နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် သတင်းအစအနမရ ပျောက်ဆုံးနေ
2023.08.30
ဩဂုတ်လ ၃၀ ရက် ဒီနေ့ဟာ “ပျောက်ဆုံးသူများဆိုင်ရာ နိုင်ငံတကာနေ့” ဖြစ်ပါတယ်။
အစိုးရအဖွဲ့အစည်း ဒါမှမဟုတ် လက်နက်ကိုင်အဖွဲ့အစည်းတွေက လူတွေကို အတင်းအဓမ္မ ဖမ်းဆီးသွားပြီးနောက် သတင်းအစအန မရဘဲ ပျောက်ဆုံးနေသူတွေအတွက် တရားမျှတမှု ရရှိရေး ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂအဖွဲ့ကြီးက ဒီနေ့ကို ပျောက်ဆုံးသူများဆိုင်ရာ နိုင်ငံတကာနေ့” အဖြစ် သတ်မှတ်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်လေ့ ရှိပါတယ်။
မြန်မာနိုင်ငံမှာလည်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဟာ အခုနောက်ပိုင်း ဘယ်မှာထားမှန်းမသိ၊ သတင်းအစအန လုံးဝ မရဘဲ ပျောက်ဆုံးနေပါတယ်။
“လူငါးသိန်းကျော်ရှိတယ်ဆိုတဲ့ စစ်တပ်ကြီး အကြောက်ဆုံးက၊ အထူးသဖြင့် နိုင်ငံရေးအရ အကြောက်ဆုံး၊ အစိုးရိမ်ဆုံးက ဒေါ်အောင်ဆန်းစုကြည်ပါပဲ”
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်ထဲကနေ နေအိမ်အကျယ်ချုပ် ရွှေ့လိုက်ကြောင်း ပြီးခဲ့တဲ့လက သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ထောင်ထဲမှာပဲ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ချုပ်နှောင်ထားသလဲဆိုတာ သိနိုင်ဖို့နဲ့ သူနဲ့ အဆက်အသွယ်ရဖို့ မြန်မာစစ်တပ်ကို အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် အကြောင်း မပြန်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းက မကြာသေးခင်က RFA နဲ့ မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။
“ကျွန်တော် သိသလောက်တော့ အမေ့ကို နေအိမ်အကျယ်ချုပ် ချထားတာ မဟုတ်ပါဘူး။ ထောင်ထဲမှာပဲ ထားတာပါ။ စစ်တပ်ကတော့ ကျွန်တော့် အမေကို နေအိမ်အကျယ်ချုပ် ရွှေ့လိုက်ပြီလို့ ပြောပါတယ်။ ဒါပေမဲ့ ဘာအထောက်အထားမှ မပြနိုင်ပါဘူး။ ကျွန်တော့် အနေနဲ့ လုံးဝအဆက်အသွယ် မရှိပါဘူး။ အာဏာမသိမ်းခင်ကတည်းက ကျွန်တော် အမေနဲ့ အဆက်အသွယ် မရှိပါဘူး။ ကျွန်တော့် အမေနဲ့ အဆက်အသွယ်ရဖို့၊ ကျွန်တော့် အမေကို ဘယ်မှာဖမ်းထားလဲဆိုတာ သိရဖို့ မြန်မာစစ်တပ်ကို အကြိမ်ကြိမ် တောင်းဆို ခဲ့ပေမယ့် စစ်တပ်ဘက်က ဘာမှပြန်ပြောဆိုတာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့အခေါက်တွေက ကျွန်တော့် အမေ ရန်ကုန်မှာ နေအိမ်အကျယ်ချုပ် ချထားခံရတုန်းကဆိုရင် အဆက်အသွယ် ရပါသေးတယ်။ ဒီတစ်ခေါက်တော့ သူ့ကို ဘယ်မှာဖမ်းထားလဲ၊ ဘယ်လိုအခြေအနေထားထားလဲဆိုတာ ဘာမှကို မသိရပါဘူး။ အမေနဲ့ ကျွန်တော် လုံးဝ အဆက်အသွယ် မရပါဘူး”
စစ်တပ်က အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းမှာပဲ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မြနန်းဘုံသာလမ်းက သူနေထိုင်ရာ နေအိမ်ကို ရဲနဲ့ စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့တာပါ။
အဲဒီနေ့မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို အသိပေးပြီး အဲဒီနေအိမ်မှာပဲ နှစ်ရက်ကြာ အကျယ်ချုပ်ထားခဲ့ပါတယ်။ အဲဒီနောက် နေပြည်တော်က လျှို့ဝှက်နေရာတစ်ခုကို ပြောင်းရွှေ့ ခဲ့ပါတယ်။ အဲဒီနောက် ပုဒ်မမျိုးစုံတပ်ပြီး ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
