အင်ဒိုနီးရှား အာဆီယံဥက္ကဋ္ဌ ဖြစ်လာရင် မြန်မာ့အရေး ဘာလုပ်ပေးလာနိုင်မလဲ

2022.09.17
Share on WhatsApp
Share on WhatsApp
အင်ဒိုနီးရှား အာဆီယံဥက္ကဋ္ဌ ဖြစ်လာရင် မြန်မာ့အရေး ဘာလုပ်ပေးလာနိုင်မလဲ ၂ဝ၂၂ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီကို တွေ့ရစဉ်။
Photo: AP

မြန်မာနိုင်ငံဟာ ဗြိတိသျှ ကိုလိုနီလက်အောက်မှာ နှစ်တစ်ရာကျော် နေထိုင်ခဲ့ရပြီးတဲ့နောက် မတူညီတဲ့ လူမျိုးစု ပေါင်းများစွာနဲ့ စုစည်းထားတဲ့ ပြည်ထောင်စုနိုင်ငံအဖြစ် လွတ်လပ်ရေး ယူခဲ့သလိုပဲ ဒတ်ချ် ကိုလိုနီတွေရဲ့ နှစ်ပေါင်း ၃၀၀ ကျော် အုပ်စိုးမှုအောက်မှာ နေခဲ့ရပြီး လွတ်လပ်ရေးရခဲ့တဲ့ အင်ဒိုနီးရှားဟာလည်း ကျွန်းစုပေါင်း များစွာက လူမျိုးစုတွေရဲ့ စုစည်း ညီညွတ်မှုကိုရဖို့ ကြိုးပမ်းအားထုတ်နေရဆဲ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံထက် ရှေ့ရောက်နေတဲ့ အောင်မြင်မှုတစ်ခုကတော့ အင်ဒိုနီးရှားနိုင်ငံမှာ ၁၉၆၅ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ဟောင်း ဆူဟာတိုဟာ ၃၁ နှစ်အကြာ၊ ၁၉၉၈ မှာ အာဏာစွန့်ပြီး ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲ ခဲ့တဲ့အတွက် အခုဆိုရင် အာရှတိုက်မှာ စံပြနိုင်ငံဖြစ်နေပါတယ်။

အာဏာရှင် ဆူဟာတို အစိုးရအုပ်ချုပ်တဲ့ ကာလအတွင်း အင်ဒိုနီးရှားနိုင်ငံမှာ အကျင့်ပျက် ခြစားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အမျိုးမျိုး ဖြစ်ပေါ်ခဲ့ပေမယ့် တစ်ဖက် မှာလည်း ထိန်းချုပ်ရခက်တဲ့ ပထဝီအနေအထားရှိတဲ့ အင်ဒိုနီးရှားနိုင်ငံကို ကွန်မြူနစ်တွေ အာဏာရလာမယ့် အလားအလာတွေ ရှိခဲ့တဲ့အတွက် ဆူဟာတို အစိုးရကို အနောက်နိုင်ငံ တွေက အားပေးထောက်ခံခဲ့တာပါ။

အဲဒီအပြင် ၁၉၉၈ ခုနှစ်မှာ အာရှစီးပွားပျက်ကပ်ဒဏ်နဲ့ နိုင်ငံတစ်ဝှမ်းမှာ မတည်ငြိမ်မှုတွေ ဖြစ်လာတဲ့နောက် အာဏာရှင် ဗိုလ်ချုပ်ဟောင်း ဆူဟာတို အာဏာစွန့်လွှတ်ခဲ့ပြီး ဒီမိုကရေစီနည်းကျ အရပ်သား အုပ်ချုပ်ရေးဖြစ်ဖို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုဆိုရင် အင်ဒိုနီးရှားမှာ စစ်သားတစ်ဦးဦး ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် စစ်တပ်ရာထူး ကနေ အရင်နုတ်ထွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

