စစ်ကောင်စီကို လက်နက်ရောင်းတဲ့ အိန္ဒိယ အမေရိကန်နဲ့ နီးစပ်သွားပြီလား

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2023.06.25
စစ်ကောင်စီကို လက်နက်ရောင်းတဲ့ အိန္ဒိယ အမေရိကန်နဲ့ နီးစပ်သွားပြီလား အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ အမေရိကန်ပြည်‌ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်ရှိ အိမ်ဖြူတော်တွင် ၂ဝ၂၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က တွေ့ဆုံစဉ်။
Reuters

အိန္ဒိယအစိုးရပိုင် BEL Bharat Electronics Limited ဟာ မနှစ်က နိုဝင်ဘာကနေ ဒီနှစ် ဧပြီအထိ ခြောက်လအတွင်း စစ်ကောင်စီကို အမေရိကန်ဒေါ်လာ ငါးသန်းကျော်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေ တင်ပို့တယ်လို့ မြန်မာစစ်တပ်နဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ လုပ်ငန်းနဲ့ လုပ်ငန်းရှင်တွေကို ဖော်ထုတ်နေတဲ့ JFM - Justice For Myanmar အဖွဲ့က ဇွန်လ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဖရီးဂိတ်စစ်သင်္ဘောတွေ၊ တခြားစစ်သင်္ဘောတွေ ဒါမှမဟုတ် ရေငုပ်သင်္ဘောတွေမှာ အသုံးပြုမယ့် အသံလှိုင်းသတ္ထုအကာတွေ၊ gasket ဆိုတဲ့ မယိုစိမ့်အောင်ကြားက ခံတဲ့ပစ္စည်းတွေ၊ လမ်းညွှန်ဂီယာစနစ်တွေ၊ ရေဒီယိုထုတ်လွှင့်တာနဲ့ ရေဒါတွေမှာအသုံးပြုတဲ့ ပစ္စည်းအမျိုးမျိုးတွေအပြင် စစ်မြေပြင်ဆက်သွယ်ရေးအတွက် ရေဒီယိုတွေ တင်ပို့တယ်လို့ ပြောပါတယ်။

ဒါကြောင့်မို့ အိန္ဒိယက မြန်မာစစ်ကောင်စီကို စစ်ဘက်-အရပ်ဘက်သုံး ပစ္စည်းတွေနဲ့ နည်းပညာတွေ ပေးပို့နေတာ ရပ်တန်းက ရပ်ဖို့ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျနဲ့ အမေရိကန်ပြည်ထောင်စု လေးနိုင်ငံပါတဲ့ အင်ဒို-ပစိဖိတ်ဆိုင်ရာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု Quad အုပ်စုနဲ့ တခြားမဟာမိတ်နိုင်ငံတွေက ဖိအားပေးဖို့ JFM က တိုက်တွန်းပါတယ်။

image.jpeg
၂ဝ၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၇၇ နှစ်မြောက် တပ်မတော်နေ့အခမ်းအနား စစ်ရေးပြမြင်ကွင်းတစ်ခု။ (Photo: AFP)

အိန္ဒိယသမုဒ္ဒရာမှာ ဆူနာမီရေငလျင်လှိုင်း ၂ဝဝ၄ က တိုက်သွားပြီးနောက် Quad မိတ်ဖက် အဖွဲ့ ဖွဲ့စည်းခဲ့တာပါ။ Quad မှာ အိန္ဒိယနဲ့ နီးစပ်တဲ့ ရုရှားနိုင်ငံ မပါဝင်ပါဘူး၊

Justice For Myanmar အဖွဲ့က ဒီကြေညာချက်ထုတ်ပြန်တဲ့ ဇွန်လမှာပဲ အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီဟာ Quad မှာ ပါဝင်တဲ့ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိပါတယ်။ ဒီခရီးစဉ်က ထူးခြားပြီး အိမ်ဖြူတော်မှာ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယမှာ GE ဂျက်တိုက်လေယာဉ်အင်ဂျင် ပူးတွဲထုတ်လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။

GE Aerospace နဲ့ India’s Hindustan Aeronautics Limited တို့ ပူးတွဲထုတ်လုပ်ဖို့ သဘောတူညီတာလို့ အမေရိကန် Foreign Policy ကမ္ဘာ့ရေးရာစာစောင်က ဇွန် ၂၂ ရက်မှာ ဖော်ပြပါတယ်။ အိန္ဒိယစက်ရုံတွေမှာ ထုတ်လုပ်တဲ့ ဂျက်တိုက်လေယာဉ်တွေ အတွက် သဘောတူတာဖြစ်ပြီး ဒါဟာ ရှားပါးတဲ့ နည်းပညာအလွှဲအပြောင်းပဲလို့ ဆိုပါတယ်။ အမေရိကန်အနောက်ခြမ်း San Diego အခြေစိုက် General Atomics က ထုတ်လုပ်တဲ့ ဒရုန်းမောင်းသူမဲ့ လေယာဉ်နှစ်ဒါဇင်ကျော် အရောင်းအဝယ်လုပ်ဖို့လည်း ရှိတယ်လို့ ဖော်ပြပါတယ်။

