၂၀၂၄ သန်းခေါင်စာရင်းမှာ လူသန်းသုံးဆယ်လောက်သာ ကောက်နိုင်မယ်လို့ ခန့်မှန်း

RFA Burmese
2024.09.13
၂၀၂၄ သန်းခေါင်စာရင်းမှာ လူသန်းသုံးဆယ်လောက်သာ ကောက်နိုင်မယ်လို့ ခန့်မှန်း သန်းခေါင်စာရင်းကောက်ယူသည့် အကြိုလှုပ်ရှားမှုများကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ နေရာတချို့တွင် တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်မယ်လို့ စစ်ကောင်စီက သတ်မှတ်ထားတဲ့ရက်ဟာ ၁၇ ရက်ပဲ လိုပါတော့တယ်။

လာမဲ့ အောက်တိုဘာလ ၁ ရက်ကနေ ၁၅ ရက်နေ့အတွင်း ကောက်ယူမယ်လို့ စစ်ကောင်စီက ကြေညာထားတာပါ။ တောင်တန်းဒေသတွေအားလုံးအပြင် မြေပြန့်ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူးမှာ စစ်ပွဲတွေ ရှိနေပါတယ်။ ရန်ကုန်၊ ဧရာဝတီနဲ့ မန္တလေးတိုင်းရဲ့ တချို့နေရာတွေမှာပဲ တိုက်ပွဲမရှိတာပါ။

ဒါကြောင့် စစ်ပွဲမရှိတဲ့နေရာတွေက လူဦးရေ သန်းသုံးဆယ်လောက်ကိုပဲ ကောက်နိုင်လိမ့်မယ်လို့ အမည်မဖော်လိုတဲ့ CDM ညွှန်ကြားရေးမှူးတစ်ဦးက ခန့်မှန်းပါတယ်။

“ဘာလို့ သန်းသုံးဆယ်ကျော် သူတို့ရနိုင်လဲဆိုတော့ သူတို့ ထိန်းချုပ်ထားတဲ့ ဧရာဝတီတို့၊ ရန်ကုန်တို့၊ ပဲခူးတို့နဲ့ မန္တလေးအောက်ဘက်တွေပေါ့နော်၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်း၊ နေပြည်တော်နဲ့ မကွေး၊ နတ်မောက်၊ တောင်တွင်းကြီး၊ အောင်လံ ဒီတစ်ကြောပေါ့။ လူနေ ထူထပ်တဲ့ နေရာတွေရယ်၊ အသင့်အတင့် လူနေအသင့်အတင့်ရှိတဲ့နေရာတွေမို့ သန်းသုံးဆယ်လောက်အထိ ကောက်ယူနိုင်မဲ့သဘောလို့ ကျွန်တော်တို့ ခန့်မှန်းတွက်ချက်လိုခြင်းပဲ ဖြစ်တယ်”

ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း နိုင်ငံတစ်ဝန်းလုံးမှာ ကောက်ယူနိုင်သလို နိုင်ငံရဲ့ တစ်စိတ်တစ်ဒေသမှာလည်း ကောက်ယူနိုင်တာကြောင့် စစ်ဖြစ်နေတဲ့အပေါ်မူတည်ပြီး အဖြူရောင်၊ အညိုရောင်၊ အနက်ရောင်ဆိုတဲ့ နယ်မြေသုံးမျိုးခွဲခြားပြီးလည်း ကောက်ယူနိုင်တယ်လို့ သူက ပြောပါတယ်။

"တိုင်းပြည်မအေးချမ်းတဲ့အချိန်မှာပေါ့နော် ကောက်ယူတယ်ဆိုတဲ့ သန်းခေါင်စာရင်းကလည်း အချက်အလက်တွေ မှန်ကန်ဖို့မရှိပါဘူး”

ရလာမဲ့အချက်အလက်တွေ ဘယ်လောက်တိကျမှန်ကန်မလဲဆိုတာ အာမခံမဲ့ နိုင်ငံတကာ စောင့်ကြည့်ရေး အဖွဲ့တွေလည်း မရှိသေးဘူးလို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) အဖွဲ့ဝင် ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခုအခြေအနေနဲ့ဆိုရင် တော်တော်ကြီးတော့ မကိုက်ညီဘူးလို့ ပြောရပါလိမ့်မယ်။ အခုလက်ရှိ ၂၀၂၄ ကောက်တယ်။ ဘယ်သူက အသိအမှတ်ပြုမှာလဲပေါ့။ အရေးကြီးတာက ကုလသမဂ္ဂ၊ နောက်တစ်ခါ UNFPA လို့ ခေါ်တဲ့ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ပေါ့။ ဆိုတော့ အဲဒီတော့ သူတို့ အသိအမှတ်ပြုဖို့ လိုတယ်။ နောက်တစ်ခါ နိုင်ငံတကာကလည်း အသိအမှတ်ပြုဖို့ လိုတယ်”

