သုံးနိုင်ငံ မဟာဗျူဟာဦးဆောင်အဖွဲ့နဲ့ မြန်မာစစ်ကောင်စီ
2023.05.03

ဂျပန်အနေနဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံ ပြန်ပို့ရေးကိစ္စကို ထောက်ခံကြောင်း ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံက ဒုက္ခသည် တစ်သန်းနီးပါးကို လက်ခံထားရပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ဂျပန်ကြား မဟာဗျူဟာမြောက် ဆက်ဆံရေးအဖြစ် တိုးမြှင့်ခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီကိုကီရှီဒါက ထပ်မံပြောဆို လိုက်တယ်လို့ Eurasia Review သတင်းက ဖော်ပြခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေ ဆက်လက်တိုးပွားတည်ရှိနေတာဟာ ဒေသတွင်း လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်နေသလို အစွန်းရောက်ဝါဒနဲ့ နယ်စပ်ကျော် ရာဇဝတ်မှုတွေ ပိုမိုဆိုးရွားလာဖွယ်ရှိနေပါတယ်။ ဒီပြဿနာအတွက် ဘင်္ဂလားဒေ့ရှ်မှာ လစဉ်အမေရိကန်ဒေါ်လာ သန်း ၃၀၀ သို့မဟုတ် ဒေါ်လာ ၃.၆ ဘီလျံ ကုန်ကျနေရတဲ့အတွက် နိုင်ငံ့စီးပွားရေးအတွက် ကြီးမားတဲ့ ဖိအားဖြစ်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ သံတမန်ရေး အားထုတ်မှုတွေရှိခဲ့ပေမဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ပိတ်ဆို့အရေးယူတာတွေ၊ အတည်ပြုဆုံးဖြတ်ချက်တွေ၊ အမေရိကန်ပြည်ထောင်စုရဲ့ Burma Law မူကြမ်း ၂၀၂၁ ခုနှစ် ဧပြီလ၊ အချက် ငါးချက်ပါ အာဆီယံသဘောတူညီချက်၊ ရိုဟင်ဂျာအရေး စတာတွေက ဖြေရှင်းရဦးမယ့် ပြဿနာတွေ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ အနီးကပ် မဟာမိတ်တွေဖြစ်ကြတဲ့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့ကလည်း ရိုဟင်ဂျာပြဿနာ ကူညီဖြေရှင်းပေးဖို့ ကမ်းလှမ်းခဲ့ကြပေမဲ့ အကြောင်းအမျိုးမျိုးနဲ့ မအောင်မြင်ခဲ့ကြပါဘူး။
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ရဲ့ အနီးကပ်မိတ်ဆွေဖြစ်တဲ့ ဂျပန်အနေနဲ့ ရိုဟင်ဂျာပြဿနာ ဖြေရှင်းရေးမှာ ဦးဆောင်မှုကဏ္ဍက ပါဝင်သင့်တာဖြစ်ပေမဲ့ ဖြေရှင်းတဲ့နေရာမှာ မြန်ဆန်၊ လုံခြုံ၊ ဂုဏ်သိက္ခာ မပျက်ယွင်းစေရဘဲ၊ ရိုဟင်ဂျာတွေ ရခိုင်ပြန်ရောက်ဖို့ အရေးကြီးကြောင်း ဒီအတွက် ရခိုင်ပြည်နယ်မှာ ပြဿနာတွေ ကင်းရှင်းပြီး သင့်တင့်တဲ့အခြေအနေတွေ ရှိနေဖို့လိုအပ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။
၂၀၁၉ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား ရိုဟင်ဂျာကိစ္စဖြေရှင်းဖို့ ဂျပန်က အဆိုပြုခဲ့ရာမှာ ဂျပန်အနေနဲ့ အမြန်ဖြေရှင်းလိုပြီး ရှည်ကြာနေမှာကို စိုးရိမ်နေတာပါ။ ရှိတ်ဟာဆီနာအစိုးရကလည်း အင်ဒို-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးဆိုင်ရာ သဘောထားအမြင်တစ်ရပ်ကို တွေ့ဆုံဆွေးနွေးမှု နားလည်မှုတွေနဲ့ ဖော်ဆောင်ခဲ့ပါတယ်။ အရေးကြီးတဲ့ ဖော်ဆောင်ရေးနေရာတွေ အများစုက ကမ္ဘာ့ကုန်သွယ်မှုလုံခြုံရေး၊ စီးပွားရေးအခွင့်အလမ်းတွေ ရှာဖွေရေး၊ စီးပွားရေးအဆက်အသွယ်တွေ တိုးမြှင့်ရေး၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှု တုံ့ပြန်စီမံရေးဆိုင်ရာကဏ္ဍတွေမှာ ဖြစ်ပါတယ်။ အဲဒီကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂျပန် ဆုံးဖြတ်ခဲ့ကြတာပါ။
