အိန္ဒိယအရှေ့မျှော်ဝါဒနဲ့ မြန်မာ့အရေး

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2023.02.27
အိန္ဒိယအရှေ့မျှော်ဝါဒနဲ့ မြန်မာ့အရေး ၂ဝ၁၉ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့ နေပြည်တော်တွင် တွေ့ဆုံစဉ်။
Myanmar Military

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံတုန်းက မြန်မာ့ဒီမိုကရေစီရေးကို အင်တိုက်အားတိုက် ထောက်ခံခဲ့ပေမယ့် အခုတော့ အိန္ဒိယနိုင်ငံဟာ သူ့အကျိုးစီးပွားကို ဦးစားပေးတဲ့အတွက် ကမ္ဘာ့မျက်နှာစာမှာ မျက်နှာပန်းမလှတဲ့ ၂၀၂၁ အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်ဆံရေး ကောင်းမွန်နေပါတယ်။

အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒအတွက် နိုင်ငံရဲ့ အရှေ့ဘက်အကျဆုံး မြန်မာနိုင်ငံဟာ အရေးပါလှပါတယ်။ အရှေ့ဘက်ခြမ်းက အိမ်နီးချင်းနိုင်ငံတွေနဲ့ ကောင်းကောင်းမွန်မွန် ပိုဆက်စပ် ပိုဆက်သွယ်နိုင်ရင် အိန္ဒိယအရှေ့မြောက်ဘက် ကုန်းတွင်းပိတ်ပြည်နယ်တွေအတွက် အထောက်အကူ ဖြစ်ပါတယ်။

ဒီကုန်းတွင်းပိတ်ပြည်နယ်တွေနဲ့ တခြားနိုင်ငံတွေ ဆက်သွယ်နိုင်ရင် အိန္ဒိယက ကျန်တဲ့ဒေသတွေနဲ့လည်း ဆက်သွယ်နိုင်ရုံမက ကုန်းတွင်းပိတ်ပြည်နယ်တွေလည်း ပင်လယ်ထိ လမ်းပွင့်ပါမယ်။ ဒါကြောင့် ကုန်းတွင်းပိတ်ပြည်နယ်တွေကို ကုန်းတွင်းသာမက ပင်လယ်နဲ့ပါ ဆက်သွယ်နိုင်ဖို့နယ်စပ်ချင်း ကီလိုမီတာ ၁၇၀၀ ထိစပ်နေတဲ့ မြန်မာနိုင်ငံက အိန္ဒိယအတွက် အထူးအရေးကြီးပါတယ်။

ဒီအတွက် ကုလားတန်မြစ်ဘက်စုံစီမံကိန်းက အိန္ဒိယအတွက် အရေးကြီးပြီး အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းစီမံချက်၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး အစီအစဉ်၊ အိန္ဒိယ-မြန်မာ နယ်စပ်ဖွံ့ဖြိုးရေးတွေလည်း ရှိနေပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာရှိ ပုန်ကန်ခြားနားနေတဲ့ အဖွဲ့တွေကို နှိမ်နင်းဖို့ အိန္ဒိယအစိုးရဟာ မြန်မာစစ်တပ်နဲ့ အဆင်ပြေအောင် ဆက်ဆံရမယ့် အနေအထားမှာလည်း ရှိပါတယ်။ ဒီလိုအကြောင်းတွေရှိတဲ့အတွက်လည်း ကမ္ဘာ့လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံဖြစ်ပေမယ့် ဒီမိုကရေစီရောင်နီဦးကို ဖျက်ဆီးလိုက်တဲ့ စစ်ကောင်စီနဲ့ ဆက်ဆံမပျက် ရွှေလမ်းငွေလမ်းပွင့်မြဲ ပွင့်နေတာပါ။

ဒါနဲ့ ပတ်သက်လို့ India For Myanmar အဖွဲ့တာဝန်ခံ ဆလိုင်းဒိုခါရ် က ....

“အာဏာမသိမ်းခင် အိန္ဒိယဆက်ဆံရေးပုံစံမျိုးအတိုင်းပဲ စကစကိုလည်း တရားဝင်အစိုးရပုံစံမျိုးနဲ့ တောက်လျှောက်ဆက်ဆံခဲ့တာကို တွေ့ရတာပေါ့လေ။ ပြောရမယ်ဆိုရင် ရုရှားတို့၊ တရုတ်တို့ကိုတောင် ကျော်လွန်ပြီးတော့မှ စကစကို အရမ်း နီးနီးကပ်ကပ်ဆက်ဆံတဲ့ ကမ္ဘာ့အကြီးဆုံး အိမ်နီးချင်း ဒီမိုကရေစီ နိုင်ငံဖြစ်နေတဲ့ အနေအထားဖြစ်တယ်”

အိန္ဒိယ အရှေ့မျှော်အိပ်မက်ထဲက ဒေါ်လာ ၄၈၄ သန်းကုန်ကျမယ့် ကုလားတန်မြစ် ဘက်စုံစီမံချက်ကို ၂၀၀၈ က စတင်ပါတယ်။

india004.jpg
ကုလားတန်မြစ်ကြောင်းစီမံကိန်းတွင် အသုံးပြုရန် အိန္ဒိယအစိုးရ၏ ကုန်ကျငွေဖြင့် တည်ဆောက်ထားသည့် ကုန်တင်ရေယာဉ်များအား ၂ဝ၁၇ ခုနှစ်က တွေ့ရစဉ်။ (Photo: RFA)

