စစ်ကိုင်းတိုင်းကို အရက်စက်ဆုံးပစ်မှတ်ထား တိုက်ခိုက်နေမှုအပေါ် နိုင်ငံတကာစိုးရိမ်

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2023.04.13
စစ်ကိုင်းတိုင်းကို အရက်စက်ဆုံးပစ်မှတ်ထား တိုက်ခိုက်နေမှုအပေါ် နိုင်ငံတကာစိုးရိမ် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ စစ်ကောင်စီ၏ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအား မီးရှို့သင်္ဂြိုဟ်ပေးနေသည်ကို တွေ့ရစဉ်။
Photo: Citizen Journalist

စစ်ကိုင်းတိုင်းက ဒေသခံပြည်သူတွေကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေတာ၊ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု အသစ်တွေကြောင့် သေဆုံးနေရတာတွေအပေါ် နိုင်ငံတကာက အထူးစိုးရိမ်တုန်လှုပ်မိကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းကဒေသခံတွေအပေါ် အပြင်းထန်အရက်စက်ဆုံးပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် အသေအပျောက်အများဆုံးဖြစ်လာမှာ စိုးရိမ်နေရကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အာဏာသိမ်း စစ်ကောင်စီက ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာမှာ ကလေးငယ်တွေအပါအဝင် လူတစ်ရာကျော် သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ကျောင်းကပွဲမှာ တင်ဆက်ခဲ့ကြတဲ့ ကျောင်းသူကျောင်းသားလေးတွေ ပါဝင်ခဲ့ဖွယ်ရှိပြီး၊ NUG ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို ထောက်ခံတဲ့ပွဲ ဖြစ်တယ်လို့ ကုလသမဂ္ဂက အတည်ပြုပြောဆိုခဲ့ ကြောင်း The Sky News သတင်းက ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းဟာ လက်ရှိမှာ စစ်ကောင်စီရဲ့ ချေမှုန်းရေး ပစ်မှတ်ဖြစ်နေပြီး၊ စစ်ကောင်စီ ဆန့်ကျင်သူတွေကလည်း လှေခွက်ချည်းကျန် အလံမလှဲ တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ပြောဆိုကြပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ Volker Turk ကတော့ တိုက်ခိုက်ရေးအပေါ် ပြစ်တင်ဝေဖန်ပါတယ်။ စစ်တပ်အရာရှိတွေကလည်း တကယ်လို့ အပြစ်မဲ့ပြည်သူတွေ သတ်ဖြတ်ခံရရင် ဒါဟာအကြမ်းဖက်သမားတွေကို ထောက်ခံအားပေးဖို့ အင်အားသုံးခံရတဲ့အတွက် ဖြစ်ကြောင်း တုံ့ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြောခွင့်ရသူ ဦးကျော်ဇော်ကလည်း စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ မပစ်ခတ်ခင် ကျေးရွာတွေအပေါ် ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် လူတစ်ရာနီးပါး သေဆုံးရဖွယ်ရှိကြောင်း၊ ဒါဟာ စစ်ကောင်စီရဲ့ လူမဆန် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ဖြစ်ကြောင်း ပြောဆိုပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ် Antonio Guterres ကလည်း စစ်ကောင်စီရဲ့ အင်္ဂါနေ့က တိုက်ခိုက်မှုတွေ အပေါ် ပြစ်တင်ပြောဆိုလိုက်ပြီး၊ စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံ နဲ့ ပြည်သူတစ်ရပ်လုံးအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ထပ်မံ တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီပွဲဟာ NUG ရဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ပြည်သူ့ခုခံရေးအဖွဲ့ PDF က ကျင်းပတဲ့ အခမ်းအနားဖြစ်ကြောင်း၊ အဲ့ဒီအခမ်းအနားကို စစ်ကောင်စီဘက်က စတင်တိုက်ခိုက်ခဲ့လို့ PDF တွေ သေဆုံးခဲ့ကြောင်း၊ မြေပြင်သတင်းတွေအရ PDF တွေရဲ့ လက်နက်သိုလှောင်ခန်းကို ထိမှန်လို့ သေဆုံးသူတွေများခဲ့ကြောင်း ပြောထားပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ သေဆုံးနေရတဲ့အပေါ်၊ နော်ဝေနိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေအပါအဝင် အရပ်သားပြည်သူတွေ၊ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အသစ်တွေကြောင့် သေဆုံးနေရတာတွေအပေါ် အထူးစိုးရိမ်တုန်လှုပ်မိကြောင်း၊ အရပ်သားတွေအပေါ် တိုက်ခိုက်တာတွေအပါအဝင်၊ အကြမ်းဖက်မှု အားလုံး အဆုံးသတ်ရမှာဖြစ်ပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့အညီ နိုင်ငံတကာလူသားချင်းစာနာရေးဥပဒေကို လေးစားလိုက်နာရမှာဖြစ်ကြောင်း၊ ကလေးသူငယ်တွေ၊ ကျောင်းသူကျောင်းသားလေးတွေနဲ့အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေကို သတိပြုရှောင်ရှားပြီး၊ ကူညီပေးကြရမှာဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Turk ကလည်း ပြောဆိုပါတယ်။

အလားတူ အဝေးရောက် NUG အမျိုးသားညီညွတ်ရေးအစိုးရ ပြောခွင့်ရသူ ဦးကျော်ဇော်ကလည်း စစ်ကောင်စီဂျက်တိုက်လေယာဉ်တွေရဲ့ဗုံးကြဲမှု၊ ရဟတ်ယာဉ်တွေပေါ်ကနေ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အခုထိ ပြည်သူတစ်ရာနီးပါး သေဆုံးခဲ့ရပြီးဖြစ်လို့ ကြမ်းကြုတ် ရက်စက်မှုမျိုးစုံနဲ့ ရင်ဆိုင်နေကြရကြောင်း ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။