အိန္ဒိယ- မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေတာကြောင့် ဒေသခံတွေ ခက်ခဲ

RFA Burmese
2024.08.12
အိန္ဒိယ- မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေတာကြောင့် ဒေသခံတွေ ခက်ခဲ ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဆက်သွယ်ထားသည့် ရိဒ်- ဇိုခေါ်ဒါရ် ဂိတ်တံတားအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာပြည်တွင်းကို စားနပ်ရိက္ခာနဲ့ လောင်စာဆီ သယ်ယူနေတဲ့ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွေကို အိန္ဒိယအာဏာပိုင်တွေက ပိတ်ပင်ထားတာကြောင့် ကုန်စည်၀ယ်ယူဖို့ ခက်ခဲနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် ပြည်မနဲ့ လမ်းပန်းဆက်သွယ်ရေး ပိုခက်ခဲလာတဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒေသခံတွေဟာ အိန္ဒိယဘက်ကနေ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးနဲ့ စက်သုံးဆီတွေကို အိန္ဒိယဘက်ကနေ ၀ယ်ယူတင်ပို့နေကြတာ ဖြစ်ပါတယ်။

"အိန္ဒိယကုန်ပစ္စည်း စားသောက်ကုန်၊ အခြေခံစားသုံးကုန်တွေ အဲဒါတွေ မရောက်နိုင်တာက၊ နယ်စပ်တစ်ကြောမှာ နေထိုင်တဲ့ ဒေသခံတွေအတွက် အများကြီး ခက်ခဲမှုရှိတာပေါ့"

အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံကို စစ်ကိုင်းတိုင်း တမူးမြို့မှာ တမူး-မိုရေး နယ်စပ်ကုန်သွယ်ရေး အမှတ် (၁) နဲ့ ချင်းပြည်နယ်ဘက်က ရိခေါ်ဒါရ်-ဇိုခေါ်ဒါရ် ကုန်သွယ်ရေး အမှတ် (၂) နယ်စပ်ဂိတ်နှစ်ခုကို တရား၀င်ကုန်သွယ်ခွင့် ပြုထားတာပါ။

မိုရေး-တမူး နယ်စပ်ဂိတ်ကိုတော့ ကိုဗစ် ၁၉ စဖြစ်ကတည်းက အိန္ဒိယဘက်က ပိတ်သိမ်းခဲ့ပြီး နှစ်ဖက်ကုန်သွယ်ရေး ရပ်တန့်နေတာဖြစ်ပါတယ်။ ကျန်တဲ့ဂိတ်တွေပါ ထပ်ပိတ်ခံထားတာကြောင့် အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေတယ်လို့ တမူးမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

“နယ်စပ်ကုန်သွယ်ရေး အခြေအနေလည်း ပိတ်တာက တစ်ကြောင်းပေါ့၊ အိန္ဒိယကုန်ပစ္စည်း စားသောက်ကုန်၊ အခြေခံစားသုံးကုန်တွေ အဲဒါတွေ မရောက်နိုင်တာက၊ နယ်စပ်တစ်ကြောမှာ နေထိုင်တဲ့ ဒေသခံပေါ့နော်၊ သူတို့အတွက် အများကြီး ခက်ခဲမှုရှိတာပေါ့။ လုပ်ငန်း၊ အလုပ်အကိုင်ကလည်း ရှားပါးတော့ အခြေခံလူတန်းစားတွေအတွက် အလုပ်မရှိ အကိုင်မရှိဆိုတော့ ကုန်ဈေးနှုန်းလိုက်မြင့်နေတော့ သူတို့အတွက် အများကြီးခက်ခဲတယ်”

မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးအမှတ် (၂) နယ်စပ်ဂိတ်ဖြစ်တဲ့ ရိဒ်နယ်စပ်ဂိတ်ကို အိန္ဒိယအာဏာပိုင်တွေက ဇူလိုင်လ ၂၅ ရက်နေ့ကစပြီး ဩဂုတ် ၇ ရက်နေ့အထိ ပိတ်ထားဖို့ ကြေညာထားပေမဲ့ ဩဂုတ် ၁၂ ရက်နေ့အထိ ပြန်မဖွင့်ပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဆက်သွယ်ထားသည့် ရိဒ်- ဇိုခေါ်ဒါရ် ဂိတ်တံတားအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဆက်သွယ်ထားသည့် ရိဒ်- ဇိုခေါ်ဒါရ် ဂိတ်တံတားအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဒီလိုပိတ်ပင်မှုကြောင့် ရိခေါ်ဒါရ်မြို့မှာ ကုန်ဈေးနှုန်းမြင့်တက်နေပြီး အရင်ထက် ဈေးနှစ်ဆလောက်နဲ့ စားသုံးကုန်ပစ္စည်းတွေကို ၀ယ်ယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာဘက်ကနေ တရားမဝင် ကုန်စည်စီးဆင်းမှုတွေကို စစ်ဆေးရေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အိန္ဒိယအာဏာပိုင်တွေဘက်က ပိတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရိခေါ်ဒါရ်မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားသလို ဒေသကာကွယ်ရေးအဖွဲ့-ဟွာလ်ငိုရမ်က ထိန်းချုပ်ထားပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတာ ဖြစ်ပါတယ်။

