အိန္ဒိယနဲ့ မြန်မာစစ်ဘက်ဆက်ဆံရေး

စမ်းစမ်းတင်(ဝါရှင်တန်ဒီစီ)
2023.06.02
အိန္ဒိယနဲ့ မြန်မာစစ်ဘက်ဆက်ဆံရေး ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ရခိုင်ကမ်းရိုးတန်းရေပြင်တွင် စစ်ကောင်စီရေတပ် စစ်ရေးလေ့ကျင့်နေစဉ်။
Photo: Myanmar Military

လူနေရပ်ကွက်ထဲမှာ အိမ်နီးချင်း မကောင်းရင် နောက်တစ်နေရာ ပြောင်းနိုင်ပေမဲ့ နိုင်ငံဖြစ်နေရင် နေရာမပြောင်းနိုင်ဘဲ လူထုအတွက် အိမ်နီးချင်းကောင်းဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ လူထုဆန္ဒကို မျက်ကွယ်ပြု၊ လူထုကို ဖိနှိပ်တဲ့ အုပ်ချုပ်သူနဲ့ ဆက်ဆံရေး ကောင်းမွန်ရင် ကိုယ်ကျိုးစီးပွားကိုကြည့်တဲ့ တရုတ်နဲ့ အိန္ဒိယဟာ စစ်ကောင်စီအတွက် အိမ်နီးချင်းကောင်းတွေ ဖြစ်နေပါတယ်။

စစ်ကောင်စီအတွက် အိမ်နီးချင်းကောင်း အိန္ဒိယဟာ စစ်အာဏာသိမ်းချိန်ကစလို့ အစိုးရပိုင်နဲ့ ပုဂ္ဂလိကပိုင်ကုမ္ပဏီတွေက မြန်မာစစ်ကောင်စီကို အမေရိကန်ဒေါ်လာ ၅၁ သန်းဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ တင်ပို့ပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews မေ ၁၇ ရက်က ထုတ်ပြန်တဲ့ ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ သေမင်းတမန် လက်နက်ကုန်သွယ်ရေးဆိုတဲ့ အစီရင်ခံစာမှာ အဲဒီလို ဖော်ပြတာပါ။

လက်နက်တွေ၊ စစ်ဘက် အရပ်ဘက်သုံး ပစ္စည်းတွေ၊ လက်နက် ထုတ်လုပ်ရာမှာ သုံးတဲ့ကိရိယာတွေနဲ့ ကုန်ကြမ်းတွေကို စစ်ကောင်စီဆီပေးပို့တာလည်း ဖြစ်ပါတယ်။

၂၀၁၈ မှာ လေတပ်အတွက် တစ်ပတ်ရစ် ခေါ်ခေါ် တစ်ပတ်နွမ်းခေါ်ခေါ် သူ့တပ်မှာ သုံးပြီးသား HJT-16 Kiran-1 လေ့ကျင့်ရေးနဲ့ အပေါ့စား တိုက်ဂျက်လေယာဉ် ခြောက်စင်းပေးပို့ပါတယ်။ စစ်အာဏာထပ်သိမ်းတဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်မှာ အိန္ဒိယ အစိုးရပိုင် Bharat Electronics Limited (BEL) က အဝေးထိန်း လေကြောင်းကာကွယ်ရေးစနစ် ရေဒါနည်းပညာ တင်ပို့ပါတယ်။

ကုလအထူးသံထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ၂၀၂၁ စစ်အာဏာမသိမ်းခင် အရပ်သားအစိုးရ လက်ထက်မှာ သဘောတူခဲ့တဲ့အတိုင်း ပေးပို့တာလို့ အိန္ဒိယကိုယ်စားလှယ်က ပြောတဲ့အကြောင်း ပါရှိပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်ကို ရည်ညွှန်းပြောကြားတာဖြစ်ပြီး ဒါနဲ့ ပတ်သက်လို့ နယူးဒေလီမှာ သီတင်းသုံးနေထိုင်နေတဲ့ ရှစ်လေးလုံးကျောင်းတိုက်ဆရာတော် ဦးအဂ္ဂမိန့်တာကတော့

