ့ပြန်စာရင်းပေးလာတာ မရှိသေးဘူးလို့ RFA ရဲ့ သတင်းအရင်းအမြစ်က အတည်ပြုပါတယ်။
ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး NUG နဲ့ AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ အခုချိန်မှာ ဖြေကြားစရာ မရှိသေးဘူးလို့သာ တုံ့ပြန်ပါတယ်။
မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ စစ်ကောင်စီရဲ့ အတိုက်အခံ အင်အားစုတွေကိုတွေ့ဆုံဖို့ ပြင်ဆင်လာတာဟာ အိန္ဒိယအစိုးရအနေနဲ့ မြန်မာ့အရေးမှာ မူဝါဒ ပြောင်းလဲလာတာလို့ သုံးသပ်ပါတယ်။
“နိုင်ငံရေးဆိုတာ ဒီလိုပဲဗျ။ အာဏာချိန်ခွင်လျှာတွေကို အမြဲစောင့်ကြည့်နေရတာ ဖြစ်တာကို။ အဲဒီတော့ အိန္ဒိယအနေနဲ့ မြန်မာ့အရေးမှာ မူဝါဒတွေ ပြောင်းလဲလာတယ်လို့လည်း ပြောလို့ရနိုင်တာပေါ့နော်။ အဲဒီတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားမှာလည်း အဖိတ်ခံရတဲ့အဖွဲ့တွေအတွက်တော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်စရာပေါ့ဗျာနော်။ ဟို နွေဦးတော်လှန်ရေး တစ်ခုလုံးအပေါ်မှာလည်း အင်မတန်ကောင်းတဲ့ ဂယက်ကို ရိုက်စေမှာပါနော်”
အိန္ဒိယ-မြန်မာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ India For Myanmar အဖွဲ့ တာဝန်ခံ ဆလိုင်းဒိုခါရ်ကလည်း အိန္ဒိယအနေနဲ့ မြန်မာအရေးမှာ အခုလို ချဥ်းကပ်မှုပုံစံ ပြောင်းလဲလာတာကို ကြိုဆိုတယ်လို့ RFA ကို ပြောပါတယ်။
“သုံးနှစ်ကျော်ကျော် လေးနှစ်နီးပါးအထိ အိန္ဒိယက တိတ်ဆိတ်လာရာကနေ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးဝါဒတစ်ခု၊ တကယ့် အမှန်တကယ် နိုင်ငံရေးအဖြေရှာနိုင်ရေးအတွက် အသင့်တော်ဆုံး စီမံချက်တစ်ခုကို ချမှတ်နိုင်ဖို့၊ ချမှတ်ပြီးသားရှိလာလို့ ဒီလိုချဥ်းကပ်လာမှုတွေ ပြောင်းလဲတယ်လို့ ကျွန်တော်တို့ မျှော်လင့်တာပေါ့နော်။ ဒီထက်မက အကောင်းဘက်ကနေပြီးတော့မှလည်း အင်မတန်လည်း ကြိုဆိုတယ်။ ကျေးဇူးလည်း တင်ပါတယ်ခင်ဗျ”
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယအစိုးရအနေနဲ့ စစ်ကောင်စီ အတိုက်အခံ တော်လှန်ရေးအင်အားစုတွေကို တွေ့ဆုံဖို့ပြင်ဆင်လာတာဟာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။
အခုလို ဖိတ်ကြားခံရတဲ့ အဖွဲ့အစည်းတွေအားလုံးဟာလည်း အိန္ဒိယနယ်စပ်မှာ နယ်မြေစိုးမိုးမှုတွေရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေ ဖြစ်ပါတယ်။
“CNF၊ KIA၊ NUG ကိုဖိတ်တာက ချင်းပြည်နယ်နဲ့ အိန္ဒိယနယ်စပ်က ပြဿနာတွေအတွက် ဆွေးနွေးဖို့ဖြစ်နိုင်ပါတယ်”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူတစ်ဦးကတော့ အိန္ဒိယအစိုးရဟာ မြန်မာ့အရေးမှာ အခြေခံမူမပြောင်းသေးပေမဲ့ မြေပြင်မှာလက်တွေ့ကျမဲ့ ချဥ်းကပ်မှုပုံစံကို ပြောင်းလာတာလို့ သုံးသပ်ပါတယ်။
