နိုင်ငံတကာအကူအညီပေးရေး အစီအစဉ် စစ်ကောင်စီ ထိန်းချုပ်မှုအောက် မရောက်သင့်
2023.05.25

အာဆီယံနိုင်ငံတွေက ပေးပို့တဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅ သန်းတန်ဖိုးရှိတဲ့ သဘာဝဘေးကူညီရေး ပစ္စည်းတွေကို မလေးရှားနိုင်ငံ ဆူဘန်းမြို့နဲ့ ထိုင်းနိုင်ငံ ချိုင်နတ်မြို့တွေမှာရှိတဲ့ ဂိုဒေါင်တွေကတစ်ဆင့် ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားတို့က စစ်လေယာဉ်တွေနဲ့ မြန်မာနိုင်ငံကို သယ်ယူပို့ဆောင်နေပြီလို့ မေလ ၂၃ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒီအကူအညီတွေကို လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးစင်တာ (AHA Centre) နဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေက လက်ခံရယူပြီး မုန်တိုင်းဒဏ်သင့် ပြည်သူတွေဆီ ပေးပို့နိုင်ရေး ဆက်လက် လုပ်ဆောင်မယ်လို့လည်း ဆိုပါတယ်။
မုန်တိုင်းကြောင့် လူသားချင်းစာနာမှု အကူအညီတွေ ကျယ်ကျယ်ပြန့်ပြန့် လိုအပ်နေချိန်မှာ အာဆီယံနဲ့ နိုင်ငံတကာ အကူအညီတွေဟာ စစ်ကောင်စီထိန်းချုပ်မှုအောက်က သွားမယ်ဆိုရင် မထိရောက်နိုင်ဘူးလို့ အမျိုးသားညီညွတ် ရေးအစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဝေဖန်ပါတယ်။
“AHA စင်တာက အခုလတ်တလောမှာတော့ စစ်ကောင်စီရဲ့ ထိန်းကွပ်မှုနဲ့ လုပ်နေတာ ဖြစ်တယ်။ လက်တွဲ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက်ကြောင့် တကယ်လိုအပ်တဲ့ ပြည်သူတွေဆီ ရောက်ဖို့တော့ မလွယ်ဘူး။ ဘာကြောင့်လဲဆိုရင် ပြည်သူကို ရန်သူလိုသဘောထားတဲ့ အကြမ်းဖက်စစ်တပ်အနေနဲ့တော့ ဘယ်လိုမှဒီကိစ္စကို ဆောင်ရွက်မှာမဟုတ်ဘူး။ ဒါကြောင့် အဲဒီထိန်းချုပ်မှုနဲ့သွားနေတဲ့ AHA စင်တာဆိုရင်တော့ သေချာတယ် ထိထိရောက်ရောက် မရောက်နိုင်ဘူး။ အဲဒီတော့ AHA စင်တာသည် လွတ်လပ်သော AHA စင်တာဖြစ်ဖို့လိုတယ်။ အာဆီယံအနေနဲ့ ပြတ်ပြတ်သားသား လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်တဲ့ AHA စင်တာဖြစ်အောင် ကြိုးစား ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ ဒါဖြစ်နိုင်တယ်ပေါ့နော်”
စစ်ကောင်စီကတော့ ကယ်ဆယ်ရေးနဲ့ အကူအညီတွေ ပံ့ပိုးတဲ့အခါ ဘေးသင့်ပြည်သူ တစ်ဦးတစ်ယောက်မှ မကျန်စေရေး မူကို လက်ကိုင်ထားပြီး ဆောင်ရွက်နေသလို AHA စင်တာအပါအဝင် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေတယ်လို့ မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။
အခုအချိန်အထိတော့ မုန်တိုင်းဒဏ်ခံရတဲ့ ပြည်သူအများစုဟာ ဘာအကူအညီမှမရဘဲ အခက်အခဲတွေ ဖြစ်နေပါတယ်။
မုန်တိုင်းဖြစ်ပြီး တစ်ပတ်ကျော်လာတဲ့အထိ သူတို့ဆီကို ဘယ်အဖွဲ့အစည်းကမှ လာရောက် ကူညီတာမရှိဘူးလို့ မုန်တိုင်းဒဏ်ခံရတဲ့ စစ်တွေမြို့နယ် သဲချောင်းလက်သမားရွာက ဦးခင်မောင်လှက ပြောပါတယ်။