၂၀၁၄ ခုနှစ်က သန်းခေါင်စာရင်းကောက်ယူတဲ့အခါ နိုင်ငံတကာ စံချိန်နှုန်းတွေအတိုင်း လုပ်မယ်ဆိုတဲ့ ခံဝန်ချက်ကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံတကာအကူအညီတွေရှိခဲ့ပေမဲ့ လက်ရှိမှာတော့ တရုတ်နိုင်ငံကလွဲပြီး နိုင်ငံတကာရဲ့ အကူအညီမရနိုင်ဘူးလို့ ဦးအောင်သူငြိမ်းက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

မဲစာရင်းအမှန်ရဖို့ သန်းခေါင်စာရင်းရလဒ်ကို အသုံးပြုမယ်လို့ စစ်ခေါင်းဆောင် ပြော

စစ်ကောင်စီကောက်မဲ့ သန်းခေါင်စာရင်း နိုင်ငံတစ်ဝန်းလွှမ်းခြုံနိုင်ဖို့ ခက်ခဲနိုင်

ရွေးကောက်ပွဲမတိုင်ခင် စစ်ရေးအရှိန်မြှင့်မယ်လို့ NUG ပြော


ရခိုင်ပြည်နယ်မှာလည်း စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မာန်အောင်မြို့ပေါ်မှာပဲ စစ်ကောင်စီ က ထိန်းချုပ်ထားနိုင်ပြီး ကျန်တဲ့ဒေသတွေအားလုံး အာရက္ခတပ်တော် (AA) က ထိန်းချုပ် ထားတာကြောင့် သန်းခေါင်စာရင်းကောက်ဖို့ မဖြစ်နိုင်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ဖြူမြို့ခံတစ်ဦးက သုံးသပ်ပါတယ်။

“အာရက္ခတပ်တော်ဘက်က စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲကို လက်ခံတယ်ဆိုလို့ရှိရင်တော့ သန်းခေါင်စာရင်းက ကောက်လို့ရနိုင်တယ်ပေါ့လေ။ အဲဒါမှ မဟုတ်ဘဲနဲ့ကတော့ ရခိုင်ပြည်မှာ သန်းခေါင် စာရင်းကောက်လို့က ခုနက စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ဧရိယာလောက်ဆိုရင်တော့ ရကောင်းရနိုင်တယ်ပေါ့။ ကျန်တဲ့နေရာတွေကတော့ သန်းခေါင်စာရင်း ကောက်လို့ ရနိုင်စရာအကြောင်းမရှိပါဘူး”

ဒီကာလမှာ အချက်အလက်တွေအမှန်ရဖို့လည်း မဖြစ်နိုင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြောပါတယ်။

“လူတွေဆိုတာ ရွှေ့ပြောင်းပြီးတော့ အလုပ်လုပ်နေကြတာပေါ့နော်။ အလုပ်လုပ်နေကြတဲ့အခါကျတော့ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုတာပေါ့နော် မဲစာရင်း အမှန်ရမယ်လို့ ပြောလို့မရပါဘူး။ ဒါကြောင့် ဒီကိစ္စဟာ သူတို့လုံခြုံရေးအရ သက်သက်နော် ကျွန်တော်တို့ ပြည်သူတွေကို နှိပ်ကွပ်ဖို့အတွက်ကိုပဲ စီစဉ်တယ်။ အချက်အလက်အားဖြင့် သူတို့လိုချင်တယ်ဆိုတဲ့ အချက်ကိုပဲ ကျွန်တော် မြင်ပါတယ်ခင်ဗျ။ ဒီလို တိုင်းပြည် မအေးချမ်းတဲ့အချိန်မှာပေါ့နော် ကောက်ယူတယ်ဆိုတဲ့ သန်းခေါင်စာရင်းကလည်း အချက်အလက်တွေ မှန်ကန်ဖို့မရှိပါဘူး”

စစ်ကိုင်းတိုင်းမှာတော့ စစ်ကိုင်းနဲ့ မုံရွာမြို့ကလွဲရင် ကျန်တဲ့မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက်ကြောင့် စစ်ကောင်စီအနေနဲ့ သန်းခေါင်စာရင်းကောက်ဖို့ မဖြစ်နိုင်သလို အချက်အလက်တွေလည်း မမှန်နိုင်ဘူးလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဆားလင်းကြီးမြို့ခံတစ်ဦးက ပြောပါတယ်။