CDF ဟွာလ်ငိုရမ်အဖွဲ့ရဲ့ ပြောခွင့်ရသူ ကိုဂျွန်ကတော့ အိန္ဒိယဘက်က ကုန်သွယ်ရေးကို အားကိုးနေရတဲ့ ဒေသခံတွေအတွက် မီဇိုရမ်အစိုးရက တစ်စုံတစ်ရာ ကူညီဖို့ မျှော်လင့်နေပါတယ်။

"မီဇိုရမ်အစိုးရကတော့ ကျွန်တော်တို့ကို အမြဲတမ်းကူညီတဲ့သူဖြစ်တဲ့အခါကျတော့ ဒီ ဆန်၊ ဆီ၊ ဆားတွေကတော့ ကျွန်တော်တို့ ရနိုင်မဲ့နည်းလမ်းတွေရှိမယ်လို့ မျှော်လင့်တယ်။ ကျွန်တော်တို့ မှီခိုနေတဲ့တံတားကလည်း ကုန်စည်စီးဆင်းမှု သူတို့ပိတ်တော့ နည်းနည်းတော့ အခက်အခဲရှိတာပေါ့။ အကျပ်အတည်းအခြေအနေမှာ အခုလောလောဆယ်ရှိတာပေါ့နော်"

အဲဒီဂိတ်ကနေတစ်ဆင့် မြန်မာဘက်ခြမ်းက ကုန်စိမ်းတွေ အိန္ဒိယကိုတင်သွင်းပြီး အိန္ဒိယဘက်က ဆန်၊ ဆီ၊ ဆား စတဲ့ စားသောက်ကုန်တွေကို ပြန်တင်ပို့နေတာဖြစ်ပါတယ်။

မီဇိုရမ်ဒေသခံတွေလည်း မြန်မာဘက်ကတင်ပို့တဲ့ ကုန်စိမ်းသီးနှံတွေကို အဓိကစားသုံးတာကြောင့် နယ်စပ်ဂိတ်ကို ရေရှည်ပိတ်ရင် နှစ်ဖက်လုံး ထိခိုက်နစ်နာမှာ ဖြစ်တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်ရဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံက ပြောပါတယ်။

"တကယ်လို့သာ ဒီနယ်စပ်ကုန်သွယ်ရေးသာပိတ်ချလိုက်မယ်ဆိုရင် သူတို့ဘက်မှာလည်း ရပ်တည်နိုင်ဖို့ခက်ခဲ သွားနိုင်တယ်ဆိုပြီး သူတို့ကိုယ်တိုင်ကလည်း သုံးသပ်ထားတာရှိတယ်။ ဒီဒေသခံ ပြည်သူတွေကလည်း သုံးသပ်ထားတာရှိတယ်။ ဆိုတော့ ဒီဟာကတော့ အကြာကြီးပိတ်ဖို့ အဆင်မပြေလောက်ဘူး ထင်တယ်။ ဒီဟာ အကြာကြီး ပိတ်မယ်ဆိုရင် မီဇိုရမ် ဒေသခံပြည်သူတွေနဲ့ မီဇိုရမ်အစိုးရကြားမှာ ပြဿနာ တစ်စုံတစ်ရာ သက်ရောက်သွားနိုင်တယ်လို့ သုံးသပ်ရပါတယ်"

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ပြည်တွင်း ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေတာပါ။ ဒါကြောင့် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ကနေ ကုန်ပစ္စည်းတွေကို အဓိက ၀ယ်ယူသုံးစွဲနေကြတာဖြစ်ပါတယ်။

လောင်တလိုင်ဒေသမှာ ဩဇာကြီးတဲ့ ဗဟိုလိုင်လူငယ်အဖွဲ့ (CYLA) က ဇွန် ၂၄ ရက်နေ့ကစပြီး ကုန်ပစ္စည်းသယ်ယူတင်ပို့မှုကို ကန့်သတ်ပိတ်ပင်ခဲ့ပြီး ဇူလိုင်လမှာ အခြေခံစားသောက်ကုန်တွေ အပါအဝင် ကုန်စည်တချို့ကို သယ်ယူခွင့် ပြန်ခွင့်ပြုခဲ့ပေမဲ့ စက်သုံးဆီနဲ့ မြေဩဇာတွေကိုတော့ ဆက်လက်ကန့်သတ်ထားတာ ဖြစ်ပါတယ်။