အရေးကြီးတဲ့ အချက်တစ်ခုကတော့ ပြောင်းလဲချင်စိတ်က စစ်တပ်ထဲကလာတာ ဖြစ်တယ်လို့ the Conversation အယ်ဒီတာ ဘက်ဒ် ဒါလေ ကသုံးသပ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အများပြည်သူ ဆန္ဒသဘောထား ကောက်ခံတဲ့ စစ်တမ်းတစ်ခုအရ အခုအချိန်မှာ အင်ဒိုနီးရှား စစ်တပ်ဟာ ပြည်သူလူထုရဲ့ ယုံကြည်လေးစားမှု အရှိဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှား စစ်တပ်ခေါင်းဆောင် အများအပြားဟာ အနောက်နိုင်ငံတွေမှာ ပညာသင်ကြားခဲ့သူတွေ ဖြစ်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားတဲ့ အရပ်သားအစိုးရ အုပ်ချုပ်ရေးစနစ်နဲ့ အကျွမ်းတဝင်ရှိသူတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အင်ဒိုနီးရှားနိုင်ငံမှာ စစ်တပ်က နိုင်ငံရေးမှာ ဝင်မပါဖို့ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေကို စစ်ခေါင်းဆောင်တွေကိုယ်တိုင်က လိုလိုလားလား ထောက်ခံခဲ့တာလို့ သူက သုံးသပ်ပါတယ်။

ဒီလို အတွေ့အကြုံတွေအရ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာစစ်တပ်နဲ့ စစ်တပ်ချင်း ဆက်ဆံရေး တည်ထောင်ပြီး ပြုပြင်ပြောင်းလဲရေး စံနမူနာပေးဖို့ လိုအပ်တယ်လို့လည်း အယ်ဒီတာ ဘက်ဒ် ဒါလေ ကသုံးသပ်ပါတယ်။

အထူးသဖြင့် အရပ်သား အစိုးရအုပ်ချုပ်မှုကို လက်ခံလိုက်တာကြောင့် စစ်တပ်ရဲ့ အခန်းကဏ္ဍ ယုတ်လျော့သွားမှာ မဟုတ်ဘဲ လူထုက လေးစားယုံကြည်လာသလို ပိုပြီးခိုင်မာတဲ့ အနေအထား ဖြစ်လာမှာကို သိမြင်လာလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင် တွန်းအားပေးဖို့အတွက် ဘရူနိုင်း၊ စင်္ကာပူ နဲ့ ထိုင်းနိုင်ငံ တွေကို ရောက်ပြီး ဆွေးနွေးညှိနိုင်းခဲ့ပါတယ်။ အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံချင်း ဆက်ဆံရေး၊ ဒေသတွင်းနဲ့ နိုင်ငံပေါင်းစုံဆက်ဆံရေး ပုံစံအမျိုးမျိုးနဲ့ မြန်မာ့ အရေးကိုဝင်ရောက် ဖြေရှင်းဖို့ ကြိုးစားရမှာ ဖြစ်တယ်လို့ဆိုပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေက လာမယ့်နှစ်မှာ ရွေးကောက်ပွဲလုပ်ပေးမယ်လို့ ပြောထားတဲ့ ကတိကဝတ်ကို မဖျက်အောင်ဖိအားဝိုင်းပေးဖို့ အာဆီယံခေါင်းဆောင်တွေကို အင်ဒိုနီးရှား က ဆွေးနွေးထားခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားဟာ အခုနှစ်မှာ G20 စက်မှုအင်အားကြီးနိုင်ငံများရဲ့ ထိပ်သီးညီလာခံကို ဘာလီ မြို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့အတွက် နိုင်ငံတကာစင်မြင့်မှာ နေရာယူနိုင်ခဲ့ ပါတယ်။ လာမယ့်နှစ်မှာလည်း အင်ဒိုနီးရှားဟာ အာဆီယံ ဥက္ကဋ္ဌရာထူးကို ရယူမှာ ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံရေးကို ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ်မယ်လို့ ယူဆရပါတယ်။ အင်ဒိုနီးရှားအနေနဲ့ မြန်မာ့အရေးအတွက် သီးသန့် အာဆီယံထိပ်သီး အစည်းအဝေးတစ်ခု ကျင်းပဖို့လည်း ဦးစီးဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ဆောင်းပါးရှင်ကဆိုပါတယ်။