အဲဒီကတစ်ဆင့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှာ နေပြည်တော် အချုပ်ထောင်ထဲကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီအချုပ်ထောင်မှာပဲ စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှုပေါင်းစုံအတွက် တရားရင်ဆိုင်ခဲ့ရပါတယ်။
ဒီလို နေရာတွေ အကြိမ်ကြိမ်ပြောင်းရွှေ့ခဲ့တာကို စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိဘဲ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံကတစ်ဆင့်သာ သတင်းမီဒီယာတွေက စုံစမ်းသိရှိရတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရတဲ့ သူ့ရဲ့ ရှေ့နေအဖွဲ့ကိုလည်း မီဒီယာတွေနဲ့ မေးမြန်းဖြေကြားတာမျိုး မလုပ်ဖို့ အာဏာပိုင်တွေက ပိတ်ပင်ထားပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ ရှေ့နေတွေနဲ့တောင် လူချင်းတွေ့ခွင့် မရတော့ပါဘူး။
အမှုတွေနဲ့ပတ်သက်လို့ အယူခံအဆင့်ဆင့်တက်တာတွေ ဆက်ရှိနေလို့ ရှေ့နေတွေက ၂၀၂၃ ခုနှစ် ဇန်နဝါရီလကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ဖို့ တောင်းဆိုခဲ့ပေမယ့် ဒီနေ့ထိ အကြောင်းမပြန်ဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အခုလိုမျိုး ထိန်းသိမ်းထားတဲ့ နေရာကို ထုတ်မပြောတာ၊ သူ့ရဲ့ ရှေ့နေ၊ သူ့ရဲ့ မိသားစုနဲ့ တွေ့ခွင့်မပေးတာတွေဟာ တည်ဆဲဥပဒေနဲ့ လူသားတစ်ယောက်ရဲ့ အခြေခံအခွင့်အရေး တွေကို ချိုးဖောက်နေတာလို့ ရန်ကုန်တိုင်း၊ NLD လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦး က ပြောပါတယ်။
“ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဥပဒေကြောင်းအရ အဲဒီလို လုပ်ပိုင်ခွင့်ကို မရှိတာဗျ။ နောက်တစ်ခုက ကျွန်တော်တို့ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းကို ကြားတာဆိုရင် ထိုင်း နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့တယ်ပေါ့နော်၊ တွေ့တယ်ဆိုတဲ့ အချိန်မှာတော့ နိုင်ငံတော် ဧည့်ဂေဟာမှာ တွေ့တယ်လို့ ကျွန်တော်တို့ သိထားရတယ်။ အဲဒီနောက်ပိုင်း သတင်းကို အမှောင်ချသွားတယ်။ ရှေ့နေတွေကလည်း အထက်ရုံး အယူခံကိစ္စတွေမှာလည်း ပေးတွေ့ခြင်းမရှိတဲ့အပြင် ကြားနာခြင်းကိစ္စတွေမှာလည်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားတယ်ဆိုတဲ့ ပုံစံမျိုးတွေ တွေ့ရတယ်။ ဒါတွေဟာ ပြောင်ကျကျ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဥပဒေချိုးဖောက်မှုဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်သာ၊ သိသာစေတယ်လို့ ကျွန်တော် ပြောချင်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်ဒဏ်ကျခံပြီးသားဖြစ်လို့ ထောင်ထဲမှာပဲ ရှိနိုင်မယ်လို့ ပြောပါတယ်။
“ပြစ်မှုဆိုင်ရာစွဲချက်တွေအရ ထောင်ဒဏ်ဆိုတဲ့ ကိစ္စရပ်က ချမှတ်ပြီးသား၊ အဲဒီတော့ လက်တွေ့ကျကျတွေးရင် ထောင်ထဲမှာပဲရှိမယ်။ ထောင်ဒဏ်ပေးထားတဲ့ လူတစ်ယောက်ကို အပြင်မှာ နေအိမ်အကျယ်ချုပ်ထားဖို့ တရားဥပဒေပိုင်းဆိုင်ရာအရ ကိုးလိုးကန့်လန့်တွေ ဖြစ်သွားနိုင်စရာ အများကြီး ရှိတယ်။ ဖြစ်နိုင်ခြေကတော့ တစ်နေရာရာမှာ ရှိလိမ့်မယ်။ နေအိမ်အကျယ်ချုပ်တော့ ဟုတ်ချင်မှ ဟုတ်မယ်။ အသေးစိတ်ကတော့ ထုတ်ပြန်ခြင်းမရှိတဲ့အတွက် ဘယ်သူမှတော့ ပြောနိုင်မှာ မဟုတ်ဘူး။ ဘာကြောင့် မထုတ်ပြန်လည်းဆိုတဲ့ အတိုဆုံး အဖြေက ရှင်းရှင်းလေး၊ ထုတ်ပြန်စရာ မလိုလို့ ဖြစ်ပါလိမ့်မယ်”
