တရုတ်-မြန်မာ လုံခြုံရေးကုမ္ပဏီ တရုတ်အကျိုးစီးပွားကို မကာကွယ်နိုင်ကြောင်း NUG ပြော
2024.11.26
တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီ ထူထောင်မဲ့အစီအစဉ်ဟာ တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်မှာမဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
"ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း" အစီအစဉ်မှာ NUG သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က ပြောလိုက်တာပါ။
"တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အကျိုးစီးပွားတွေ၊ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးတွေကို မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်ကောင်စီ အပေါင်းအပါက အကာအကွယ်ပေးနိုင်မှု မရှိတာအပြင် သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ သူတို့တွေရဲ့ လော်ဘီလှုံ့ဆော်မှုတွေကြောင့် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား၊ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးတွေကို တိုက်ရိုက်ခြိမ်းခြောက်နေပါတယ်။ ဒါကြောင့် Joint Venture Security Company ကို မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုနဲ့အတူ လုပ်ခြင်းအားဖြင့် တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်စရာအကြောင်းမရှိဘူးဆိုတာကို ထောက်ပြပြောကြားချင်ပါတယ်"
NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကသာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံတဲ့ အကျိုးစီးပွားနဲ့ လုပ်ငန်းလည်ပတ်မှုတွေမှာ ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်မယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။
"Joint Venture Security Company ကို မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုနဲ့အတူ လုပ်ခြင်းအားဖြင့် တရုတ်အကျိုးစီးပွားကို ကာကွယ်နိုင်စရာအကြောင်းမရှိဘူးဆိုတာကို ထောက်ပြပြောကြားချင်ပါတယ်"
တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းလုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ထူထောင်ဖို့အတွက် တရုတ်နိုင်ငံက စစ်ကောင်စီကို အဆိုပြုထားတာ ဖြစ်ပါတယ်။
ဒီအဆိုပြုချက်ကို သဘောတူလက်မှတ်ရေးထိုးနိုင်ဖို့ စစ်ကောင်စီက လုပ်ငန်းကော်မတီ ဖွဲ့စည်းပြင်ဆင်ထားကြောင်း မြန်မာနိုင်ငံတော်ပြန်တမ်းမှာ နိုဝင်ဘာလ ၈ ရက် နေ့စွဲနဲ့ ဖော်ပြပါတယ်။
အဲဒီ လုပ်ငန်းကော်မတီကို စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး စစ်ဥပဒေချုပ်ရုံးက အရာရှိတစ်ဦး အပါအဝင် ဌာနဆိုင်ရာ အရာရှိတွေက အဖွဲ့ဝင် ၁၃ ဦးနဲ့ ဖွဲ့စည်းထားတာပါ။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ တရုတ်-မြန်မာ ပူးပေါင်း လုံခြုံရေးကုမ္ပဏီ တည်ထောင်တာက တရုတ်စီမံကိန်းနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ဖို့အတွက်ဖြစ်တယ်လို့ ပြောပါတယ်။
"အဓိကကတော့ ဒီလုံခြုံရေးကုမ္ပဏီ သူက ပထမ စဖွဲ့စည်းတဲ့ ဦးတည်ချက်ကိုက မြန်မာ-တရုတ် နှစ်နိုင်ငံကြားမှာ နိုင်ငံတော်အဆင့် စီမံကိန်းကြီးပေါ့။ အဲဒီစီမံကိန်းကြီးအတွက် လုံခြုံရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ အဓိကအချက်ကတော့ နံပါတ်တစ်ပေါ့။ အဲဒီတော့ အခုလိုမျိုးသီးသန့်လုံခြုံရေးအဖွဲ့အစည်းကို နှစ်နိုင်ငံ ပေါင်းစည်းပြီး ဖွဲ့စည်းခြင်းအားဖြင့် ခုနပြောတဲ့ စီးပွားရေးလုပ်ငန်းတွေ သီးသန့်အတွက် လုံခြုံရေးဆိုင်ရာဆောင်ရွက်မှုမှာ သူတို့ ပိုပြီးတော့ ထိထိရောက်ရောက် လုပ်နိုင်လိမ့်မယ်။ ဒီလက်ရှိ နိုင်ငံတော်ကာကွယ်ရေး တာဝန်ယူနေတဲ့အဖွဲ့အစည်းမှာလည်း ဝန်ပေါ့သွားမှာပေါ့။ အဓိကအချက်ကတော့ အဲဒီအပိုင်းပါပဲ"