ကလကတ္တားလို့ ခေါ်တွင်ခဲ့တဲ့ ကိုးကတ်တား ကနေ ရခိုင်ပြည်နယ် စစ်တွေကို ရေလမ်းခရီးက ရောက်ပြီး စစ်တွေကနေ ကုလားတန်မြစ်ကို ဆန်တက်တာနဲ့ ချင်းပြည်နယ်၊ ပလက်ဝကို ရောက်ပါမယ်။ ပလက်ဝကနေကုန်းလမ်းနဲ့ အိန္ဒိယ-မြန်မာနယ်စပ်ကို ရောက်နိုင်တဲ့အတွက် အိန္ဒိယအရှေ့မြောက်ပိုင်းက ကုန်းတွင်းပိတ်ပြည်နယ်တွေနဲ့ ရေကြောင်းလမ်းကို ဆက်သွယ်ပေးလိုက်တဲ့ သဘောရှိပါတယ်။

အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမအတွက် ဒေါ်လာ ဘီလီယံ ၁၇ဝ လျာထားပြီး အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် မိုရေးမြို့က နေမြန်မာနိုင်ငံကို ဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်ထိ ဆက်သွယ်ပါမယ်။

အိန္ဒိယ-မြန်မာ နယ်ခြားဒေသ ဖွံ့ဖြိုးရေး စီမံချက်ကို ၂၀၁၇ က စတင်ပြီး ဒေါ်လာ ၂၅ သန်းကုန်ကျပါတယ်။ ချင်းပြည်နယ်နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လမ်းတံတားနဲ့ကျောင်းတွေ ဆောက်လုပ်ဖို့ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှာ ချင်းပြည်နယ် ကိုးမြို့နယ်နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက သုံးမြို့နယ်မှာ အကောင်အထည်ဖော်နိုင်တယ်လို့ အိန္ဒိယက ORF Observer Research Foundation သုတေသနစာစောင်က ဖော်ပြပါတယ်။

india009.jpg
အိန္ဒိယနိုင်ငံက တည်ဆောက်ထားသည့် စစ်တွေဆိပ်ကမ်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

၂၀၁၇ မှာ ဖြစ်ပွားတဲ့ ရခိုင်ပြည်နယ်အရေးအခင်းမှာ နေရပ်ရွှေ့ပြောင်းရတဲ့ ရိုဟင်ဂျာတွေအတွက် နေထိုင်ဖို့ အိမ်အလုံး ၂၅၀ ကို ၂၀၁၉ မှာ အိန္ဒိယက လွှဲပြောင်းပေးအပ်ထားပြီးဖြစ်ပါတယ်။

ဒေါ်လာ ၂၅ သန်းအကုန်အကျခံမယ့် စီမံချက်အရ ကျောင်းနဲ့လမ်း တည်ဆောက်ရေးလုပ်ငန်းက ဆက်လက်အကောင်အထည် ဖော်နေတယ်လို့ ဆိုပါတယ်။

ကုလားတန်မြစ် ဘက်စုံစီမံကိန်းမှာ ပါရှိတဲ့ စစ်တွေရေနက်ဆိပ်ကမ်းဆောက်လုပ်ရေးက ပြီးစီးသွားပေမယ့် ကုန်းတွင်းလမ်းပိုင်းတွေ အပြီးမသတ်နိုင်သေးပါဘူး။ ကိုဗစ်ကပ်ရောဂါကြောင့် လုပ်ငန်းနှောင့်နှေးရတဲ့အပြင် စစ်အာဏာသိမ်းပြီးနောက် လုံခြုံရေးကိစ္စပါ ပါလာပါတယ်။

india005.jpg
အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန် ဗနီမိုဟန်ကွာရာနှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ (Photo: Myanmar Military)

အိန္ဒိယရဲ့အရှေ့မျှော်ဝါဒ ပီပီပြင်ပြင်အကောင်အထည်ဖော်နိုင်ဖို့ တောအသွယ်သွယ် တောင်အထပ်ထပ်သာမက မြစ်ချောင်းတွေပါ ဖြတ်ရမှာမို့ လမ်းတွေဖောက် တံတားတွေ ဆောက်လုပ်ရပါတယ်။

မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေနဲ့ယှဉ်ရင် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍပိုင်းမှာ ခေတ်နောက်ကျကျန်နေတဲ့အတွက် လုပ်ငန်း မတွင်ကျယ်ဘူးလို့ ဆိုပါတယ်။ ပွင့်လင်းမြင်သာမှုမရှိတဲ့အပြင် နယ်စပ်လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကလည်း ပိုများလာပြီး ကုန်ကျစရိတ်ပိုများလာပါတယ်။

အရှေ့-အနောက် ဆက်သွယ်တဲ့ စီးပွားရေးစင်္ကြံ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ လမ်းကြောင်းတွေမှာ ဂိတ်ကြေးတွေကို တရားဝင်ရော တရားမဝင်နည်းနဲ့ပါ အဆင့်ဆင့်ပေးဆောင်နေရလို့ အကုန်အကျလည်းများ နှောင့်လည်းနှောင့်နှေးရပါတယ်။

အိန္ဒိယအရှေ့မျှော်ဝါဒအတွက် အရေးပါလှတဲ့ ချင်းပြည်နယ်ဟာ စစ်ကောင်စီကို တော်လှန်ခုခံအားကောင်းတဲ့ ပြည်နယ်တစ်ပြည်နယ်လည်း ဖြစ်နေပြန်ပါတယ်။

နိုင်ငံတကာမျက်နှာစာမှာ အိန္ဒိယနဲ့ စစ်ကောင်စီအလွမ်းသင့်နေတာ မြင်နေရပေမယ့် အိန္ဒိယရဲ့အရှေ့မျှော်ဝါဒ နောက်ကွယ်မှာ အခက်အခဲတွေက ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။