စစ်ကောင်စီ ကမ်းလှမ်းချက်ကို CDM ဝန်ထမ်းအများစု မယုံကြည်
2024.08.14
စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ဝန်ထမ်းတွေကို သူတို့နဲ့ ပူးပေါင်းရင် အမည်ပျက်စာရင်းကနေ ပယ်ဖျက်ပြီး မူလနေရာတွေမှာ ပြန်လည်ခန့်ထားမယ်လို့ စစ်ကောင်စီက သတင်းစာတွေကတစ်ဆင့် ကမ်းလှမ်းထားတာ အခုဆိုရင် တစ်လနီးပါး ရှိနေပါပြီ။
ဒီကာလအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ပြန်ဆက်သွယ်တဲ့ CDM ဝန်ထမ်းတွေရှိသလို အများစုကတော့ စစ်ကောင်စီကို မယုံကြည်ဘူးလို့ RFA ကို ပြောပါတယ်။
မိသားစုစားဝတ်နေရေးအခက်အခဲကြောင့် ဌာနဆိုင်ရာတွေဆီ ပြန်လည်ဆက်သွယ်သူ တချို့ရှိပေမဲ့လည်း တရားဝင် အမိန့်စာ မရောက်သေးဘူးဆိုပြီး လက်မခံဘဲ ငြင်းလွှတ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDM ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“ကျွန်မ ကြားတာကတော့ သွားကြည့်တဲ့ သူတွေရှိတယ် ပြန်ဝင်ချင်တဲ့ သူတွေလေ။ တချို့က စားဝတ်နေရေး အခက်အခဲ ရှိတာရှိတယ်။ ပြောမပြနိုင်တဲ့ မိသားစုအခက်အခဲတွေ ရှိတယ်လေ။ သူ့အခက်အခဲလေးတွေရှိလို့ မေးမြန်းတဲ့အခါ တရားဝင်စာမရှိ မဝင်တဲ့အတွက်ပေါ့နော်။ ဥပမာ ထားပါတော့ ပညာရေးဝန်ကြီးဌာနဆို ပညာရေးဌာနကို CDM လုပ်ထားတဲ့ ဆရာမတွေကို ပြန်လက်ခံရန်ဆိုပြီး အဲလို တရားဝင်စာ ဘယ်ဌာနကိုမှ မရောက်တဲ့အတွက် ကျွန်မတို့ကို ပြန်လက်ခံတာ မရှိဘူး။ ဝင်ရတဲ့သူလည်း မရှိဘူး။ ဝင်မဲ့သူလည်း မရှိဘူး။ ပြန်လက်ခံထားတာလည်း မရှိသေးဘူး။ ဒီနောက်ဆုံး ထွက်ထားတဲ့ စာနဲ့ ပတ်သက်ပြီးတော့"
နိုင်ငံ့ဝန်ထမ်း လူသားအရင်းအမြစ် ဆုံးရှုံးနေတာကြောင့် ပြန်လည်ဆက်သွယ်လာမဲ့ CDM ဝန်ထမ်းတွေကို (Black List) အမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးမယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၁၂ ရက်နေ့မှာ ကြေညာခဲ့တာပါ။
"ကာယကံရှင်နဲ့ ဆက်နွှယ်တဲ့သူတွေကိုတောင် ဒုက္ခပေးနေတဲ့ ဒီစကစဆိုတာ ဖြစ်တဲ့အတွက်ကြောင့် သူတို့ပြောသမျှ၊ ထုတ်သမျှတော့ ဘာမှ ယုံကြည်စရာမရှိဘူး"
ပြီးခဲ့တဲ့ နှစ်တွေကလည်း ဒီလို ဖိတ်ခေါ်တာတွေ အကြိမ်ကြိမ်ရှိခဲ့ပြီး ဒါဟာ ၃၂ ကြိမ်မြောက် ဖြစ်ပါတယ်။ အရင်ဖိတ်ခေါ်ချက်တွေကြောင့် ပြန်လည် ပူးပေါင်းသွားတဲ့ ဝန်ထမ်း အနည်းအကျဉ်း ရှိပေမဲ့ ဇူလိုင်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်နောက်ပိုင်းမှာတော့ စစ်ကောင်စီလက်အောက် ပြန်ဝင်သွားသူမရှိဘူးလို့ CDM ဝန်ထမ်းတွေက ပြောပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်အာဏာသိမ်းကာလ အချိန်ကြာလာတာနဲ့အမျှ ရာထူး၊ လုပ်ငန်းခွင်တွေကို စွန့်ခွာခဲ့ကြတဲ့ CDM ဝန်ထမ်းတွေဟာ ဝင်ငွေမရှိ၊ အကူအညီအထောက်အပံ့တွေ မရတာကြောင့် စားဝတ်နေရေး အခက်အခဲ ရှိနေပါတယ်။