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေးအနီး၊ ၇၃ လမ်းပေါ် မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို ဗုံးနဲ့ တိုက်ခိုက်ခံရပြီး သိပ်မကြာခင်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးလုံခြုံရေးကုမ္ပဏီ ထူထောင်မဲ့ အစီအစဉ် စတင်လာတာပါ။
တရုတ်နိုင်ငံမှာ စစ်မှုထမ်းဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ (Private Security Company-PSC) နဲ့ ပုဂ္ဂလိက-စစ်ဘက်ဆိုင်ရာကုမ္ပဏီ (Private Military Company-PMC) ဆိုပြီး နိုင်ငံတကာမှာ လုပ်ကိုင်နေတာတွေ ရှိပါတယ်။
မြန်မာနိုင်ငံမှာလည်း ဒီအစီအစဉ်ကြောင့် တရုတ်စစ်သားဟောင်းတွေ မြန်မာနိုင်ငံထဲ ဝင်ရောက်လာနိုင်တယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်သူ ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
"မင်းအောင်လှိုင် ကိုင်ကိုင်ပြီး ပြောနေတဲ့ ၂၀၁၈ ခြေဥထဲမှာတော့ ဒါ မည်သည့်နိုင်ငံခြားစစ်တပ်မှ စစ်စခန်း အခြေပြုခွင့်မရ ဆိုတဲ့ဟာတော့ ရှိတယ်။ အဲဒီတော့ ဒါကြီးကိုတော့သူက ပေါ်တင်မလုပ်ရဲဘူးပေါ့။ ပေါ်တင် မလုပ်ရဲတော့ ဒီစစ်သားဟောင်းတွေပေါ့နော်။ စစ်သားဟောင်းတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ ဒါယူနီဖောင်းပြောင်းပြီးတော့ ဝင်လာမဲ့အနေအထားမျိုးလို့လည်း မြင်ပါတယ်"
စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တရုတ်စီမံကိန်းတွေကို ကာကွယ်ဖို့အတွက် မြန်မာစစ်တပ်ကို တာဝန်ပေးထားပေမဲ့ မြန်မာစစ်တပ်က မကာကွယ်နိုင်တော့တာကြောင့် အဲဒီတာဝန်တွေကို တရုတ်နိုင်ငံက လွှဲပြောင်းရယူလိုက်တာလို့ သုံးသပ်ပါတယ်။
"သူ့(တရုတ်)အကျိုးစီးပွားကို ကာကွယ်ဖို့ကိစ္စကို မြန်မာအစိုးရကို လွှဲပြောင်းထားရာကနေ တရုတ်စစ်တပ်က လွှဲပြောင်းယူလိုက်တာ။ အဲဒီအချက်အလက်က လတ်တလောအားဖြင့် ဘာမှ ပြဿနာကြီးမဖြစ်ပေမဲ့ ရေရှည်မှာတော့ တရုတ်စစ်သားတွေ မြန်မာပြည်ထဲကိုဝင်ဖို့အတွက် အစပြုတဲ့ခြေလှမ်းဖြစ်တဲ့အတွက် သတိထားဖို့ကောင်းတယ်လို့ ကျွန်တော်တို့ ထောက်ပြချင်ပါတယ်"
တရုတ်-မြန်မာ လုံခြုံရေးကုမ္ပဏီ ပူးပေါင်းတည်ထောင်မဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က နိုဝင်ဘာလ ၁၉ ရက်နေ့ကတည်းက အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ တုံ့ပြန် ဖြေကြားမှု မရှိသေးပါဘူး။
ဆက်နွှယ်သောသတင်းများ
တရုတ်ကြေးစားတပ်တွေ မြန်မာပြည်တွင်း တိုက်ပွဲတွေမှာ ပါလာမှာလား
သံရုံးတိုက်ခိုက်တဲ့သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ တရုတ်တောင်းဆို
တရုတ်စီမံကိန်းတွေကို အစွမ်းကုန်ကာကွယ်သွားမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ကတိပြု
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ ပြည်တွင်းပဋိပက္ခတွေမှာ တရုတ်စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ တရုတ်အစိုးရဘက်က အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံက တရုတ်စီမံကိန်းနဲ့ ဝန်ထမ်းတွေကို အစွမ်းကုန် ကာကွယ်သွားမယ်လို့ ကတိပြုထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဩဂုတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အမေရိကန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာန (CSIS) က တရုတ်နိုင်ငံက ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေအကြောင်း ၂၀၂၂ ခုနှစ်က ရေးသားဖော်ပြခဲ့ရာမှာ နိုင်ငံပေါင်း လေးဆယ်လောက်မှာ လုပ်ကိုင်နေတဲ့ တရုတ် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ နှစ်ဆယ်ကနေ လေးဆယ်လောက်အထိ ရှိနေတယ်လို့ ဆိုပါတယ်။