အိန္ဒိယဝန်ကြီးချုပ်ရဲ့ အမေရိကန်ခရီးစဉ်ဟာ လက်နက်ရော၊ စီးပွားရေးရော၊ နည်းပညာပါ ရုရှားကို မှီခိုနေရတာကို လျှော့ချဖို့ မျှော်မှန်းရတယ်လို့လည်း AP သတင်းက ဇွန်လ ၂၂ ရက်က ဖော်ပြပါတယ်။

တရုတ်နိုင်ငံက ရန်လိုနေတာကို ထိန်းနိုင်ဖို့ လေးနိုင်ငံပါတဲ့ Quad မိတ်ဖက်အဖွဲ့နဲ့ ဆက်ဆံရေး အားကောင်းဖို့ အိန္ဒိယက ကြိုးစားနေချိန်မှာ အမေရိကန်ကို တရားဝင် သွားရောက်တာလည်း ဖြစ်ပါတယ်။

Quad အုပ်စုနဲ့ ပတ်သက်ပြီး ဇွန် ၂၂ ရက်က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ပြောသွားတာကတော့ .... "Quad က တစ်ဆင့် ဆောင်ရွက်ဖို့ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ အရေးပါလှတဲ့ အင်ဒို-ပစိဖိတ်ဒေသ လွတ်လွတ်လပ်လပ် လမ်းပွင့်မြဲပွင့်ပြီး သာယာဝပြောရေးနဲ့ လုံခြုံရေးကို သြစတြေးလျနဲ့ ဂျပန်နိုင်ငံတွေနဲ့ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့ ဘယ်လို အတူတကွဆောင်ရွက်မလဲ ဆိုတာကိုပါ"

Quad ကို အကြောင်းပြုပြီး အိန္ဒိယနိုင်ငံဟာ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေနဲ့ နီးစပ်လာမယ့် သဘောရှိပါတယ်။ တကယ်တော့ အိန္ဒိယဟာ စစ်အေးခေတ်မှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှု၊ ရေနံ၊ နျူကလီးယားစွမ်းအင်နဲ့ အာကာသစူးစမ်းရှာဖွေရေး လုပ်ငန်းတွေအတွက် နှစ်ကာလရှည်ကြာဆက်ဆံတဲ့ ရုရှားကို မဟာမိတ်အဖြစ် ရှုမြင်ခဲ့တာပါ။

ဒါပေမဲ့ ရုရှားဟာ အိန္ဒိယရဲ့ အဓိကပြိုင်ဘက် တရုတ်နဲ့ နီးနီးစပ်စပ်ဆက်ဆံရေး တည်ဆောက်လာတာနဲ့အမျှ မိတ်ဖက်ဆက်ဆံရေးက ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာပါတယ်။ ယူကရိန်းကျူးကျော်စစ်မှာ တရုတ်နဲ့ ရုရှားဟာ ဓာတ်တူနံတူ အနောက်ကို ဆန့်ကျင်ကြတာချင်း တူတာက အကြောင်းတစ်ကြောင်း ဖြစ်ပါတယ်။

စစ်အေးကာလအတွင်း ၁၉၅၀ နှစ်လယ်ပိုင်းကစလို့ အဲဒိတုန်းက ဆိုဗီယက်ပြည်ထောင်စုနဲ့ အိန္ဒိ ဆက်ဆံရေးအားကောင်းလာခဲ့တာပါ။ ကက်ရှ်မီးယားကိစ္စ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ၁၉၆၅ မှာ အိန္ဒိယ-ပါကစ္စတန် အပစ်ရပ်ရေးအတွက် ဆိုဗီယက်က ကြားဝင်ကူညီခဲ့ဖူးပါတယ်။ ၁၉၇၁ ဒီဇင်ဘာမှာ စစ်မက်ဖြစ်ပွားတဲ့အခါ ကုလသမဂ္ဂမှာ ဆိုဗီယက်က ဗီဒိုအာဏာနဲ့ အိန္ဒိယဘက်က ရပ်ခဲ့ပါတယ်။ အမေရိကန်က အိန္ဒိယရဲ့ပြိုင်ဘက် ပါကစ္စတန်ကို ထောက်ခံခဲ့တာပါ။

ဆိုဗီယက်ပြည်ထောင်စုလက်ထက် ၁၉၇၁ မှာ အိန္ဒိယနဲ့ ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ရေးထိုးခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲတဲ့အခါ အဲဒိ စာချုပ်နေရာမှာ အင်ဒို-ရုရှား ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို ၁၉၉၃ မှာ အစားထိုးခဲ့ပါတယ်။

a3e04d31-baba-424f-8765-5c164402779e.jpeg
၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၇၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား စစ်ရေးပြမြင်ကွင်းတစ်ခု။ (Photo: AFP)

ဒီလို ရုရှားနဲ့နီးစပ်တဲ့ အိန္ဒိယဟာ ရုရှားက လက်နက်တွေ ပေးပို့နေတဲ့ မြန်မာစစ်ကောင်စီကိုလည်း လက်နက်တွေ တင်ပို့ ရောင်းချနေတာပါ။

ဒါကြောင့်လည်း စစ်ကောင်စီကို လက်နက်တင်ပို့တဲ့ အိန္ဒိယကို Quad မိတ်ဖက်နိုင်ငံတွေက ဖိအားပေးဖို့ Justice For Myanmar က တိုက်တွန်းလိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။