“ဝင်ငွေမျှတ သုံးရတာပဲလေ၊ လက်လုပ်လက်စားလေးတွေနဲ့ သူများအငှားလေး (နေ့စား) တွေ လိုက်တာတို့ အဲဒီလိုပေါ့။ ဝင်ငွေမရှိတော့ လူမှုရေးဘာညာလည်း သူများထက် အောက်ကျသွားတာပေါ့။ ပုံမှန်အလုပ်ရှိတဲ့ သူတွေက အဆင်ပြေတယ်။ ကျွန်မတို့က လူကြီးတွေ ရှိတော့ အဆင်မပြေဘူး။ ခြံထဲရှိတဲ့ ကွမ်းလေးဘာလေးစိုက် အဲဒီဝင်ငွေလေးနဲ့ မျှတပြီး အဆင်ပြေအောင် လုပ်ရတာပဲ”
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDM အထက်တန်းပြ ဆရာမတစ်ဦး ပြောသွားတာပါ။ သူက ၂၀၂၁ ခုနှစ် ဧပြီ ၇ ရက်နေ့ကတည်းက အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ သူကတော့ ဝမ်းရေးအခက်အခဲရှိပေမဲ့လည်း အာဏာသိမ်းစစ်ကောင်စီကို မယုံကြည်တာ ကြောင့် လုပ်ငန်းခွင် ပြန်မဝင်ဘူးလို့ ဆိုပါတယ်။
CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း စစ်ကောင်စီရဲ့ဖိတ်ခေါ်မှုကို ယုံကြည်စရာမရှိဘူးလို့ ပြောပါတယ်။
“သူကိုယ်တိုင်ကိုက တရားမဝင်တဲ့အတွက်ကြောင့် သူထုတ်ပြန်တဲ့ဟာတွေလည်း တရားဝင်စရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့ CDM တွေအပေါ်မှာ မျိုးစုံပေါ့နော် ဒုက္ခအမျိုးမျိုး ပေးနေတာ ရှိတယ်။ ကာယကံရှင် မပြောနဲ့ ကာယကံရှင်နဲ့ ဆက်နွှယ်တဲ့သူတွေကိုတောင် ဒုက္ခပေးနေတဲ့ ဒီစကစဆိုတာ ဖြစ်တဲ့အတွက်ကြောင့် သူတို့ပြောသမျှ၊ ထုတ်သမျှတော့ ဘာမှ ယုံကြည်စရာမရှိဘူး။ ဘာမှ မျှော်လင့်စရာမရှိဘူးလို့ပဲ ကျွန်တော် ဖြေလိုပါတယ်"
ဆက်နွှယ်သောသတင်းများ
CDM ဝန်ထမ်းတွေကို အမည်ပျက်စာရင်း ပယ်ဖျက်ပေးမယ်လို့ စစ်ကောင်စီပြော
နိုင်ငံကူးလက်မှတ်လာလုပ်တဲ့ CDM ဝန်ထမ်းတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီညွှန်ကြား
ရေဖြူက CDM ပညာရေးဝန်ထမ်းနှစ်ဦး ထောင် ဆယ်နှစ်စီ ချမှတ်ခံရ
လားရှိုးမှာ CDM ဝန်ထမ်းတွေကို လုပ်ငန်းခွင်ပြန်ဝင်ဖို့ ကိုးကန့်တပ်က စာရင်းကောက်
အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုဟာ စစ်ကောင်စီ ယန္တရားကို အကြီးအကျယ် အထိနာစေခဲ့ပါတယ်။ ဒါကြောင့် စစ်ကောင်စီက CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပညာရေး၊ ကျန်းမာရေး အပါအဝင် ဌာနဆိုင်ရာအသီးသီးက ထိပ်တန်းအရာရှိတွေအပြင် ဝန်ထမ်းတွေကိုလည်း စစ်ကောင်စီက ဖမ်းဆီးထောင်ချတာလည်း မနည်းပါဘူး။
CDM ဝန်ထမ်းတွေကို ဖိတ်ခေါ်တဲ့ စစ်ကောင်စီရဲ့ ဇူလိုင်လက ထုတ်ပြန်ချက်ဟာ နိုင်ငံရေး ပြကွက်တစ်ခုအနေနဲ့ အသုံးချတာ ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
စစ်ကောင်စီအနေနဲ့ အဘက်ဘက်မှာ ကျဆုံးနေလို့သာ CDM ဝန်ထမ်းတွေကို ပြန်လည်ဖိတ်ခေါ်ပြနေတာလို့ CDM ဗိုလ်ကြီးညီသုတက RFA ကို ပြောပါတယ်။
“စစ်ကောင်စီဘက်က တဖြည်းဖြည်း စစ်ရှုံးလာတဲ့အတွက်ကြောင့် သူတို့က နိုင်ငံတကာရဲ့ ဖိအားကို သူတို့ ပေါ်ပြီးတော့ လျော့စေချင်တယ်။ ပြီးတော့ နိုင်ငံတကာရဲ့အမြင်ကိုလည်း ပြောင်းစေချင်တယ်။ ပုံမှန်အားဖြင့် ဆိုရင် သူတို့ စစ်မရှုံးဘူးဆိုရင် သူတို့က CDM တွေအပေါ်မှာ ဆက်ဆံတဲ့ ပုံစံက ဝရမ်းပြေးလိုပဲ သူတို့ တင်းတင်း ကျပ်ကျပ် ကိုင်တွယ်ပြီးတော့ လိုက်လံသတ်ဖြတ်တာ၊ စစ်ကြောတာတွေ လုပ်တယ်ပေါ့နော်။ အခုချိန်မှာ သူတို့က CDM တွေကို နိုင်ငံရေးအရ သူတို့ လမ်းဖွင့်ပေးတယ်ဆိုတဲ့အရာကို ဒါမျိုးသူတို့ အပြောင်းအလဲ လုပ်တာ"
