စစ်ကောင်စီကို အိန္ဒိယနဲ့ ထိုင်းရေနံကုမ္ပဏီတွေ လေယာဉ်ဆီတင်ပို့နေ
2023.03.17

အာဏာသိမ်းစစ်တပ်ရဲ့ နည်းဗျူဟာထဲ လေကြောင်းက တိုက်ခိုက်ရေးက အရေးပါပြီး ဒါကို အကောင်အထည်ဖော်ဖို့ လေယာဉ်လောင်စာဆီကို ပြည်ပက ရရှိနေပါတယ်။
စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုတွေကျူးလွန်နေလည်း လေယာဉ်လောင်စာဆီတွေ ဆက်လက်ဖြန့်ဖြူးနေတဲ့ ကုမ္ပဏီတွေရှိနေတာ ထပ်တောင်တွေ့ရတယ်လို့ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ဗြိတိန်အခြေစိုက် Global Witness နဲ့ Burma Campaign UK တို့က မတ်လဆန်းမှာ ပြောကြားပါတယ်။
ဒီလို လေယာဉ်လောင်စာဆီရှိနေတဲ့အတွက်လည်း စစ်ကောင်စီဟာ လေကြောင်းက တိုက်ခိုက်နေတာမို့ ပြည်တွင်းနေရပ်ရွှေ့ပြောင်းရသူဦးရေ ပိုများလာမယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရ စောနန္ဒဆူးက ပြောပါတယ်။
စစ်ကောင်စီအတွက် လေယာဉ်လောင်စာဆီ ဖြည့်ဆည်းပေးနေတဲ့ ဆွစ်ဇလန်နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Puma Energy က မြန်မာနိုင်ငံက နုတ်ထွက်တော့မယ်လို့ မနှစ်က အောက်တိုဘာမှာ ကြေညာခဲ့ပေမယ့် စစ်တပ်ကို လောင်စာဆီ ဝယ်ယူတင်သွင်းပေးနေတဲ့ ပြည်တွင်းက Shoon Energy ကို ဒီဇင်ဘာမှာ အပြီးသတ်ရောင်းချပေးခဲ့ပါတယ်။ တစ်လက်က နောက်တစ်လက်ကို ပြောင်းပေးတာမို့ စစ်ကောင်စီဟာ လေယာဉ်လောင်စာဆီ ရမြဲရနေတာလည်း ဖြစ်ပါတယ်။
အဲဒီ Puma Energy သမိုင်းကို ပြန်ကြည့်ရင် ၁၉၂၀ ပြည့်နှစ်မှာ အာဂျင်တီးနားမှာ ရေနံစိမ်း အရောင်းအဝယ်လုပ်တဲ့ CGC က စပါတယ်။ နောက် ကိုးနှစ်အကြာ ၁၉၂၉ ခုနှစ်မှာ Puma အမှတ်တံဆိပ် ရေနံပေါက်ဖွားလာပြီး အာရှတိုက်ကို ၂၀၁၂ မှာမှ စတင်ဝင်လာချိန်မှာ စင်ကာပူမှာ ရုံးခန်းဖွင့်ပါတယ်။
စင်္ကာပူဟာ ပွဲစားနိုင်ငံလို့လည်း သိကြပြီး မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတွေ၊ ကပစ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံတွေအတွက် ကုန်ကြမ်းတွေတင်ပို့ဖို့ စင်္ကာပူက ကြားခံနိုင်ငံအဖြစ် ပါဝင်နေတယ်လို့ ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ SAC-M က ဇန်နဝါရီ ၁၆ ရက်တုန်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒါကို ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျင်းပတဲ့ ပါလီမန်မှာ အတိုက်အခံ အမတ်တစ်ယောက်က မေးမြန်းတဲ့အခါ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်က ငြင်းပါတယ်။ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းမရောင်းချတာ နှစ်အတော်ကြာပြီလို့ နိုင်ငံခြားရေးဝန်ကြီးဟောင်း George Yeo က ၂၀၀၇ ကပြောခဲ့သလို ခု ၁၆ နှစ်ကြာလာချိန်ထိ ဒီအတိုင်းပါပဲလို့ ဖြေကြားခဲ့ပါတယ်။
