ရခိုင်ဒေသအတွက် စက်သုံးဆီနဲ့ အခြေခံစားကုန်သယ်ယူမှုကို အိန္ဒိယလူငယ်အဖွဲ့ တားမြစ်
2024.07.18
ရခိုင်ပြည်နယ်မှာ ၂၀၂၃ နိုဝင်ဘာလက စတင်လာတဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်က မြို့နယ် ကိုးမြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် မြန်မာပြည်မနဲ့ ဆက်သွယ်ရေးအားလုံး ပြတ်တောက်နေတာ အခုဆို အချိန် ခုနစ်လခန့် ရှိလာပါပြီ။
ဒါကြောင့် ဒေသတွင်းမှာ လိုအပ်နေတဲ့ စက်သုံးဆီနဲ့ အခြေခံစားသုံးကုန် ပြဿနာအတွက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ကနေ ပလက်ဝမြို့နယ် ကုလားတန်မြစ်ကြောင်းအတိုင်း သယ်ယူပြီး ဖြေရှင်းခဲ့ကြရတာပါ။ ဒါပေမဲ့ မီဇိုရမ်ပြည်နယ်မှာ ဩဇာရှိတဲ့ ဗဟိုလိုင်လူငယ်အဖွဲ့ (CYLA) က လွန်ခဲ့တဲ့လ လောက်ကစလို့ သယ်ယူခွင့် ပိတ်ပင်လိုက်တာကြောင့် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ စက်သုံးဆီနဲ့ အခြေခံစားသုံးကုန်ပြတ်လပ်မှုဒဏ်ကို ဆိုးဆိုးရွားရွား ကြုံလာနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စက်သုံးဆီနဲ့ ကုန်ပစ္စည်းတွေကို ဗဟိုလိုင်လူငယ်အဖွဲ့က သိမ်းဆည်းပြီး ဖျက်ဆီးတာတွေ ဆက်တိုက်ကြုံနေရပါတယ်”
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာနေထိုင်တဲ့ လိုင်ချင်းလူမျိုးစုတွေနဲ့ ဖွဲ့ထားတဲ့ ဗဟိုလိုင်လူငယ်အဖွဲ့က သူတို့ဒေသကနေ သယ်ယူတဲ့ကုန်ပစ္စည်းတွေကို အာရက္ခတပ်တော် (AA) က ချင်းလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ ရိက္ခာအဖြစ် အသုံးပြုနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ဇွန် ၂၄ ရက်နေ့ကစလို့ သယ်ယူခွင့်ပိတ်ပင်လိုက်တာပါ။
စက်သုံးဆီနဲ့ ကုန်ပစ္စည်းတွေကို ဗဟိုလိုင်လူငယ်အဖွဲ့က သိမ်းဆည်းပြီး ဖျက်ဆီးတာတွေ ဆက်တိုက်ကြုံနေရတယ်လို့ မီဇိုရမ်ပြည်နယ်ထဲကို ရောက်နေတဲ့ ရခိုင်ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
“ကုန်စည်တွေထဲမှာ စားသောက်ကုန်တွေ ပါတယ်။ လောင်စာဆီတွေ ပါတယ်။ အဲဒီမှာ ပျက်စီးလွယ်တဲ့၊ ပုပ်သိုးလွယ်တဲ့ ကုန်ပစ္စည်း တော်တော်များများကတော့ ပျက်စီးဆုံးရှုံးသွားကြပြီပေါ့ဗျာ။ နောက်တစ်ခုက ဒီဇယ်ရယ်၊ ဓာတ်ဆီရယ်ပေါ့။ အဲဒီလောင်စာဆီတွေကို CYLA က ဖျက်ဆီးလိုက်တာကလည်း ကုန်သည်တွေအတွက် အတော်လေးကို နစ်နာတယ်။ သူတို့က မီးရှို့ပစ်တာတို့၊ ဘူးတွေကိုဖောက်ပြီး သွန်ချပစ်တာတို့ တော်တော်လေးကို ရက်ရက်စက်စက်လုပ်တာ။ အခုအချိန်ထိလည်း လမ်းကြောင်းဖွင့်ပေးဖို့ တစ်စုံတစ်ရာ မကြားရသေးဘူး”
ရခိုင်ကုန်သည်တွေရဲ့ စက်သုံးဆီပေပါပုံး ခြောက်ဆယ်ခန့်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့က လောင်တလိုင်ခရိုင် တက်ပုချေရွာကနေ ဗဟိုလိုင်လူငယ်အဖွဲ့က သိမ်းယူခဲ့ပြီး ပေပါပုံး တစ်ဆယ်ကျော်ကို ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
အခုလို ပိတ်ပင်မှုတွေကြောင့် လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ ကုန်စည်ပြတ်လပ်မှုတွေနဲ့ ကြုံနေရပြီး ဒေသခံတွေ အတော်လေးကို အခက်အခဲဖြစ်နေတယ်လို့ မင်းပြားမြို့နယ် ဒေသခံ ကိုခိုင်မိုးက RFA ကို ပြောပါတယ်။
“အိန္ဒိယလမ်းပိတ်ထားတော့ ရခိုင်ပြည်တွင်းမှာ စားသောက်ကုန်ပစ္စည်းတွေ အတော်လေးကို အခက်အခဲဖြစ်သွားတယ်။ ကုန်စည်းနှုန်းတွေကလည်း အဆမတန် မြင့်တက်သွားတယ်။ အဲဒီလမ်း အဓိကဖွင့်ဖို့လိုတယ်။ အဲဒီလမ်းဖွင့်မှပဲ အဆင်ပြေမယ်လေ။ လမ်းပိတ်ထားတော့ ကုန်ကားတွေက မရောက်နိုင်တော့ ဒီမှာ ပြည်သူတွေက အခက်အခဲဖြစ်တယ်”
