ရမခတိုင်း စစ်ဌာနချုပ်ကို စစ်ကောင်စီ ပြန်လည်သိမ်းပိုက်နိုင်ဖို့ မဖြစ်နိုင်ကြောင်း NUG ပြော

နန်းဆိုင်ဖူး (ဝါရှင်တန်ဒီစီ)
2024.10.01
ရမခတိုင်း စစ်ဌာနချုပ်ကို စစ်ကောင်စီ ပြန်လည်သိမ်းပိုက်နိုင်ဖို့ မဖြစ်နိုင်ကြောင်း NUG ပြော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် (MNDAA) နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းယူပြီးချိန် MNDAA တပ်ဖွဲ့ဝင်အချို့အား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Facebook/ Kokang Info

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် စစ်ကောင်စီရဲ့အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဩဂုတ်လ ၃ ရက်နေ့က အပြည့်အဝထိန်းချုပ်လိုက်ပြီးတဲ့နောက် စစ်ကောင်စီက လားရှိုးမြို့အပါအဝင် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ အပြင်းအထန်လုပ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပဲ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်လာပေမဲ့ လားရှိုးကို ပြန်လည်သိမ်းပိုက်ရယူဖို့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က… “အမှန်တိုင်းပြောရရင်တော့လေ ဒီလေကြောင်းကနေပဲ လေယာဥ်ကို အသုံးပြုပြီး အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ သူတို့လုပ်နိုင်တဲ့ သဘောပါပဲ။ မြေပြင်ထိုးစစ်တွေအနေနဲ့တော့ ဒီ‌လောက်တော့ လွယ်လွယ်ကူကူနဲ့ ရဖို့နေနေသာသာ အနားကပ်နိုင်ဖို့တောင် တော်‌တော်ခက်မယ့် အနေအထားလို့ ကျွန်တော်တို့တော့ သုံးသပ်တယ်။ လေကြောင်းကျတော့ အချိန်မရွေးလာလို့ရတဲ့ အနေအထားမျိုးဖြစ်နေတာပေါ့။ လေကြောင်းတိုက်ခိုက်မှုတွေကတော့ တောက်လျှောက် သူတို့လုပ်နိုင်ပေမယ့်လည်း မြေပြင်မှာ ထိုးစစ်ဆင်ပြီး ပြန်လည်သိမ်းပိုက်ရယူဖို့ဆိုတဲ့ အနေအထားကတော့ မဖြစ်နိုင်ဘူးလို့ ပြောရမှာပေါ့” လို့ ပြောပါတယ်။

အခုလို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဟာ တိုင်းပြည်ကို မငြိမ်းချမ်းစေလိုတဲ့ သဘောလို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။

စစ်ကောင်စီဟာ ရမခတိုင်းစစ်ဌာနချုပ်ကို လက်လွတ်ဆုံးရှုံးရပြီးတဲ့နောက် မိုင်းရယ်မြို့နယ်မှာ ရမခ တိုင်းစစ်ဌာနချုပ် အသစ်ပြန်လည်ဖွဲ့စည်းထားတာလည်း ရှိပါတယ်။ မိုင်းရယ်မြို့နယ်မှာ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၃၂၅)၊ ခြေလျင်တပ်ရင်း ခလရ (၆၇) နဲ့ ခြေလျင်တပ်ရင်း ခလရ (၂၂) စတဲ့ တပ်တွေ အခြေစိုက်ထားပါတယ်။ လက်ရှိ အဲဒီတပ်တွေမှာ အင်အားဖြည့်တင်းထားပေမယ့် လားရှိုးမြို့ကို ပြန်လည်တိုက်ယူဖို့ မလွယ်ကူနိုင်ဘူးလို့ အမည်မဖော်လိုတဲ့ စစ်‌ရေးသတင်းရင်းမြစ်တစ်ဦးက RFA ကို ပြောပါတယ်။

“မြေပြင်မှာတော့ အခုထက်ထိ သူတို့ဘာမှ မလုပ်နိုင်ဘူး။ မိုင်းရယ်မှာ သူတို့ အင်အားဖြည့်ထားတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ လားရှိုးကို မကျော်လာနိုင်သေးပါဘူး။ ကျွန်တော်တို့အမြင်ကတော့ မလွယ်လောက်ဘူးလို့မြင်ပါတယ်။ လားရှိုးကို ပြန်တိုက်ဖို့ကတော့ ။ ဘာကြောင့်မလွယ်လောက်လဲဆိုတော့ သူတို့တပ်မှာ ရှိတဲ့ စိတ်ဓာတ်နဲ့ ဒီဘက် တော်လှန်ရေးတပ်ဖွဲ့‌တွေက ထင်မြင်ချက်တစ်ခု ယုံကြည်ချက် တစ်ခုနဲ့ တိုက်နေကြတယ်။ ကိုးကန့်အနေနဲ့လည်း တပ်မတွေ အကုန်တပ်စွဲထားတာရှိတယ်။ အဲ့ဒါကြောင့်ပါ”

ကိုးကန့်တပ်မတော် MNDAA အဖွဲ့က ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့က ထုတ်ပြန်သည့် လေကြောင်းမှ တိုက်ခိုက်ခံရအပြီး ပျက်စီးနေသည့် လားရှိုးမြို့တွင်းရှိ အဆောက်အအုံတစ်ခုမြင်ကွင်း။  (Photo: The Kokang/ Screenshot)
ကိုးကန့်တပ်မတော် MNDAA အဖွဲ့က ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့က ထုတ်ပြန်သည့် လေကြောင်းမှ တိုက်ခိုက်ခံရအပြီး ပျက်စီးနေသည့် လားရှိုးမြို့တွင်းရှိ အဆောက်အအုံတစ်ခုမြင်ကွင်း။ (Photo: The Kokang/ Screenshot)