နောက်အချက်တချက်ကလည်း စစ်မှုထမ်းဥပဒေရဲ့ ဂယက်ပါ။ အဲဒီဥပဒေကြောင့် နေရပ်စွန့်ခွာတဲ့လူငယ်တွေ များနေတဲ့အတွက် အချက်အလက်မှန်မှန်ကန်ကန်ရအောင် ကောက်နိုင်မှာမဟုတ်ဘူးလို့ ထောက်ပြကြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကောက်လို့ရလာမဲ့ သန်းခေါင် စာရင်းအချက်အလက်တွေကို မဲစာရင်းမှန်ကန်ရေးမှာ အသုံးပြုသွားမယ်လို့ စက်တင်ဘာလ ၁ ရက်နေ့က ပြောဆိုထားပါတယ်။

ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုတွင် လူဦးရေစာရင်းကောက်ယူနေသည်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုတွင် လူဦးရေစာရင်းကောက်ယူနေသည်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

သန်းခေါင်စာရင်းကောက်တာဟာ မဲစာရင်းရဖို့ဆိုတာထက် တခြားရည်ရွယ်ချက်လည်းရှိနိုင်တယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့သန်းခေါင်စာရင်းကောက်မဲ့အစီအစဉ်ကို လေ့လာစောင့်ကြည့်နေတဲ့ Burma Affairs & Conflict Study အဖွဲ့ရဲ့ သုတေသနတာဝန်ခံ ကိုမင်းထက်အောင်က ပြောပါတယ်။

“၂၀၂၄ သန်းခေါင်စာရင်းမှာက ရွေးကောက်ပွဲ မဲစာရင်းမှန်ကန်ရေးလို့ ပြောထားပေမဲ့ လက်ရှိ နိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေအရဆိုရင် တခြားသောရည်ရွယ်ချက်တွေလည်း အများကြီး ရှိနိုင်တယ်ပေါ့နော်။ ရည်ရွယ်ချက်တွေထဲမှာ အခွန်ရရှိဖို့တွေ၊ ပြီးတော့ ဒီစစ်မှုထမ်းကိစ္စတွေ၊ အတိုက်အခံအင်အားစုတွေကို ဖိနှိပ်ဖို့တွေ ဒါတွေလည်း ပါဝင်နိုင်တယ်ပေါ့နော်”

၂၀၁၄ ခုနှစ်ကလို သန်းခေါင်စာရင်းမှန်မှန်ကန်ကန်ရဖို့အတွက် နိုင်ငံတကာအကူအညီတွေလည်း မရှိဘူးလို့ ကိုမင်းထက်အောင်ကလည်း ထောက်ပြပါတယ်။

အဲဒီ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်တဲ့လုပ်ငန်းစဉ်အတွက် ကုန်ကျငွေပေါင်း အမေရိကန် ဒေါ်လာ ၇၅ သန်းလောက်ရှိခဲ့ပါတယ်။ အဲဒီ ကုန်ကျငွေတွေကို မြန်မာနိုင်ငံက ၁၅ သန်းလောက်ပဲ ကျခံရတယ်လို့ ISP-Myanmar က ပြောပါတယ်။ လက်ရှိမှာ နိုင်ငံတကာအကူအညီမရှိတဲ့အတွက် သန်းခေါင်စာရင်းကောက်တာ မအောင်မြင်ခဲ့ရင် တိုင်းပြည်ရဲ့ ငွေတွေ ဆုံးရှုံးသွားနိုင်တယ်လို့လည်း ပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူမဲ့ကာလကို အောက်တိုဘာလ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ သတ်မှတ်ထားပေမဲ့ သတ်မှတ်ထားတဲ့ရက်အတွင်း မကောက်နိုင်တဲ့နေရာတွေမှာ လုံခြုံရေးတိုးမြှင့်ပြီး ရက်တိုး ကောက်ယူသွားမယ် လို့ စစ်ကောင်စီ က ပြောထားပါတယ်။

ဒီလိုပြောဆိုထားပေမဲ့ ရှေ့ပြေးသန်းခေါင်စာရင်းထုတ်ပြန်မဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ မတိုင်ခင် ရနိုင်သမျှ အပြီးကောက်ကြဖို့ဆိုပြီး စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စက်တင်ဘာလ ၆ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ဗဟိုသန်းခေါင်စာရင်းကော်မရှင် အစည်းအဝေးပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ သန်းခေါင်စာရင်းကို ၁၉၇၃ ၊ ၁၉၈၃ နဲ့ ၂၀၁၄ ခုနှစ်မှာ ကောက်ယူ နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အထဲက နယ်မြေမအေးချမ်းတဲ့ဒေသမှာရှိတဲ့ ပြည်သူတစ်သန်းကျော်ကိုပဲ ကောက်ယူနိုင်ခဲ့ခြင်းမရှိဘဲ ခန်းမှန်းတွက်ချက် ထားတာလို့ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် မြို့နယ်ပေါင်း ၂၃၃ မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP-Myanmar) က ဇူလိုင်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။