စစ်ကောင်စီ ရွေးကောက်ပွဲ ရခိုင်မှာ ယုံကြည်မှုနည်း

RFA Burmese
2023.01.06
စစ်ကောင်စီ ရွေးကောက်ပွဲ ရခိုင်မှာ ယုံကြည်မှုနည်း စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) အောင်မင်္ဂလာရပ်ကွက်မဲရုံတွင် ဆန္ဒမဲလာထည့်သူများအား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
RFA

မြန်မာနိုင်ငံတစ်ဝန်းမှာ အခုနှစ်အတွင်း စစ်ကောင်စီက ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်မှာ လာမယ့် ဇန်နဝါရီလ ၉ ရက်နေ့မှာ အိမ်ထောင်စု လူဦးရေစာရင်းတွေကို ကွင်းဆင်းကောက်ယူဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီက ပြင်ဆင်နေ ပါတယ်။

လူဦးရေစာရင်းကို အဖွဲ့ပေါင်း ၁၂၉၀ ဖွဲ့၊ အဖွဲ့ဝင်ပေါင်း ၆၉၄၀ ဦးနဲ့ ကောက်ခံသွားမှာ ဖြစ်ပြီး ဒေသအားလုံးမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ပြင်ဆင်နေတာလို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ) အတွင်းရေးမှူး ဦးသူရိန်ထွဋ်က RFA ကို ပြောပါတယ်။

“ကျနော်တို့ကတော့ ကြိုတင်ပြင်ဆင်တဲ့အပိုင်းပေါ့ မဲရုံတွေ ရွေးချယ်သတ်မှတ်တာတို့၊ မဲရုံတွင်းပစ္စည်းတွေ လိုအပ်ချက်တွေ တွက်ချက်တာပေါ့။ အဲဒီလောက်ပဲ ရှိပါသေးတယ်။ ကျန်တာကတော့ လူဦးရေစာရင်းနဲ့ လဝကစာရင်းတွေ မှန်ကန်အောင်လို့ လုပ်နေတုန်းပဲ ရှိပါသေးတယ်။ ကျနော်တို့ကတော့ တစ်ပြည်နယ်လုံးအတွက် ပြင်ဆင်ထားတာပါ”

"နောက်ကျော လုံလုံနဲ့မဲပေးနိုင်မယ့် အခြေအနေမရှိဘူး။ အဲဒီထက်ပိုပြောရရင်တော့ ဒီပွဲဟာ အင်္ဂါမစုံတဲ့ ပွဲပေါ့နော်။ တစ်ဖက်သတ် အနိုင်ကျင့်သလိုဖြစ်နေတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ ဂုဏ်သိက္ခာမရှိတဲ့ ရွေးကောက်ပွဲပေါ့”

ဒေသခံတွေကတော့ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကို အယုံအကြည်မရှိသလို စိတ်ဝင်စားမှုလည်း မရှိဘူးလို့ ပြောကြပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးကြိုးပမ်းနေတဲ့ ရခိုင်ပြည်နယ်အတွက် ရွေးကောက်ပွဲဟာ ပြည်သူ တွေအတွက် မျှော်လင့်နိုင်စရာမရှိဘူးလို့ မြောက်ဦးမြို့နယ်က ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရခိုင်ပြည်အတိုင်းအတာနဲ့ကျတော့ စစ်ကောင်စီရဲ့ ကြိုးပမ်းအားထုတ်မှုက ဘယ်လို ပုံစံမျိုးပဲရှိနေပါစေ ရခိုင်ပြည်နယ်သူတစ်ရပ်လုံးက စိတ်ဝင်စားမှုမရှိပါဘူး။ ဘာလို့လဲ ဆိုရင် ဒီဘက်မှာရှိတဲ့ တော်လှန်ရေး အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းတွေမှာကျတော့ သီးသန့်လမ်းကြောင်းရှိတယ်လို့မြင်တယ်။ တစ်တိုင်းပြည်လုံး ပြောင်းလဲမှုဟာ အတိုင်းအတာ တစ်ခုအထိ ရခိုင်ပြည်နယ်ကို သက်ရောက်လာမယ်ဆိုတာ မှန်တော့ မှန်တယ်။ ဒါပေမဲ့ ရခိုင်ပြည်သူတွေကတော့ သိပ်ပြီးမျှော်လင့်ထားတာမရှိဘူးလို့ မြင်ပါတယ်”

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအဆက်ဆက်ဟာ ရခိုင်ပြည်နယ်အတွက် အကျိုးမထူးခဲ့သလို အခုစစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာလည်း ရခိုင်ပြည်သူတွေအတွက် ထူးခြားလာမှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုဖို့ ပြင်ဆင်နေပေမယ့် ပုဏ္ဏားကျွန်း မြို့နယ်နဲ့ ရသေ့တောင် မြို့နယ်တွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀၀ ကျော် နုတ်ထွက်စာ တင်ထားပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးကပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲကော်မရှင်ကပဲဖြစ်ဖြစ် လူဦးရေစာရင်း ကောက်ခိုင်းရင် ငြင်းဆန်သွားမှာဖြစ်တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က ရပ်ကျေး အုပ်ချုပ်ရေးမှူးတစ်ဦးက RFA ကို ပြောပါတယ်။