ဘင်္ဂလားဒေ့ရှ်ရဲ့ မာတာဘာရီ (Matarbari) ရေနက်ဆိပ်ကမ်းဟာ ဂျပန်နဲ့ အိန္ဒိယအတွက် အကြောင်းမျိုးစုံနဲ့ မဟာဗျူဟာကိစ္စ ဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Quad ခေါ် ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်တဲ့အဖွဲ့က တရုတ်ရဲ့ ဩဇာကို ဖက်ပြိုင်ဖို့ ရည်ရွယ်နေလို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လက ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ အိန္ဒိယကို သွားရောက်ခဲ့သလို မတ်လအတွင်းမှာပဲ ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ဘင်္ဂလားဒေ့ရှ်ကို တည်ဆောက်ရေးဆိုင်ရာ ချေးငွေအသစ် အမေရိကန်ဒေါ်လာ ၁.၂ ဘီလျံ ပေးခဲ့ပါတယ်။ နယူးဒေလီကို ရောက်ရှိစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ဂျပန်အနေနဲ့ ဘင်္ဂလားပင်လယ်အော်ကနေ အိန္ဒိယအရှေ့မြောက်ပိုင်းအထိ ဘင်္ဂလားဒေ့ရှ် - အိန္ဒိယတို့နဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ဒီအတွက် ပြီးခဲ့တဲ့လေးငါးရက်က အိန္ဒိယအရှေ့မြောက်ပိုင်း တြိပူရပြည်နယ်မှာ ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
အခုအခါ မာတာဘာရီ ရေနက်ဆိပ်ကမ်းဟာ အဆင်အပြေဆုံး ဆိပ်ကမ်းဖြစ်လာဖွယ်ရှိသလို အင်ဒို - ဂျပန်နဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာနဲ့ ဂျပန်တို့အတွက်လည်း ဒီအခွင့်အလမ်းကနေ အကျိုးအမြတ်ရရှိကြမှာ ဖြစ် ပါတယ်။ ဒီကိစ္စမှာ ဂျပန်က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့အတူ ဆောင်ရွက်နိုင်ပေမဲ့ အရင်ကတော့ ဂျပန်အနေနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ဆက်လက်ဖြစ်ပွားနေတဲ့ ရိုဟင်ဂျာပြဿနာ ဖြေရှင်းနေရတာဖြစ်ပါတယ်။
အခုအခါ ဘင်္ဂလားဒေ့ရှ်က အင်ဒို - ပစိဖိတ် မဟာဗျူဟာဘက်နဲ့ နီးကပ်လာနေပါတယ်။ တကယ်လို့ တရုတ်က သူ့ရဲ့ အနေအထားကို မကစားခင် ဂျပန်က ကစားမယ်ဆိုရင် ဂျပန်ရဲ့ဒေသတွင်းအဆင့် မြင့်တက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ - ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးတိုးမြင့်မှုနဲ့ ရိုဟင်ဂျာပြဿနာဖြေရှင်းမှုက ဂျပန်အတွက် မဟာဗျူဟာမြောက် အကျိုးရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံလုံး ဂျပန်နဲ့ စီးပွားရေးဆက်ဆံမှု ရှိနေသလို နှစ်နိုင်ငံလုံးမှာလည်း ဂျပန်က ရင်းနှီးမြှုပ်နှံမှုတွေ ကြီးကြီးမားမား ရှိနေတာပါ။ ရင်းနှီးမြှုပ်နှံသူတစ်ဦးအနေနဲ့ ဂျပန်က ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကို ရိုဟင်ဂျာပြဿနာ ဖြေရှင်းရေး ကူညီပေးဖို့ စိတ်ဝင်စားပါတယ်။ ဘင်္ဂလားဒေ့ရှ် ဖွံ့ဖြိုးတိုးတက်ရေးမှာ ဂျပန် ကုမ္ပဏီ ၃၁၀ က ကူညီ ပံ့ပိုးပေးနေတာပါ။ ဂျပန်အနေနဲ့ ရိုဟင်ဂျာကိစ္စ စတင်ခဲ့ကတည်းက ဒီပြဿနာကို တိတ်တိတ်ဆိတ်ဆိတ် ကူညီခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဂျပန်သံအမတ်ကလည်း ရိုဟင်ဂျာဒုက္ခသည် စခန်းတွေကို မကြာခဏ လာရောက်ကြည့်ရှုလေ့ရှိသလို ဂျပန်ပြည်သူတွေ မတူကွဲပြားတဲ့ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေကလည်း နေ့စဉ်လိုအပ်ချက်တွေနဲ့ ဝန်ဆောင်မှုတွေ ဖြည့်ဆည်းပေးကြကြောင်း သတင်းမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း လူ့အခွင့်အရေးအဖွဲ့ တချို့က ဂျပန်ရဲ့ ရပ်တည်ချက်ကို ပြစ်တင်ရှုတ်ချကြပါတယ်။ HRW လူ့အခွင့်အရေးအဖွဲ့ရဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာမှာ လက်ရှိအခြေအနေအပေါ် ဂျပန်အစိုးရရဲ့ အနေအထား ရပ်တည်ချက်ကို ရှုတ်ချပြစ်တင်ထားသလို Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လာရင် ဂျပန်အနေနဲ့ သမိုင်းရဲ့ မှားယွင်းတဲ့ဘက်မှာ ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။