တကယ်တော့ မြန်မာနိုင်ငံအရေးကို အာဆီယံနိုင်ငံတွေ ဘယ်လိုကိုင်တွယ်ကြမလဲဆိုတဲ့ မေးခွန်းဟာ မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင် မဖြစ်ခင်ကတည်းက အာဆီယံခေါင်းဆောင် တွေ အတွက် အကြပ်ရိုက်စေတဲ့ မေးခွန်းဖြစ်ခဲ့ပါတယ်။

indo-foreign-minister
၂ဝ၂၂ ခုနှစ် သြဂုတ်လ ၄ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီကို(ယာ) နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (ဝဲ) တို့ကို တွေ့ရစဉ်။ ( Photo: AFP)

ဒီအတွက် ပထမဆုံးနည်းလမ်းကတော့ မြန်မာစစ်ကောင်စီကို ထိတွေ့ဆက်ဆံမှု မလုပ်ပဲ ဖယ်ကျဉ်ထားဖို့ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားတဲ့အဖွဲ့တွေ၊ တိုင်းရင်းသား လူမျိုးစုတွေက ဒီနည်းလမ်းကို လှိုက်လှိုက်လှဲလှဲ ထောက်ခံကြပါတယ်။

နောက်နည်းလမ်းတစ်ခုကတော့ အာဆီယံအနေနဲ့ မြန်မာစစ်ကောင်စီအပေါ်မှာ တံခါးဖွင့် မူဝါဒကျင့် သုံးဖို့ပါ။ ပြုပြင်ပြောင်းလဲရေးအတွက် စစ်ကောင်စီရဲ့ ဦးဆောင်မှုကို အသိ အမှတ်ပြုပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်မှုကိုအားပေးဖို့ အဲဒီကနေ တဆင့် အပြောင်းအလဲတွေ ဖြစ်လာအောင် ကူညီပံ့ပိုးပေးဖို့ ဖြစ်ပါတယ်။

ဒီနည်းလမ်းကို ထိုင်းနိုင်ငံက စတင်အဆိုပြုခဲ့တာဖြစ်ပြီး အာဆီယံရဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရေးမူနဲ့လည်း ကိုက်ညီနေတဲ့အတွက် အာဆီယံအဖွဲ့အတွင်းမှာ လိုလားထောက်ခံမှု အချို့ ရှိနေတယ်လို့ အယ်ဒီတာက သုံးသပ်ပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံအရေးကို ဝင်ရောက်ဖြေရှင်းဖို့ ကြိုးစားတာမလုပ်ဘဲ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရင်းနဲ့ တဖြည်းဖြည်းချင်း အပြောင်းအလဲတွေ ဖြစ်လာဖို့ မျှော်လင့်ချက်ဖြစ်ပါတယ်။

အာဆီယံအဖွဲ့ကို စတင်တည်ထောင်စဉ်ကတည်းက ချမှတ်ခဲ့တဲ့ ရှိတဲ့ ဥပဒေမူဘောင်တွေ ဖြစ်တဲ့ ၁၉၆၇ ခုနှစ် အာဆီယံ ကြေညာချက်၊ အာဆီယံ ပဋိညဉ်နဲ့ အရှေ့တောင်အာရှ နိုင်ငံများ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်တွေနဲ့လည်း ကိုက်ညီတယ် လို့ဆိုပါတယ်။

ဒါပေမဲ့ ဒီလို စစ်ကောင်စီကို အလျှော့ပေးတဲ့န ည်းလမ်းဟာ အာဆီယံကလိုလားတဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေ အမှန်တကယ်ဖြစ်၊ မဖြစ်ဆိုတာနဲ့ ဖြစ်လာခဲ့ရင် ဒီအပြောင်းအလဲကရော ဘယ်လောက် ကြာကြာခံမလဲ ဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်ရှိနေပါတယ်။