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေအားလုံး ပြီးပြတ်သွားရင် သူ့ကို နေအိမ်ပြန်ပို့ဖို့ စဉ်းစားမယ်လို့ ၂၀၂၂ ခုနှစ် သြဂုတ်လ ကုလအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။ အဲဒီကိစ္စ အခု တစ်နှစ်ကြာတဲ့အထိ လက်တွေ့ဖြစ်မလာဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းအစအန ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသူတွေ ရပိုင်ခွင့်ရဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းဖို့လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာထားလည်းဆိုတာ တိတိကျကျမသိပါဘူး။ သူ့သားနဲ့တွေ့ခွင့်မရတာလည်း နှစ်နှစ်ခွဲကျော်လာပြီလို့ သိရပါတယ်။ လူသားတစ်ယောက်ရဲ့ အခွင့်အရေးအရ အနိမ့်ဆုံး မိသားစုဝင်နဲ့တွေ့ခွင့်ရရပါမယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စစ်တပ်က မတရားဖမ်းဆီးပြီး သတင်းအစအနမရဘဲ ပျောက်ဆုံးနေတဲ့ ထောင်ပေါင်းများစွာအတွက် တရားမျှတမှုရဖို့ သူတို့ရပိုင်ခွင့်တွေရအောင် အားလုံးဝိုင်းပြီးဆောင်ရွက်ဖို့ လိုပါတယ်”
အရင်စစ်အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချထားခံရပေမယ့် အာဇာနည်နေ့ အခမ်းအနားတချို့ကို ကိုယ်တိုင်တက်ရောက်ပြီး ဖခင် ဗိုလ်ချုပ်အောင်ဆန်းအတွက် ဆုတောင်းခွင့် ရခဲ့ဖူးပါတယ်။ အဲဒီအခမ်းအနားတွေကို နိုင်ငံပိုင် ရုပ်သံလိုင်းတွေကနေ ထုတ်လွှင့်ခဲ့တာကြောင့် ပြည်သူလူထုက သူ့ကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာတော့ အာဇာနည်နေ့ အခမ်းအနားတွေကို ဒေါ်အောင်ဆန်းစုကြည် တက်ခွင့်မရတော့ပါဘူး။
သတင်းမှောင်ချခံထားရပြီး လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း အမြဲနားစွင့်နေတယ်လို့ ရန်ကုန်မြို့က သာမန် ပြည်သူတစ်ဦးက ပြောပါတယ်။
“လက်ရှိအနေအထားကတော့ သတင်းအမှောင် ချထားတာပေါ့နော်။ ပြည်သူတွေရှေ့မှာ သတ္တိရှိရင် မြန်မာ့အသံကနေ အမေ့ကို ရုပ်လေးတစ်ခု ထုတ်ပြကြည့်လိုက်၊ ဘာကိစ္စ အကြောင်းအရာပဲ ဖြစ်ဖြစ်ပေါ့နော်။ ပြည်သူတွေကတော့ တတ်နိုင်သလောက် အမေ့သတင်းကို အကုန် နားထောင်နေကြတာချည်းပဲ။ ဘယ်သူမဆိုပေါ့နော် အမေ့ သတင်း နားထောင်ကြတယ်။ ကျန်းမာရေး ကောင်းမွန်ဖို့ ဆုတောင်းပေးတယ် အမေ့ကို။ အဓိကတော့ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပေးပါတယ်”
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ဗိုလ်ချုပ်တွေ အကြောက်ဆုံးလူ ဖြစ်နေတာကြောင့် အခုလို သတင်းအမှောင်ချထားတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“ကျွန်တော် မြင်တာကတော့ လူငါးသိန်းကျော်ရှိတယ်ဆိုတဲ့ စစ်တပ်ကြီး အကြောက်ဆုံး က၊ အထူးသဖြင့် နိုင်ငံရေးအရ အကြောက်ဆုံး၊ အစိုးရိမ်ဆုံးက ဒေါ်အောင်ဆန်းစုကြည် ပါပဲ။ ဒေါ်စုအကြောင်းကို တတ်နိုင်သမျှ မဖော်ထုတ်ဘူး။ တစ်ချိန်တည်းမှာ လိုအပ်တဲ့ နေရာမှာ ထုတ်သုံးမယ်ဆိုတဲ့ နှစ်ခွပေါ်လစီကို စစ်ကောင်စီက ကျင့်သုံးနေတာဖြစ်တယ် လို့ ကျွန်တော်က မြင်ပါတယ်ခင်ဗျာ”
ဒေါ်အောင်ဆန်းစုကြည်ကို မမြင်ရတာ အချိန်ကြာလာတာနဲ့အမျှ မြန်မာပြည်သူတွေနဲ့ ကမ္ဘာကြီးကပါ သူ့အကြောင်း လုံးဝမေ့ပျောက်သွားအောင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီက စွပ်စွဲခဲ့တဲ့ အမှု ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။
အဲဒီနောက် ၂၀၂၃ သြဂုတ်လ ၁ ရက် စစ်ကောင်စီက အရေးပေါ်ကာလသက်တမ်း နောက်ခြောက်လ ထပ်တိုးချိန်မှာ ခြောက်နှစ် သက်သာခွင့်ပေးခဲ့တာကြောင့် လတ်တလော ဘယ်မှာထားမှန်းမသိတဲ့ နေရာကနေ ထောင်ဒဏ် ၂၇ နှစ်ကို ဆက်လက်ကျခံနေရဖို့ ရှိနေပါတယ်။