ဖြတ်လေးဖြတ်စနစ် ကျင့်သုံးပြီး စစ်ကောင်စီ PDF တွေကို တိုက်ခိုက်နေ
2023.02.25
အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းက တိုက်ခိုက်တာဟာ ပုန်ကန်ခြားနားသူတွေကို တန်ပြန်စစ်ဆင်တဲ့ ဖြတ်လေးဖြတ်ကို စစ်ကောင်စီက အကောင်အထည်ဖော်တာလို့ The Diplomat စာစောင်က ဖေဖော်ဝါရီ ၂၁ ရက်မှာ ဖော်ပြလိုက်ပါတယ်။
ဒီလို လေကြောင်းက တိုက်ခိုက်တာက နယ်ခြားဒေသနဲ့ အိမ်နီးချင်းနိုင်ငံမှာ နေထိုင်နေသူတွေ အထိတ်တလန့် ဖြစ်ရတယ်လို့ ဆိုပါတယ်။
The Diplomat စာစောင်မှာ အိန္ဒိယ-မြန်မာနယ်စပ် ထန်တလန်မြို့မှာရှိတဲ့ CNF ချင်းအမျိုးသားတပ်ဦး ဗဟိုဌာနချုပ် ရှိရာ ဝိတိုရိယစခန်းကို စစ်ကောင်စီက ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်တုန်းက ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ ဆက်စပ်ပြီး အိမ်နီးချင်းနိုင်ငံကပါ ထိတ်လန့်ရတာကို ဖော်ပြတာပါ။
တဆက်တည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် KIA ကချင်လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်နယ်မြေ အနန့်ပါရွာက ဂီတဖျော်ဖြေပွဲကို မနှစ်က အောက်တိုဘာမှာ ဗုံးကြဲပစ်ခတ်တာ၊ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာက စာသင်ကျောင်းကို မနှစ်က စက်တင်ဘာက လေကြောင်းက တိုက်ခိုက်တာတွေကိုလည်း ထောက်ပြပါတယ်။
ဒီလို လေကြောင်းကတိုက်ခိုက်တဲ့အခါ စစ်ကောင်စီဟာ ဒေသခံတွေကို ပစ်မှတ်ထား တိုက်ခိုက်ပါတယ်။ ဥပမာ စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ် မိုးဒါးလေးရွာကို ဒီနှစ် ဇန်နဝါရီ ၁၈ ရက်က ဗုံးလည်းကြဲ၊ လက်နက်ကြီးနဲ့ပါ တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ပါ။ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားတဲ့ နေရာကို မတိုက်ဘဲ ၅ မိုင်လောက်ဝေးတဲ့ တိုက်ပွဲနဲ့ မဆိုင်တဲ့နေရာမှာ ဗုံးလာကြဲတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ဒဏ်ရာရတဲ့ကောင်လည်း အများကြီးပြင်းထန်တယ်ဗျ။ ပေါင်တွေရော၊ လက်တွေရော၊ မျက်ခွက်တွေရော၊ ခါးတွေရော အဲလိုမျိုးဖြစ်နေကုန်တာ။ သေတာက ခုနစ်ယောက်ဗျ။ မနေ့က ဒီမှာတိုက်ပွဲဖြစ်နေတော့ တိုက်ပွဲ ဖြစ်တဲ့နေရာသွားမချဘဲ ရွာထဲတွေလိုက်ချနေတာ။”