မြန်မာနိုင်ငံဟာ အရင် စစ်အစိုးရလက်ထက်မှာ နအဖစစ်အစိုးရကို နိုင်ငံတကာက ထိတွေ့ ဆက်ဆံမှု မလုပ်ဘဲ ထားခဲ့တဲ့အချိန်မှာ အာဆီယံကတော့ မြန်မာနိုင်ငံကို အဖွဲ့ထဲ ဝင်ခွင့် ပြုခဲ့ပြီး မြန်မာစစ်အစိုးရခေါင်းဆောင်တွေကို လူရာသွင်းဆက်ဆံခဲ့ပါတယ်။ အာဆီယံက နအဖ စစ်အစိုးရနဲ့ စစ်ခေါင်းဆောင်တွေကို နေရာပေးဆက်ဆံခဲ့တာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်လာဖို့ အကြောင်းပြချက် တစ်ခုဖြစ်တယ်လို့ မြန်မာ့အရေးနဲ့ နိုင်ငံတကာအရေး လေ့လာသူတွေက သုံးသပ် ကြပါတယ်။

ဒါပေမဲ့လည်း ၂၀၁၁ ခုနှစ်မှာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာတဲ့ မြန်မာနိုင်ငံ ဟာ နောက်ဆယ်နှစ် အကြာ ၂၀၂၁ မှာ စစ်အုပ်ချုပ်ရေးအောက် ပြန်ရောက်သွားခဲ့ပါတယ်။ ဒါကို ကြည့်ရင် မြန်မာနိုင်ငံမှာ စစ်တပ်ကို နိုင်ငံရေးထဲက အပြီးတိုင်ဖယ်ထုတ်ဖို့ မလုပ်နိုင် သေးဘဲ စစ်ခေါင်းဆောင်တွေကို အလျှော့ပေးပြီး လူရာသွင်း ဆက်ဆံလိုက်လို့ ဖြစ်လာတဲ့ အပြောင်းအလဲဟာ ကြာကြာမခံကြောင်း ပြသနေတယ်လို့ the Conversation အယ်ဒီတာက သုံးသပ်ထားပါတယ်။

အခုအချိန်မှာ မြန်မာ စစ်ခေါင်းဆောင်ရဲ့ ထင်ရာစိုင်းတဲ့ လုပ်ရပ်ကို အာဆီယံခေါင်းဆောင် တွေက တော်တော် စိတ်ပျက်နေကြပြီး ဘုံသဘောတူညီချက်တွေကို မလိုက်နာခဲ့တဲ့ အတွက် သြဂုတ်လ ၃ ရက်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံကို တက်ရောက်ခွင့် မပြုဘဲထားခဲ့ပါတယ်။ ဒါကို ကြည့်ရင် အခု နောက်ပိုင်းမှာ အာဆီယံဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် ကြားဝင်စွက်ဖက်မှုမပြုရေး မူဝါဒကို အတိအကျမလို က်နာတော့မယ့် သဘောထားကို ပြသနေတယ်လို့ အယ်ဒီတာက သုံးသပ်ပါတယ်။

ဒါကြောင့် ၂၀၂၃ မှာ အာဆီယံဥက္ကဋ္ဌ ဖြစ်လာမယ့် အင်ဒိုနီးရှားအတွက် မြန်မာနိုင်ငံ အရေးဟာ ဖြေရှင်းဖို့အခက်ခဲ ဆုံးပြဿနာထဲက တစ်ခုအဖြစ် ကြုံလာရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသတွင်း ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ပတ်သက်မှုတွေကလည်း ရှိနေတဲ့ အတွက် ခက်ခဲတဲ့ လမ်းလျှောက်ရဦးမယ်လို့လည်း ထောက်ပြတယ်။ ဒါပေမဲ့ မြန်မာ့အရေး ပြေလည်အောင် ဖြေရှင်းဖို့အတွက် ပိုပြီးတိကျ ပြတ်သားတဲ့နည်းလမ်းတွေနဲ့ အာဆီယံ အသင်းဝင် နိုင်ငံတွေကို အင်ဒိုနီးရှားက အားပေးဖို့လိုအပ်တယ်လို့ the Conversation အယ်ဒီတာက သုံးသပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-09-18 03:05

ဒီသတင်းဆောင်းပါးကိုတော့ သဘောကျတယ်။