အာဏာသိမ်းစစ်တပ်လက်အောက်မှာ အလုပ်မလုပ်ဘူးဆိုပြီး အစောဆုံး လမ်းပေါ်ထွက်ဆန္ဒပြတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာလည်း CDM လှုပ်ရှားမှုမှာ အခုချိန်ထိ အားကောင်းကောင်းနဲ့ ပါဝင်နေဆဲ ဖြစ်ပါတယ်။
CDM ဆရာဝန်တွေ စုဖွဲ့ထားတဲ့ Yangon Medical Network က ဒေါက်တာလွမ်းဝေက စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ဟာ မအောင်မြင်နိုင်ဘူးလို့ သုံးသပ်ပါတယ်။
“ကျွန်တော်တို့ ၂၀၂၁ ကနေ ၂၀၂၄ အထိ သတ်ဖြတ်ခဲ့တဲ့ လူတွေ၊ မီးရှို့ခဲ့တဲ့ အိမ်တွေ ဗုံးကြဲခဲ့တဲ့ ဆေးရုံတွေ မီးလောင်တိုက်သွင်းခံခဲ့ရတဲ့ ရွာတွေနဲ့ အခြေနေတွေကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် ပြန်သွားရဲတဲ့သူ ပြန်သွားဖို့အတွက် ယုံတဲ့သူဆိုတာ ရှိပါ့မလားဆိုတာ ကျွန်တော်က တော်တော် သံသယရှိတယ်။ မရှိနိုင်လောက်ဘူးလို့ လည်း ယူဆတယ်။ အဲတော့ အောင်မြင်မလားဆိုတဲ့ သူ့ရဲ့ ကြိုးပမ်းမှုကတော့ ကျွန်တော်ထင်ပါတယ် ဒါဟာ တော်တော့်ကို ရုပ်ပျက်ဆင်းပျက် ကျဆုံးမှုတစ်ခု ဖြစ်ပြီးတော့ လူတွေရဲ့ နောက်ထပ် လှောင်ရယ်စရာ ပြယုဂ်တစ်ခု ဖြစ်သွားလိမ့်မယ်လို့ပဲ မြင်တယ်”
CDM ဝန်ထမ်းတွေကို စစ်ကောင်စီက ဖိတ်ခေါ်နေပေမဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက လက်မခံတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အဆင့်မြင့် ပညာရေးဦးစီးဌာနနဲ့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ CDM တွေကို စစ်ကောင်စီ ပြန်လည်ဖိတ်ခေါ်နေတာ မဖြစ်သင့်ဘူးလို့ ဝေဖန်ပါတယ်။
“ကျွန်တော်က လုံးဝ လုံးဝ မကြိုက်ပါဘူး။ ကျွန်တော်ပြောတာက အစိုးရတစ်ရပ်ရဲ့ ဘဏ္ဍာရေးရှုထောင့်ကနေ ပြောတာပေါ့။ တကယ့် တကယ်ကတော့ CDM လုပ်သွားတဲ့အတွက်ကြောင့် အစိုးရမှာ ဝန်ပေါ့သွားတာ။ အဲဒါကို အစိုးရလုပ်တဲ့သူတွေ ကိုယ်တိုင်ကိုက နားလည်ရမှာပေါ့။ အစိုးရအုပ်ချုပ်ရေး ယန္တရားဆိုတာ ဘာလဲဆိုတာ နားလည်တဲ့သူတွေက (Big Gorverment) (Big Budget) ဆိုတာကြီးက တိုင်းပြည်အတွက်ကို ဝန်ထုပ်ဝန်ပိုး ဆိုတာကို နားလည်သင့်တာပေါ့"
CDM လှုပ်ရှားမှုကြောင့် စစ်ကောင်စီ ယန္တရားတွေကို တစ်စုံတစ်ရာ ထိခိုက်တာ မရှိသလို၊ နိုင်ငံရေး ထွက်ပေါက်အနေနဲ့ ပြန်လည်ဖိတ်ခေါ်နေတာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ CDM ဝန်ထမ်းအကုန်လုံးကို ဖိတ်ခေါ်တဲ့ သဘောမဟုတ်ဘဲ ထိပ်ပိုင်းအရာရှိတချို့ကိုသာ ရည်ရွယ်ပုံရတယ်လို့လည်း သူက သုံးသပ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ စာရင်းတွေအရ CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဝန်ထမ်း လေးသိန်းကျော်ရှိပြီး အဲဒီထဲမှာ စစ်သား၊ ရဲတပ်ဖွဲ့ဝင်တွေအပြင် ဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်းတွေ ပါဝင်ပါတယ်။