ဒီလိုလေကြောင်းကနေ တိုက်ခိုက်တာဟာ စစ်တပ်ကို လက်နက်ကိုင်တော်လှန်တဲ့ အဖွဲ့တွေကို စားနပ်ရိက္ခာနဲ့ ရန်ပုံငွေထောက်ပံ့ပြီး သတင်းလည်းပေးရုံမက တပ်သား သစ် စုဆောင်းပေးတဲ့ ရပ်ရွာနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ စည်းနှောင်မှုကို ဖြတ်တောက်တာပဲ ဖြစ်ပါတယ်။
မျိုးချစ်စိတ်ထက်သန်ဖို့ အစဉ်တစိုက် စည်းရုံးတဲ့ မြန်မာစစ်တပ်ဟာ တိုင်းပြည်နာမည်ကို အင်္ဂလိပ်လို Burma လို့ အစဉ်တဆက်ခေါ်တွင်လာတာကို ၁၉၈၉ မှာ Myanmar လို့ ပြောင်းခဲ့ပေမဲ့ ရပ်ရွာနဲ့ တော်လှန်ရေးအဖွဲ့တွေ စည်းနှောင်ဆက်သွယ်မှုကို ဖြတ်တောက်တဲ့ အင်္ဂလိပ်တွေရဲ့ ဖြတ်လေးဖြတ်နည်းကိုတော့ တခုတ်တရ ကျင့်သုံးပါတယ်။
ဗြိတိန်ရဲ့ ဖြတ်လေးဖြတ်က အာရှမှာ ကျင့်သုံးခဲ့တာပါ။ မြန်မာဘုရင်တွေ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သလို မလေးဘုရင်တွေ အုပ်ချုပ်ခဲ့တဲ့ ဒေသတွေ ၁၈ ရာစုမှာ ဗြိတိသျှအင်ပါယာ လက်အောက် ကျရောက်ခဲ့ပြီး ၁၉၄၆ မှာ မလေးပြည်ထောင်စုအဖြစ် ပေါင်းစည်းပါတယ်။
အဲဒီဒေသမှာ ဗြိတိန်ကို ဆန့်ကျင်တဲ့ ပြောက်ကျားစစ်ကို ၁၉၄၈ က ၁၉၆၀ ပြည့်နှစ်အတွင်း နှိမ်နင်းချိန်မှာ ဖြတ်လေးဖြတ် ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ကတော့ ဖြတ်လေးဖြတ်ကို ၁၉၆၆ ခုမှာ နိဒါန်းစပျိုးတယ်လို့ မြန်မာ့အရေး ဆယ်စုနှစ်တွေချီကြာ လေ့လာတဲ့ ဗြိတိန် စာရေးဆရာ Martin Smith က ပုန်ကန်ခြားနားခြင်းနဲ့ တိုင်းရင်းသားရေးရာ နိုင်ငံရေး စာအုပ်မှာ ရေးသားထားပါတယ်။ အဲဒီတုန်းက တိုင်းရင်းသားဒေသမှာ မြေလှန်စနစ်ကျင့်သုံးလို့ လူ ထောင်နဲ့ချီသေဆုံးတာ ပြင်ပကမ္ဘာက မသိခဲ့ဘူးလို့ ဆိုပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ စစ်တပ်က ဖြတ်လေးဖြတ်စနစ်ကို တိုင်းရင်းသားဒေသတွေမှာ ကောင်းကောင်း အသုံးချခဲ့ပြီး ၂၀၂၁ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်မှာ ပြည်မမှာပါ ကျင့်သုံးလာပါတယ်။
ဖြတ်လေးဖြတ်အပါအဝင် စစ်တပ်ဟာ ဆယ်စုနှစ်တွေချီပြီး တိုင်းရင်းသား ဒေသတွေမှာ နည်းဗျူဟာတွေ၊ မဟာဗျူဟာတွေမျိုးစုံ ကျင့်သုံး၊ ရွာလုံးကျွတ်မီးရှို့၊ သတ်ဖြတ်ညှဉ်းပန်းပေမယ့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို အမြစ်ပြတ်သွားအောင် မချေမှုန်းနိုင်ပါဘူး။ ခုလည်း စစ်အာဏာ သိမ်းလိုက်လို့ ပေါ်ပေါက်လာတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကိုပါ နှိမ်နင်းတဲ့အခါ တိုင်းရင်းသားဒေသတွေမှာ နည်းမျိုးစုံသုံးသလို သုံးနေပေမယ့် လူထုတော်လှန်ရေး အရှိန်က မှေးမှိန်မသွားပါဘူး။