စစ်ကောင်စီက အခုလို လားရှိုးကို အပြင်းအထန်တိုက်ခိုက်နေတာအပြင် မိုင်းရယ်မှာလဲ တပ်ဌာနချုပ်အသစ်လုပ်ထားတာကြောင့် တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“မိုင်းရယ်မှာ သူ့တပ်အင်အား သုံးထောင်လောက်နဲ့ ရမခ ဌာနချုပ်အသစ် လုပ်ထားတယ်။ ဒါပေမဲ့ သူ ဆက်တိုက်ဗုံးကြဲနေတာ အခုဆိုရင် MNDAA ကလည်း ဆက်လက်ပြီးတော့ မင်းအောင်လှိုင် စစ်တပ်နဲ့ ဆက်လက်ပြီး တိုက်ပွဲဝင်သွားနိုင်တယ်။ သူ့ဘက်က သဘောထားတွေ ပြောင်းပြန် ပြန်ဖြစ်ပြီးတော့ ကျွန်တော်တို့ တော်လှန်ရေးထဲမှာ ခုခံရေးအင်အားစုတစ်ရပ်အနေနဲ့ပဲ ဖြစ်ဖြစ် ဆက်လက် ပါဝင်နိုင်တဲ့အနေအထား ရောက်ရှိသွားနိုင်တယ်။ အဲ့ဒါကြောင့် လားရှိုးရဲ့အခြေအနေက ပိုပြီးတော့ ဆိုးလာနိုင်ပါတယ်”

ရမခတိုင်း စစ်ဌာနချုပ်ကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းနေတဲ့အပေါ် တုံ့ပြန်ချက်ရဖို့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ခေါ်ဆိုခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် MNDAA က ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးတွေကို ခန့်အပ်ပြီး ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေးစနစ်တွေရအောင်လည်း စီစဉ်နေပါတယ်။


ဆက်နွှယ်သော သတင်းများ

ရှမ်းမြောက် မြို့တွေပြန်လည်သိမ်းပိုက်ရေး စစ်ကောင်စီ အင်အားဖြည့် ကြိုးပမ်းနေ

သိမ်းထားတဲ့မြို့တွေက ပြည်သူတွေ လေကြောင်းရန် ကြောက်လန့်ဆဲ

ရှမ်းပြည်နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ် အင်အားအလုံးအရင်း ထပ်ဖြည့်


MNDAA ရဲ့ အုပ်ချုပ်ရေးယန္တရား လားရှိုးမြို့မှာ ပြန်လည်ပတ်နေတာကို စစ်ကောင်စီက လိုက်နှောင့်ယှက်နိုင်တာဖြစ်တယ်လို့ လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

"ကိုးကန့်တွေရဲ့ အုပ်ချုပ်မှုကို မဖြစ်‌မြောက်စေချင်ဘူးလို့ ကျွန်မတို့ထင်ပါတယ်။ ကျွန်မတို့ကျတော့ ဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ် ကျွန်မတို့က အေးအေးချမ်းချမ်းနေချင်တယ်။ အသက်အိုးအိမ်လုံခြုံတယ်ဆိုရင် ကျွန်မတို့ ကျေနပ်ပါတယ်။ ဒါကြောင့် သူတို့က ပြည်သူလူထုကို မပေးနေစေချင်တာလားမသိ၊ အဲ့လိုကြောင့် သူတို့က လေကြောင်းကနေ လိုက်ခြိမ်း‌ခြောက်တိုက်ခိုက်တယ်။ ပြည်သူတွေ ကြောက်ပြီးမနေရဲအောင် MNDAA ရဲ့ အုပ်ချုပ်ရေးမအောင်မြင်အောင် သူတို့အဲ့ဒီလို နှောင့်ယှက်နေတယ်လို့ ကျွန်မတို့ အဲ့လိုမြင်တယ်"

MNDAA ဟာ လားရှိုးမြို့ကို ထိန်းချုပ်ပြီးနောက်ပိုင်း လျှပ်စစ်မီးတွေ၊ ဖုန်းလိုင်း အင်တာနက်လိုင်း‌တွေ ပြန်လည်ရရှိအောင် လုပ်ဆောင်နေချိန် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းက စစ်ဘေးတိမ်းရှောင်ထွက်ပြေးသွားတဲ့ ပြည်သူတွေ လားရှိုးမြို့ ပြန်လည်ဝင်ရောက်လာချိန်မှာပဲ စစ်ကောင်စီက အခုလို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတာတွေ ပြုလုပ်လာတဲ့အတွက် ပြည်သူတချို့ ဒုတိယအကြိမ် ပြန်လည်ထွက်ပြေးခဲ့ရပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီက သြဂုတ်လ ၃၀ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ တစ်လအတွင်း လေကြောင်းကနေ ဆယ်ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်တာကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးအပါအဝင် သုံးဦး သေဆုံးပြီး အရပ်သား ငါးဆယ်ကျော် ဒဏ်ရာရခဲ့တဲ့အပြင် လားရှိုးမြို့မစျေးဆိုင်ခန်းတွေအပါအဝင် မြို့ရဲ့အထင်ကရ ဟိုတယ်တွေနဲ့ အရပ်သားနေအိမ်အများအပြား ပျက်စီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။