“ဒီမှာရွာမှာလည်း တချို့ဆင်းရဲသားတွေက ဆန်မရှိလို့ ထမင်းငတ်တာလည်း ကျွန်တော်ကိုယ်တိုင်တွေ့တယ်။ ၁၄ ရက်နေ့စဖြစ်ပြီးတော့ အခု ၂၂ ရက်နေ့ဆိုရင် ခုနစ်ရက် ရှစ်ရက်လောက် ရှိပြီလေ။ ဘယ်အဖွဲ့အစည်းမှ ဘယ်ဌာနမှ ဘယ်အလှူရှင်ကမှ ဆန်တစ်စေ့တောင်မှရဘူး။ ရေတစ်ပုလင်းတောင်မရဘူး။ ဒီအတိုင်းဆက်ပြီး တစ်ပတ် လောက်နေမယ်ဆိုရင် ဒီကလူတွေက အသက်ဆုံးရှုံးမှု အန္တရာယ်လည်းရှိနိုင်တယ်။ အဲဒါကြောင့် အစိုးရဘက်ကပဲ ဖြစ်စေ၊ အလှူရှင်ဘက်ကပဲဖြစ်စေ ဘယ်ဌာန ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် သဲချောင်းလက်သမားရွာက ဆင်းရဲသားများကို လာပြီးတော့ ကူညီထောက်ပံ့ပေးနိုင်ဖို့ တင်ပြချင်တာပါ”
သဲချောင်းလက်သမားရွာမှာ အိမ်ခြေ ၁၂၀၀ ကျော်နဲ့ လူဦးရေ ၅၀၀၀ ကျော်နေထိုင်ပါတယ်။
စစ်တွေမြို့ မင်းဂံရပ်ကွက်က ဒေါ်ခိုင်ညိုကလည်း အကူညီတွေ ဒီနေ့ထိ မရသေးသလို မကြာခင်မှာ မိုးရာသီ ရောက်လာတော့ကြောင့် ပြိုလဲနေတဲ့ တဲအိမ်ကို မိုးမကျမီ ပြုပြင်ချင်တယ်လို့ ပြောပါတယ်။
“ကျွန်မမှာက ပိုက်ဆံမရှိဘူးလေ။ ဝယ်လို့လည်း မလုပ်နိုင်ဘူး။ မိုးရာသီ ဘယ်လို နေရမလဲဆိုတာ တွေးပူနေရတယ်။ အခု လောလောဆယ်တော့ ဘာအထောက်အပံ့မှ မရသေးဘူး။ အန်တီမှာ အစိုးရကနေ ထောက်ပံ့ရင်တော့ အိမ်နဲ့နေရမယ်။ မထောက်ပံ့ရင် အန်တီမှာ အိမ်ပြန်ဆောက်နိုင်မယ့် အခြေအနေမရှိဘူး”
နောက်ထပ် မုန်တိုင်းဒဏ်ခံရတဲ့ မြောက်ဦးမြို့နယ် တိမ်ညို စစ်ဘေးဒုက္ခသည်စခန်းမှာလည်း မုန်တိုင်းအပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ငွေကြေးထောက်ပံ့တာကလွဲလို့ စစ်ကောင်စီအပါအဝင် တခြားဘယ် အဖွဲ့အစည်းတွေဆီကမှ အကူအညီမရသေးဘူးလို့ စစ်ဘေးဒုက္ခသည်တစ်ဦးကပြောပါတယ်။
“အခက်အခဲကတော့ အလှူရှင်တွေက မရှိတဲ့အတွက်တာကြောင့် ကမ့်ထဲကလူတွေကနေ ရှိသလောက် ပျက်စီးသွားတဲ့ အပျက်အစီးတွေကို ပြုပြင်ပြီး လုပ်နေကြတယ်။ အလှူခံဌာနတွေတော့ ဖွင့်လှစ်ထားပါတယ်။ ကျွန်တော်တို့ စစ်ရှောင်စခန်းကို အာဏာပိုင်တွေဆီကတော့ လာပေးတာတော့ မရှိသေးပါဘူး”
ဒုက္ခသည်စခန်းမှာတဲအိမ် ၇၇၃ လုံးရှိတဲ့အနက် ၆၈၅ လုံးက လုံးဝပြိုကျပျက်စီးခဲ့ပြီး နောက် ၈၈ လုံးက တစ်စိတ်တစ်ပိုင်း ပျက်စီးသွားတာကြောင့် နေအိမ်တွေအားလုံး ပြန်ဆောက်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို အကူညအညီပေးရေး ကိစ္စတွေနဲ့ ပတ်သက်လို့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးစင်တာ (AHA Centre)နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့ကို RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်ခဲ့ပေမယ့် တုံ့ပြန်ဖြေကြားတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ အကူအညီပေးရေးကိစ္စတွေ အတွက် စစ်ကောင်စီနဲ့ ညှိနှိုင်းဆွေးနွေးထားသလို မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ အရေးပေါ်စားနပ်ရိက္ခာ ဝေငှတာတွေ စတင်နေပြီလို့ RFA ကို အီးမေးလ်ကတစ်ဆင့် မေလ ၂၄ ရက်မှာ ဖြေဆိုပါတယ်။
"ဒီအတိုင်းဆက်ပြီး တစ်ပတ် လောက်နေမယ်ဆိုရင် ဒီကလူတွေက အသက်ဆုံးရှုံးမှု အန္တရာယ်လည်းရှိနိုင်တယ်။"