“ကျွန်တော့်ရဲ့ အမြင်ကကျတော့ သူ့ (အိန္ဒိယ) ရဲ့ အခြေခံမူဝါဒကကျတော့ မပြောင်းသေးဘူး။ သို့သော် ဒီလိုဖိတ်ကြားတဲ့အပေါ်မှာကျတော့ သူတို့ချဥ်းကပ်မှုပုံစံပေါ့နော်။ ချဥ်းကပ်မှုပုံစံက တစ်မျိုးတစ်မည် ပြောင်းလာနိုင်တဲ့သဘောလို့ ပြောချင် ပြောလို့ရတယ်။ နောက်တစ်ခုက အခုအနေအထားမှာကျတော့ အိန္ဒိယနယ်စပ် အားလုံးလိုလိုက ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရော၊ PDF တွေ ထိန်းချုပ်မှုအောက်မှာ အများအပြား ရောက်ရှိနေတဲ့အခါကျတော့ ဒီအိန္ဒိယအနေနဲ့ မြေပြင်မှာ လက်တွေ့ကျနိုင်တဲ့ဗျူဟာကို သုံးသလားပေါ့။ အဲဒီလိုမျိုးတော့ သုံးသပ်လို့ရမယ် ကျွန်တော်ထင်တယ်”
နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ အိန္ဒိယက စစ်ကောင်စီ အတိုက်အခံတွေကို အခုလို ဖိတ်ကြားလာတာဟာ ကုလားတန်မြစ် စီမံကိန်းအနီးတစ်ဝိုက်ကို AA အဖွဲ့က ထိန်းချုပ်ထားတာကြောင့် ဖြစ်သလို CNF၊ KIA၊ NUG ကိုဖိတ်တာက ချင်းပြည်နယ်နဲ့ အိန္ဒိယနယ်စပ်က ပြဿနာတွေအတွက် ဆွေးနွေးဖို့ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။
ဆက်နွှယ်သော သတင်းများ
မြန်မာစစ်တပ်ကျူးလွန်မှုတွေကို အိန္ဒိယ အားပေးကူညီနေကြောင်း JFM ထုတ်ပြန်
မြန်မာ့အရေး အိန္ဒိယအစိုးရ မူဝါဒပြောင်းဖို့လိုကြောင်း လေ့လာသူပြော
စစ်ကောင်စီကို ပံ့ပိုးမှုရပ်တန့်ဖို့ အိန္ဒိယအစိုးရကို India For Myanmar အဖွဲ့ တောင်းဆို
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်းကတော့ အတိုက်အခံအင်အားစုတွေကို အခုလို ဖိတ်ကြားတာဟာ အိန္ဒိယနိုင်ငံမှာ ကျင့်သုံးနေတဲ့ ဖယ်ဒရယ်စနစ်ကို လေ့လာသင်တန်းပေးဖို့ အိန္ဒိယအစိုးရက အဓိကရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
“ကျွန်တော်မြင်တာက သူ့ရဲ့မူလရည်မှန်းချက်ကတော့ အိန္ဒိယဖက်ဒရယ်နဲ့ပတ်သက်လို့ သူတို့ သင်တန်းပေးမယ်။ အိန္ဒိယမှာရှိတဲ့ ဖက်ဒရယ် ဘယ်လိုလုပ်နေသလဲဆိုတာ လေ့လာကြဖို့ သင်တန်းပေးမယ်ပေါ့။ ဒါ သူတို့ရဲ့ အဓိကရည်ရွယ်ချက်ပဲ။ ဆိုတော့ အဲဒီကာလမှာမှ အခုလက်ရှိ ကျွန်တော်တို့ မြန်မာပဋိပက္ခနဲ့ပတ်သက်ပြီး နည်းနည်းချဲ့ထွင်စဥ်းစားတာပေါ့ဗျာ။ သူနဲ့နယ်စပ်နီးနေတဲ့ ဒီတိုင်းရင်းသား သူပုန်အဖွဲ့တွေကလည်း ဘာခေါ်မလဲ ပါရင်ပိုကောင်းမယ် ဆိုတဲ့ဟာမျိုး သူတို့စဥ်းစားတာဗျ”
နိုင်ငံရေးနဲ့ စစ်ရေး အတိုက်အခံတွေကို အိန္ဒိယကတွေ့ဆုံဖို့ ဖိတ်ကြားတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ သဘောထားအမြင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ အိန္ဒိယရဲ့လုပ်ရပ်ဟာ တရုတ်နိုင်ငံနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ သဘောထားကွဲလွဲနေမှုမှာ ကြားဝင် အမြတ်ထုတ်လိုက်တာဖြစ်တယ်လို့ ဝေဖန်ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာကတော့ မြန်မာ့အရေးကိုဖြေရှင်းရာမှာ သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ လမ်းဖွင့်ထားကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အခုနှစ်၊ ဇွန် ၂၆ ရက်နေ့က လက်ခံတွေ့ဆုံချိန်မှာ ပြောကြားထားပါတယ်။