ခုတစ်ခါ သူ့ဖဲသူချိုးတဲ့ ဖဲဝိုင်းဒိုင်လို အရပ်သားတွေ သေနတ်ကိုင်ဆောင်ခွင့် ပြဋ္ဌာန်းပြန်ပါတယ်။ ဒါဟာ နောက်ဖဲတစ်ချပ်ကို လှန်ပြတဲ့ သဘောလည်းဆောင်ပါတယ်။ ဒါပေမဲ့ ဆန့်ကျင်တော်လှန်သူတွေကို စစ်ကောင်စီက နည်းမျိုးစုံသုံးနှိမ်နင်းလည်း အောင်မြင်နိုင်မှာမဟုတ်ဘူးလို့ အနုနည်းနဲ့ အာဏာဖီဆန်ရေးမှာ လူထုနဲ့ ပူးပေါင်းပါဝင်လာတဲ့ ပြည်သူ့ရင်ခွင်က CDM ဗိုလ်ကြီး ကိုလင်းထက်အောင်က သုံးသပ်ပါတယ်။
“တော်လှန်ရေးကာလ နှစ်နှစ် အတွင်းမှာ စစ်ခေါင်းဆောင်တွေရဲ့ ဦးနှောက် level က ပြောရမယ်ဆိုရင် ကျွန်တော်တို့ တော်လှန်နေသူတွေရဲ့ ဦးနှောက် level လောက် ချက်ချင်းမပြေးတဲ့ အကွက်တွေ အများကြီး ရှိတယ်လို့ ကျွန်တော်ထင်တယ်။ ဘာလို့ဆို ဗျူဟာတွေ အမျိုးမျိုး သူတို့ကျင့်သုံးတယ်။ ပြည်သူလူထုပေါ် အရက်စက်ဆုံးဗျူဟာတွေ ကျင့်သုံးတယ်။ ကျွန်တော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေ ကျော်လွှားနိုင်တယ်။ ခု ဖေဖော်ဝါရီ အတွင်းမှာ အမိန့်တွေ၊ မာရှယ်လောတွေ အမျိုးမျိုးထုတ်တယ်။ ဒါပေမဲ့ ဒါတွေကိုလည်း ကျွန်တော်တို့က ခုချိန်မှာ သိပ်ဂရုစိုက်စရာ မလိုတော့ဘူးလို့ ပြောလို့ရတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ကိုယ့်ဘက်က လုပ်နိုင်စွမ်းက သူတို့ရဲ့ တိုက်စစ်လမ်းကြောင်းကို ခုခံနေတဲ့ အချိန်မဟုတ်တော့ဘူး၊ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့က တဖြည်းဖြည်း သူတို့ကို ပြန်ပြီး တိုက်စစ်ဆင်ဖို့ လုပ်နေတဲ့ အချိန်ကာလဖြစ်တဲ့အတွက်ပေါ့နော်။ ဒီလိုမျိုး ဘယ်လို ဗျူဟာတွေပဲ သုံးသုံး ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေကိုတော့ သူတို့ ကျော်လွန်ပြီးလုပ်နိုင်မယ့် အရာတွေက မရှိတော့ဘူးလို့ သုံးသပ်ချင်ပါတယ်။ “
စစ်ကောင်စီဟာ အတွေးအခေါ်ဟောင်းအတိုင်း စစ်အာဏာသိမ်းပြီး လူထုကို ရှစ်လေးလုံးတုန်းကလို နည်းပေါင်းစုံနဲ့ ညှဉ်းပန်းနှိပ်စက်ပြ၊ ခြိမ်းခြောက်ပြလိုက်ရင် ငြိမ်သွားမယ်လို့ တွက်ဆခဲ့ပေမယ့် ခေတ်ချင်း မတူတော့တာကို သတ်မထားမိဘဲ ကျားမြီးဆွဲမိနေပြီလို့ တချို့က သုံးသပ်ပါတယ်။