ကုလသမဂ္ဂအနေနဲ့ မုန်တိုင်းဘေးသင့် ဒေသတွေမှာ ဆောင်ရွက်မယ့်ကိစ္စတွေနဲ့ ပတ်သက်ပြီး AHA Centre နဲ့လည်း ဆက်လက်ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မုန်တိုင်းသင့်ပြည်သူတွေကို အကူအညီပေးရေး အခြေအနေတွေကို သိရဖို့ စစ်ကောင်စီ ပြောခွင့်ရသူကို ဖုန်းနဲ့ ဆက်သွယ်ရာမှာ ဆက်သွယ်လို့မရတဲ့အတွက် စစ်တပ် အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျုဟာ လေ့လာရေးအဖွဲ့ကို ဆက်သွယ်တဲ့အခါ အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြည်ပကအကူ အညီတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက ကောင်းကောင်း ကိုင်တွယ်နိုင်တယ်လို့ ပြောပါတယ်။
“လက်ရှိတာဝန်ယူထားတဲ့ အစိုးရပိုင်းရော ရခိုင်ပြည်နယ်အစိုးရမှာရော သူတို့မှာ နည်းလမ်းအတွေ အကုန်လုံး ရှိပြီးသားပါ။ ဘာကြောင့်လဲဆိုတော့ ဘယ်လိုခွဲဝေမလဲ ဘယ်လိုပေးမလဲ၊ ဒါနဲ့ပတ်သက်ပြီး ပြင်ပကဝင်လာမယ့် အကူအညီတွေနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေရှိပြီးသား ဖြစ်ပါတယ်။ သေချာတာကတော့ နဂိုကတည်းက မြန်မာနိုင်ငံမှာ အထူးသဖြင့် သဘာဝဘေးအန္တရာယ်ကြုံပြီးတဲ့နောက် နိုင်ငံတကာ အကူအညီဘယ်လိုယူမလဲ ပြည်တွင်းက ဘယ်လိုထောက်ပံ့မလဲဆိုတာ အစီအစဉ်တွေ အကုန်ဆွဲပြီးသားဖြစ်တယ်။ ဘယ်လိုဖြစ်သွားမလဲဆိုတာတော့ စောင့်ကြည့်နေတုန်းပါပဲ”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်ကတော့ အာဆီယံနဲ့ နိုင်ငံတကာရဲ့ အကူညီတွေ ထိရောက်ဖို့အတွက် စစ်ကောင်စီတစ်ဖွဲ့တည်းနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုး မဟုတ်ဘဲ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ကတော့ NUG နဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ ဒါတွေလည်း ကျွန်တော်တို့ တိုက်တွန်းတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်လည်းပဲ ဒေသဆိုင်ရာအဖွဲ့အစည်းတွေ ရှိတာပေါ့နော်။ ရခိုင်မှာဆိုရင်လည်းပဲ AA နဲ့ သက်ဆိုင်ရာ ဒေသဆိုင်ရာအဖွဲ့အစည်းတွေ လူမှုကူညီရေးအသင်းအဖွဲ့တွေ လုပ်နေတာရှိတယ်။ တခြားမုန်တိုင်းသင့်ဒေသတွေ မှာဆိုရင်လည်း သူ့သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းတွေ ချင်းမှာဆိုရင်လည်း ချင်းအလျောက် ရှိတယ်။ ပြီးတော့ လူမှုကူညီမှုအဖွဲ့အစည်းတွေရှိတယ်။ ဒါတွေနဲ့ပဲ တိုက်ရိုက်ချိတ်ဆက်ပြီးတော့ အကူညီတွေပေးကြဖို့ အမြဲမပြတ်တိုက်တွန်း ပြောဆိုနေတာဖြစ်ပါတယ်”
စစ်ကောင်စီရဲ့ မေလ ၂၂ ရက်ထိ စာရင်းအရ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၄၈ ဦး၊ ဒဏ်ရာရ သူ ၁၃၁ ဦးရှိတယ်လို့ ထုတ်ပြန်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ တိုင်းနဲ့ပြည်နယ် ၇ ခုမှာ သေဆုံး သူစုစုပေါင်း ၄၅၅ ဦးအထိရှိလာပြီး အဲဒီထဲက ၄၃၀ ကျော်ကတော့ ရခိုင်ပြည်နယ်ကဖြစ်တယ်လို့ မေလ ၁၇ နေ့က ထုတ်ပြန်ထားပါတယ်။
မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူ ၁ ဒသမ ၆ သန်းကို ကူညီဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက အမေရိကန်ဒေါ်လာ ၃၃၃ သန်း အရေးပေါ်ရန်ပုံငွေ တောင်းခံထားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။