“သူတို့အပေါ်ကျရောက်လာမယ့် ရာဇဝတ်မှုတွေကို အရပ်သား အစိုးရကို လွှဲချတာပဲ။ အရပ်သားအစိုးရ လက်အောက်မှာ ကာကွယ်ရေး ဝန်ကြီးဌာနရှိနေတာမဟုတ်ဘူး။ ဒီစကားက ရှေ့နောက်လည်းမညီပါဘူး။ ဆီလျော်မှုလည်း မရှိပါဘူး။”

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews အစီရင်ခံစာမှာ အိန္ဒိယဟာ စစ်ကောင်စီကို လက်နက်တွေ ဆက်လက်ပေးပို့နေတယ်လို့ ဖော်ပြပါတယ်။

၂၀၂၂ စက်တင်ဘာမှာ အိန္ဒိယအစိုးရပိုင် Bharat Electronics ဟာ စစ်ကောင်စီကို အဝေးထိန်း လေကြောင်းကာကွယ်ရေးစနစ်ပေးပို့တာကိုထောက်ပြပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံမှာ အိန္ဒိယနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေကို ထောက်ခံခဲ့ပေမဲ့ ၁၉၉၀ နှစ်ပိုင်းတွေမှာ အိန္ဒိယက မြန်မာစစ်အစိုးရကို ချဉ်းကပ်ပုံ ပြောင်းလာပါတယ်။ ဒါကြောင့်လည်း ကာလတိုလေးသာ ရပ်တည်ခဲ့တဲ့ အရပ်သား အစိုးရမတိုင်ခင် ဆယ်စုနှစ်တွေချီပြီး နှစ်နိုင်ငံ စစ်တပ်ချင်း ဆက်ဆံခဲ့တာလို့ ဆရာတော်က မိန့်ပါတယ်။

သူ့ အရှေ့မျှော်ဝါဒ၊ နယ်စပ်ခြုံရေး၊ စီးပွားရေး၊ တရုတ်နဲ့ အားပြိုင်မှု စတဲ့ အကြောင်းအရာတွေကြောင့် သူ့အကျိုးစီးပွားတွေကြောင့်လည်း မြန်မာစစ်တပ်နဲ့ နီးစပ်လာတာလို့ တချို့က သုံးသပ်ပါတယ်။
အခုလို အိန္ဒိယက ဒီမိုကရေစီ အင်အားစုတွေကို မထောက်ခံတော့တာကလည်း အာဏာရပါတီအပေါ် မူတည်တယ်လို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) သဘာပတိ ဆလိုင်းကျုံးဘိခ်ထောင်း (Salai Ceu Bik Thawng) က ပြောပါတယ်။

“BJP (Bharatiya Janata Party) ပါတီကသာ ဗဟိုမှာ အစိုးရမဖွဲ့ဘဲနဲ့ Congress (Indian National Congress) ပါတီလိုမျိုးသာ အစိုးရဖြစ်ခဲ့မယ်ဆိုရင် ဒီထက် အများကြီးတော့ ကွာခြားမှာပဲ။ သူတို့ရဲ့ Foreign Policies (နိုင်ငံခြားရေး မူဝါဒ) တွေကလည်း မတူဘူးလေ။ ၈၈ အရေးအခင်းတုန်းကဆိုရင် တော်လှန်ရေး အုပ်စုတွေကို တရားဝင် ရပ်တည်ပေးခဲ့တယ်။ အဲဒီတုန်းက Congress ပါတီ ဖြစ်တာကိုး။ BJP ပါတီနဲ့ အခု မိုဒီရဲ့ နိုင်ငံရေးရပ်တည်ချက်ပေါ်မှာလည်းပဲ အများကြီးမူတည်တယ်လို့ ကျွန်တော်ကတော့ မြင်တယ်”

မြန်မာ့ဒီမိုကရေစီရေး အားပေးထောက်ခံခဲ့တဲ့ အိန္ဒိယဟာ မြန်မာစစ်တပ်နဲ့ တစ်စတစ်စ ပိုဆက်ဆံလာချိန်၊ အရပ်သား အစိုးရလက်ထက်ကာလ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာမှာ ဆိုဗီယက်ရေတပ်အတွက် ဆောက်လုပ်တဲ့ Kilo-class ရေငုပ်သင်္ဘောတစ်စင်းကို မြန်မာနိုင်ငံကို ပေးအပ်တာကလည်း ရေတပ်ကို ပေးခဲ့တာလို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။