အလားတူပဲ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက တခြားမြို့နယ်တွေမှာလည်း အခုလို စားသောက်ကုန်နဲ့ လောင်စာဆီပြတ်လပ်မှုနဲ့ ကြုံနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မိုးဦးရာသီဖြစ်တာကြောင့် လောင်စာဆီတွေသာမရရင် လယ်စိုက်ပျိုးဖို့အတွက်လည်း အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
ဗဟိုလိုင်လူငယ်အဖွဲ့အနေနဲ့ အာရက္ခတပ်တော် (AA) ကို ဖိအားပေးဖို့တစ်ခုတည်းနဲ့ ရခိုင်ပြည်သူတွေကို အခက်အခဲကြုံအောင် မလုပ်သင့်ဘူးလို့ ရခိုင်ဝါရင့် နိုင်ငံရေးသမား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ထောက်ပြပါတယ်။
“လိုင်လူငယ်အဖွဲ့အနေနဲ့ ULA/AA က နိုင်ငံရေးအရ ဖိအားပေးချင်လို့၊ အကျပ်ကိုင်ချင်လို့ ရခိုင်ပြည်သူတွေကို ငတ်ပြတ်အောင် လုပ်တယ်ဆိုတာကတော့ ဒါက ခုတ်ရာတခြား ရှရာတခြားဖြစ်နေတယ်လို့ ပြောချင်တယ်။ ဒါက လူသားချင်းစာနာမှုအရ မလုပ်သင့်တဲ့ကိစ္စဖြစ်တယ်”
ချင်းပြည်နယ်အတွင်းမှာ AA က တိုက်ပွဲဖော်ဆောင်နေတာဟာ ချင်းလူမျိုးတွေကို တိုက်ခိုက်တာမဟုတ်ဘဲ စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် ချင်းတော်လှန်းရေး မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတာ၊ စစ်ရေးအရ ကူညီပေးနေတာသာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
ရခိုင်ပြည်နယ်ဘက် တင်ပို့မဲ့စက်သုံးဆီတွေ အိန္ဒိယလူငယ်အဖွဲ့ တားမြစ်
ရခိုင်ပြည်နယ်က မြို့တချို့မှာ ဆေးဝါးနဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ်နေ
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ထိန်းချုပ်ဖို့ AA ကြိုးပမ်းနေ
အိန္ဒိယ-မြန်မာနယ်စပ်မှာ ကုန်တင်ကား အစီးတစ်ရာကျော် ပိတ်မိနေ
အိန္ဒိယရဲ့ အကြီးဆုံးစီမံကိန်း တစ်ခုဖြစ်တဲ့ ကုလားတန်စီမံကိန်းဟာ ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေသလို နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ချင်း၊ ရခိုင်နဲ့ အိန္ဒိယဟာ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ နားလည်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“ရခိုင်ရယ်၊ မီဇိုရမ်ရယ်၊ ချင်းရယ်က တစ်ယောက်ကိုတစ်ယောက် မှီခိုပြီးနေရမှာဖြစ်တယ်။ တစ်ယောက်ရဲ့ဒုက္ခကို တစ်ယောက်က နားလည်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ပေးရင် ကောင်းတာပေါ့။ အဲဒီလိုမျိုး မဟုတ်ဘူး ဆိုလို့ရှိရင် နောင်တစ်ချိန်မှာ အိန္ဒိယအစိုးရနဲ့ ULA/AA နဲ့ပြောဆိုပြီး ကုလားတန်စီမံကိန်းကို သုံးခွင့်ရလာတယ် ဆိုလို့ရှိရင် ဒါကို ရခိုင်တွေဘက်က လက်တုံ့ပြန်တဲ့ အနေအထားတွေ ဖြစ်လာရင် မီဇိုရမ်အတွက်လည်း မကောင်းဘူး၊ ချင်းအတွက်လည်း မကောင်းဘူး၊ ရခိုင်အတွက်လည်း မကောင်းဘူး”
အခုလို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကနေ ရခိုင်ပြည်နယ်ဘက်ကို ကုန်ပစ္စည်း သယ်ယူတာတွေကို တားမြစ်ထားတာနဲ့ပတ်သက်လို့ ဗဟိုလိုင်လူငယ်အဖွဲ့ (CYLA) နဲ့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတွေကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ တစ်စုံတစ်ရာ အကြောင်းပြန်တာ မရှိပါဘူး။