“ပုဏ္ဏားကျွန်းမြို့နယ်မှာဆိုရင် အုပ်ချုပ်ရေးမှူးတွေအာလုံးနီးပါးက နုတ်ထွက်ထားတာ ပေါ့။ ကျနော်တို့ နုတ်ထွက် ထားပြီးနောက်ပိုင်းမှာ ကျနော်တို့ကို မြို့နယ်အုပ်ချုပ် ရေးမှူးကပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲကော်မရှင်ကပဲ ဖြစ်ဖြစ် ကျနော်တို့ကိုခိုင်းလာရင် ကျနော်တို့ကတော့ နုတ်ထွက်ထားတဲ့အတွက် စာရင်းတွေကို တိတိကျကျမကောက် ပေးနိုင်တော့ပါဘူး။ လုပ်လည်းမလုပ်သင့်တော့ဘူး။ လုပ်လည်း မလုပ်နိုင်တော့ဘူး”

ဒါကြောင့် စစ်ကောင်စီရဲ့ မဲစာရင်းပြုစုရေးအစီအစဉ်ဟာ စာရင်းအတိအကျ ရနိုင်မှာမဟုတ် ဘူးလို့လည်း သူက ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကတော့ မြန်မာအစိုးရအဆက်ဆက်က လုပ်ခဲ့ တဲ့ ရွေးကောက်ပွဲဟာ ရခိုင်ပြည်သူတွေရဲ့ ဘဝတိုးတက်ရေးအတွက် တစ်စုံတစ်ရာ အထောက်အကူမပြုခဲ့ဘူးလို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

“စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ဘက်တော့ လောလောဆယ်မှာ မှတ်ချက်ပေး စရာမရှိဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့သမိုင်းတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်မှာ မြန်မာအစိုးရအဆက်ဆက်က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ ကျနော်တို့ ရခိုင်တွေဘဝ တိုးတက်ဖို့အတွက် တစ်စုံတစ်ရာ အထောက်အကူပြုခဲ့တာမရှိ ဘူး။ နောက်ပြီးတော့ ရွေးကောက်ပွဲ ဟာ ရခိုင်ပြည် တစ်ခုနဲ့ဆိုင်တဲ့ကိစ္စမဟုတ်ဘူး။ မြန်မာတစ်ပြည်နယ်လုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တယ်။ အဓိကတော့ ရွေးကောက်ပွဲဖြစ်ခြင်း မဖြစ်ခြင်းဟာ မြန်မာတစ်ရပ်လုံးရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်မယ်လို့ ပြောချင်ပါတယ်”

စစ်ကောင်စီက ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ရခိုင်နိုင်ငံရေးပါတီတွေ ဘက်ကလည်း လှုပ်ရှားမှု တွေ မတွေ့ရသေးပါဘူး။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီကတော့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာ ပါဝင် သွားမှာမဟုတ်ဘူးလို့ ပါတီ တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

rakhine ANP.jpg
၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ရခိုင်အမျိုးသားပါတီ (ANP) က စစ်တွေမြို့တွင် နိုဝင်ဘာလ ၆ ရက်နေ့က မဲဆွယ်ခဲ့စဉ်။ (Photo: RFA)

ရခိုင်မှာ အင်အားကြီးပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) နဲ့ ရခိုင်ဦးဆောင်ပါတီ (AFP) ကတော့ ဝင်ရောက် ယှဉ်ပြိုင်မယ်၊ မယှဉ်ပြိုင်ဘူးဆိုတာကို ပြတ်ပြတ်သားသားပြောဆိုတာ မရှိသေးပါဘူး။

ရခိုင်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ အခုစစ်ကောင်စီကပြုလုပ်မယ့်ရွေးကောက်ပွဲဟာ အင်္ဂါမစုံတဲ့ပွဲသာ ဖြစ်လိမ့် မယ်လို့ ဝေဖန်ပါတယ်။

“သူတို့ကို မဲစာရင်း မသမာပါဘူးဆိုပြီး ဘယ်အဖွဲ့အစည်းကမှ တရားစွဲဆိုတာ ရှိမှာမဟုတ်ဘူး။ စွဲလို့လည်း ရတာမဟုတ်ဘူး။ ရှိတဲ့ မဲစာရင်းနဲ့ သူတို့လုပ်မှာပဲ။ အခုဖြစ်နေတဲ့အခြေအနေကတော့ တစ်ကမ္ဘာလုံးကလည်း ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုဘူး။ ကိုယ့်နိုင်ငံအတွင်းမှာလည်း စစ်ကောင်စီရဲ့လုပ်ရပ်တွေကြောင့် လူတွေအများကြီး သေနေကြတယ်။ ရွာတွေ မီးရှို့ခံနေရတယ်။ ဖမ်းဆီးထောင်ချခံနေရ တယ်ပေါ့။ နောက်ကျော လုံလုံနဲ့မဲပေးနိုင်မယ့်အခြေအနေမရှိဘူး။ အဲဒီထက်ပိုပြောရရင် တော့ ဒီပွဲဟာ အင်္ဂါမစုံတဲ့ ပွဲပေါ့နော်။ တစ်ဖက်သတ် အနိုင်ကျင့်သလိုဖြစ်နေတယ်။ တစ်နည်းအားဖြင့်ပြောရရင်တော့ ဂုဏ်သိက္ခာမရှိတဲ့ရွေးကောက်ပွဲပေါ့”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို မဲမသမာမှုပြုလုပ်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းယူခဲ့ တာဖြစ်ပြီး အခု သူတို့အစီအစဉ်နဲ့ ရွေးကောက်ပွဲပြန်လည်ကျင်းပဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
မြန်မာစစ်တပ်နဲ့ ကြံရာပါဖြစ်နေတဲ့ တရုတ် လေယာဉ်ကုမ္ပဏီ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။