CYLA အဖွဲ့၏ စစ်ဆေးရေးဂိတ်တွင် တားမြစ်ခံလိုက်ရသည့် ဆီတင်ယာဉ်တစ်စီးအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့က တွေ့ရစဥ်။ (Photo: The Lairam Times)
CYLA အဖွဲ့၏ စစ်ဆေးရေးဂိတ်တွင် တားမြစ်ခံလိုက်ရသည့် ဆီတင်ယာဉ်တစ်စီးအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့က တွေ့ရစဥ်။ (Photo: The Lairam Times)

ဒီလိုကန့်သတ်မှုတွေကြောင့် သွားလာရေး ခက်ခဲနေပြီး စားသောက်ကုန်သယ်ယူရာမှာလည်း ဒုက္ခရောက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပလက်၀ ဒေသခံတစ်ဦးက ပြောပါတယ်။

"CYLA ပေါ့၊ လိုင်လူငယ်အစည်းအရုံးအဖွဲ့အစည်းအနေနဲ့ ကုန်စည်နဲ့ စားနပ်ရိက္ခာနဲ့ လောင်စာဆီ အကုန်လုံး ပိတ်တဲ့ အနေအထားမှာ စားနပ်ရိက္ခာတွေက သယ်ယူလို့ရတယ်ဆိုတဲ့ ဖြေလျှော့မှုအပိုင်းတွေရှိတယ်။ ပလက်ဝ နယ်မြေကို ထိန်းချုပ်တာ အာရက္ခတပ်တော် (AA) ပေါ့လေ၊ AA ဘက်က လမ်းပိတ်တာမရှိဘူး၊ လမ်းပိတ်တာကို ကောင်းကောင်းလေးဖြေလျှော့ပေးမှပဲ ပလက်ဝဒေသခံတွေ အဆင်ပြေနိုင်မှာ ဖြစ်တယ်"

ဗဟိုလိုင်လူငယ်အဖွဲ့ကတော့ လောင်တလိုင်ကနေ တားမြစ်ထားတဲ့ လောင်စာဆီနဲ့ မြေဩဇာတွေ သယ်ယူရင် အရေးယူမယ်လို့ ဩဂုတ် ၇ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။


ဆက်နွှယ်သောသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ်က ရိဒ်နယ်စပ်ဂိတ် ယာယီပိတ်

ရခိုင်ဒေသအတွက် စက်သုံးဆီနဲ့ အခြေခံစားကုန်သယ်ယူမှုကို အိန္ဒိယလူငယ်အဖွဲ့ တားမြစ်

နယ်စပ်ဖြတ်ကျော်ခွင့်ပြုမိန့် မူဝါဒသစ်ကြောင့် နယ်စပ်ဝင်ထွက်ခွင့် ခက်ခဲ


လောင်တလိုင်ဒေသကနေ သယ်ယူတဲ့ကုန်ပစ္စည်းတွေကို အာရက္ခတပ်တော် (AA) က ချင်းလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ ရိက္ခာအဖြစ် အသုံးပြုနေတယ်လို့ စွပ်စွဲထားပြီး သယ်ယူခွင့်ပိတ်ပင်ခဲ့တာပါ။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးရဲ့ ဒုတိယအတွင်းဝန် ရီတာ မီးနာ (Reeta Meena) ကတော့ အိန္ဒိယအစိုးအနေနဲ့ သတ်မှတ်ထားတဲ့ နယ်စပ်ဖြတ်ကျော် ဂိတ်တွေကတစ်ဆင့် သွားလာခွင့်ပြုထားပြီး အဲဒီအထဲမှာ တမူး-မိုရေး၊ ရိခေါ်ဒါရ်-ဇိုခေါဒါရ်နဲ့ ဇိုရင်ပွီ-ပလက်ဝ ပါ ပါဝင်တယ်လို့ RFA ကို အီးမေးလ်နဲ့ ပြန်လည်ဖြေဆိုပါတယ်။

တကယ်လို့ ကန့်သတ်ချက်တွေရှိရင်လည်း မြန်မာဘက် ဒါမှမဟုတ် ဒေသဆိုင်ရာအာဏာပိုင်တွေကြောင့် ဖြစ်နိုင်တယ်လို့လည်း ရီတာ မီးနာက အီးမေးလ်ကနေ ပြန်လည်ဖြေဆိုထားပါတယ်။

(မှတ်ချက် - ဤသတင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက တုံ့ပြန်ဖြေကြားချက်ကို ထပ်မံ ဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။