တောင်ခမ်း အမြောက်တပ်စခန်းဌာနချုပ် TNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်

RFA Burmese
2024.09.05
တောင်ခမ်း အမြောက်တပ်စခန်းဌာနချုပ် TNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက် နောင်ချို-ကျောက်မဲ လမ်းပိုင်းကိုထိန်းချုပ်ထားသည့် TNLA တပ်ဖွဲ့များကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

နောင်ချိုမြို့နဲ့ မိုင် ၂၀ အကွာ တောင်ခမ်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်ကို တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းအဖွဲ့က စက်တင်ဘာလ ၄ ရက်နေ့မှာ သိမ်းယူလိုက်တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

လက်ရှိအဲဒီရွာမှာ အမြောက်တပ်ရင်း (၃၅၄) တစ်ခုသာကျန်ရှိတော့ပြီး တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့လည်း ဆိုပါတယ်။

"တပ်ရင်းသုံးခုလောက်က ရထားပြီးသွားပြီ အဲဒါသေချာတယ်။ ၉၀၂ သာရတယ်ဆိုရင် တပ်ရင်းတစ်ခုပဲ ကျန်တော့မယ်ရှင့်"

အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် အမှတ် (၉၀၂) ကို မနေ့က သိမ်းလိုက်တာလို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့ကအထိ လေယာဉ်သံငြိမ်နေတာတောင်မှ လက်နက်ကြီးသံ တစ်ချက် တစ်ချက်ကြားရတယ်။ ကြားရသလောက်ကတော့ အမတ (၉၀၂) လည်း ရသွားပြီလို့ ကြားတယ်။ အခုရှိတဲ့နေရာက အစကတည်းက တပ်ရင်းသုံးခုလောက်က ရထားပြီးသွားပြီ အဲဒါသေချာတယ်။ ၉၀၂ သာရတယ်ဆိုရင် တပ်ရင်းတစ်ခုပဲ ကျန်တော့မယ်ရှင့်"

ဩဂုတ်လ ၂၈ ရက်နေ့ကလည်း တောင်ခမ်းမှာရှိတဲ့ အမြောက်တပ် (၂၀၆) နဲ့ (၄၀၆) တပ်ရင်းနှစ်ခုကို TNLA နဲ့ ပူးပေါင်းအဖွဲ့က သိမ်းပိုက်ခဲ့တယ်လို့ ဆိုပါတယ်။

နောင်ချိုမြို့ကို TNLA သိမ်းယူပြီးနောက် ဩဂုတ်လ ၁၀ ရက်နေ့ကစပြီး တောင်ခမ်းရွာမှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းတွေကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လေကြောင်းနဲ့ အပြင်းအထန် ခုခံနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူကနေလည်း စစ်အင်အားဖြည့်တင်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က တောင်ခမ်းရွာ တိုက်ပွဲအတွင်း တွေ့ရစဉ်။ (Photo: Telegram/PSLF/TNLA News)
တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က တောင်ခမ်းရွာ တိုက်ပွဲအတွင်း တွေ့ရစဉ်။ (Photo: Telegram/PSLF/TNLA News)

တိုက်ပွဲကြောင့် တောင်ခမ်းရွာနဲ့ အနီးနားရွာက ဒေသခံတွေ ထွက်ပြေးနေရသလို နောင်ချိုမြို့ခံတွေလည်း အဆင်သင့်ပြင်ဆင်ထားရတယ်လို့ နောင်ချိုဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပထမတစ်ခေါက်လည်း ထွက်ပြေးထားတာ။ အခုက ပြည်သူလူထုတော်တော်များများက အထုပ်အပိုးတွေက အရန်သင့်တွေ ထားထားတယ်။ ဖြစ်လာရင်တော့ ထွက်ပေါက်တွေက ရှိတော့ရှိပါတယ်။ ဒါပေမဲ့ အရေးနဲ့ အကြောင်း ညရေးညတာဆို ထွက်ဖို့မလွယ်ဘူးထင်တယ်။ အခြေအနေက စိုးတော့စိုးရိမ်ရတာပေါ့"

ပြင်ဦးလွင်မြို့ပေါ်မှာလည်း စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး နယ်ခံမဟုတ်သူတွေကို ဧည့်စာရင်း မပေးတော့ဘူးလို့ ပြင်ဦးလွင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပြင်ဦးလွင်ဒေသခံ မဟုတ်တဲ့သူတွေကို ဧည့်စာရင်းမပေးတော့ဘူး။ ရွှေ့တဲ့သူတွေကလည်း နေရာရွှေ့နေကြတယ်။ အထူးသဖြင့် ဝန်ထမ်းတွေက ပိုရွှေ့ကြတယ်။ မြို့ခံတွေကတော့ တချို့မရွှေ့မပြောင်းနိုင်တဲ့ မြို့ခံတွေလည်း အများကြီးရှိတယ်လေ။ ဥပမာ- မန္တလေးမှာ နေစရာရှိတယ်၊ ဒီ့အပြင်မြို့မှာ နေစရာရှိတယ်ဆို သွားကြတာတွေကတော့ အများကြီးပဲ"

တောင်ခမ်းရွာဟာ ပြင်ဦးလွင်နဲ့ မိုင် ၄၀ ကျော်သာကွာဝေးတာကြောင့် ဒေသခံတွေအနေနဲ့ ပြင်ဦးလွင်မြို့အထိ တိုက်ပွဲတွေရောက်လာမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

ပြင်ဦးလွင်မြို့သိမ်းတိုက်ပွဲ ဖြစ်လာဖို့ နီးကပ်နေပြီလား

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမှာ တိုက်ပွဲပြင်းထန်နေ

စစ်ကောင်စီ ဝင်ငွေခွန်ကောက်မယ့်အပေါ် ထိုင်းရောက် မြန်မာအလုပ်သမားတွေ ကန့်ကွက်ဆန္ဒပြ


အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ တောင်ခမ်းနယ်ဟာ ရှမ်းပြည်နယ် တောင်နဲ့မြောက် ချိတ်ဆက်ပေးတဲ့နေရာဖြစ်တာကြောင့် နှစ်ဖက်စလုံးအတွက် အရေးပါတယ်လို့ RFA ကို ပြောပါတယ်။

"တောင်ကြီးဘက်၊ ရပ်စောက်ဘက်သွားတဲ့ ထိပ်ပေါ့ အဲဒါကိုစိုးမိုးထားတဲ့နေရာ။ ဒီအရှေ့အမြောက်က လားရှိုးဘက်က စစ်မီးကို တောင်ဘက်ကို ကူးချင်တယ်ဆိုရင် ဒီနေရာကိုသိမ်းမှ။ ဒါကြောင့်အရေးပါနေတာပေါ့"

တောင်ခမ်းရွာ တိုက်ပွဲအခြေအနေအသေးစိတ်ကို သိနိုင်ဖို့ TNLA ပြောခွင့်ရသူ လွေးယေဦးကို ဆက်သွယ်ထားပေမဲ့ ဒီနေ့ညနေပိုင်းအထိ ပြန်လည်ဖြေဆိုခြင်း မရှိသေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း ဇွန်လ ၁၀ ရက်နေ့မှာ နောင်ချိုမြို့ကို TNLA က သိမ်းယူခဲ့တာပါ။

အဲဒီနောက် နောင်ချိုကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကနေ စစ်ကူ ရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ တောင်ခမ်းရွာမှာရှိတဲ့ အမြောက်တပ်ရင်းတွေမှာ အထိုင်ချနေ တာကြောင့် TNLA နဲ့ ပူးပေါင်းအဖွဲ့ တိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။