စစ်ကောင်စီကို စစ်လက်နက်လွှဲပြောင်းပေးပို့တာ တားမြစ်ဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ပြောပါတယ်။ စင်ကာပူမှာ မဟာဗျူဟာအရ အရေးပါတဲ့ နည်းပညာနဲ့ ကုန်ပစ္စည်းတွေ လွှဲပြောင်းပေးအပ်တာ၊ ကြားဝင် ဝန်ဆောင်မှုပေးတာတွေကို ထိန်းချုပ်ထားတဲ့ ဥပဒေရှိပြီး ပို့ကုန်သွင်းကုန်တွေကို တင်ပြရတယ်လို့လည်း ပြောပါတယ်။
တကယ်လို့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေတင်ပို့တယ်ဆိုရင် အထူးသတိထားစောင့်ကြည့်ပါတယ်။ ကျွန်တော်တို့က ဒီထက်မက ဆောင်ရွက်ပါတယ်။ အရပ်ဘက်သုံး ပစ္စည်းပေမယ့် လက်နက်မဲ့ ပြည်သူတွေအတွက် အန္တရာယ်ရှိတယ်လို့ ကျွန်တော်တို့က သတ်မှတ်သဘောထားရင်၊ ပြောရရင် စစ်ဘက်ရော အရပ်ဘက်မှာပါ သုံးနိုင်တဲ့ ပစ္စည်းဆိုရင်လည်း အထူးသတိထားစောင့်ကြည့်ပါတယ်လို့ ပြောသွားပါတယ်။
ကုလအရာရှိဟောင်းတွေရဲ့ အစီရင်ခံစာမှာ ပါတဲ့ စင်္ကာပူအခြေစိုက် ကုမ္ပဏီတွေထဲ Puma Energy မပါပေမယ့် လေယာဉ်လောင်စာဆီကို စစ်ဘက်ရော အရပ်ဘက်မှာပါ သုံးနေရတာပါ။ အဲဒီ Puma Energy က လက်လွှဲရောင်းချတဲ့ Shoon Energy ဟာ အရင်က Asia Sun Aviation ဖြစ်တယ်လို့ AI အစီရင်ခံစာမှာပါရှိပါတယ်။
Google မှာ ရှာကြည့်တဲ့အခါ စင်ကာပူမှာ Asia Sun Aviation ရုံးခန်းရှိနေတာကို တွေ့ရပါတယ်။

AI ၊ Global Witness နဲ့ Burma Campaign UK တို့ရဲ့ အစီရင်ခံစာမှာ စစ်ကောင်စီအတွက် တင်ပို့ဖွယ်ရှိတဲ့ Jet A-1 Grade လေယာဉ်လောင်စာဆီကို တင်ဆောင်တဲ့ Prime V ရေနံတင် သင်္ဘောဟာ ရန်ကုန်သီလဝါဆိပ်ကမ်းက အရင်က Puma Energy Aviation Sun Co. Ltd ရဲ့ ဆိပ်ခံကို မနှစ်က နိုဝင်ဘာမှာ ဆိုက်ကပ်တယ်လို့ ဖော်ပြပါတယ်။
Prime V ဟာ အိန္ဒိယနိုင်ငံ Reliance Industries Ltd of India ရဲ့ ဆိပ်ခံက ထွက်ခွာလာတဲ့ ရေနံတင်သင်္ဘောဖြစ်ပြီး ဂရိ Sea Trade Marine က ပိုင်တဲ့ သင်္ဘောဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ ဂျပန် Japan’s P&I Club မှာ အာမခံထားတယ်လို့ ဆိုပါတယ်။
Big Sea 104 ရေနံတင်သင်္ဘောကတော့ Jet A-1 Grade လေယာဉ်လောင်စာဆီတင်ဆောင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် Bangchak Corporation ရေနံချက်စက်ရုံရဲ့ ဆိပ်ခံကနေ မနှစ်က အောက်တိုဘာ ၈ ရက်က ထွက်ခွာလာပြီးနောက် သီတင်းတစ်ပတ်အကြာမှာ စောစောက ပြောတဲ့ Prime V သင်္ဘောဆိုက်တဲ့ နေရာကပဲ လေယာဉ်ဆီချပါတယ်။
Bangchak Corporation Plc က Big Sea 104 ရေနံတင်သင်္ဘောကို ပိုင်ပြီး Luxembourg အခြေစိုက် The Shipowners’ P&I Club မှာ အာမခံထားတယ်လို့ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ Global Witness နဲ့ Burma Campaign UK က ဖော်ပြပါတယ်။