စစ်ကောင်စီလယ်ယာဌာန သတ်မှတ်စပါးစျေး တောင်သူတွေ တွက်ခြေမကိုက်

RFA Burmese
2023.10.29
စစ်ကောင်စီလယ်ယာဌာန သတ်မှတ်စပါးစျေး တောင်သူတွေ တွက်ခြေမကိုက် စပါးစိုက်ပျိုးနေကြသည့် စစ်ကိုင်းတိုင်းမှ လယ်သမားတချို့အား ၂ဝ၂၃ ခုနှစ် ဇူလိုင်လနှောင်းပိုင်းက‌ တွေ့ရစဉ်။
RFA

၂၀၂၃ ခုနှစ် မိုးစပါးနဲ့ ၂၀၂၄ ခုနှစ် နွေစပါးစျေးနှုန်းအတွက် စစ်ကောင်စီရဲ့ လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး ဌာနလက်အောက်ခံ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင် အဖွဲ့က အောက်တိုဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာတဲ့ စပါးတင်းတစ်ရာကို ကျပ်ခုနစ်သိန်းခွဲဆိုတဲ့ စျေးနှုန်းဟာ စိုက်ပျိုးစရိတ်မကာမိလို့ အရှုံးပေါ်မယ်လို့ တောင်သူတွေက RFA ကို ပြောပါတယ်။

ဒါပေမဲ့ လက်ရှိစျေးကွက်ပေါက်စျေးဟာ ခုနစ်သိန်းခွဲထက်ကျော်နေရင်တော့ ပေါက်စျေးအတိုင်း ဝယ်ရမှာဖြစ်ပြီး၊ ကျနေရင်တော့ ခုနစ်သိန်းခွဲနဲ့ ဝယ်ရမယ်လို့ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ဖော်ပြပါတယ်။

“ဘယ်ပြေမှာလဲကွာ သူတို့သတ်မှတ်တဲ့စျေးနဲ့ တို့က ကုန်ကျစရိတ်ကများတာ"

သတ်မှတ်လိုက်တဲ့ စျေးနဲ့ ရောင်းဖို့အခက်အခဲရှိတဲ့ တောင်သူတွေအနေနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကို ဆက်သွယ်နိုင်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကတော့ အခုနှစ် မိုးစပါး တင်းတစ်ရာ ရည်ညွှန်းစျေးတွေ အဖြစ် ဧည့်မထနဲ့ ငစိန်ကို ကျပ် ၁၃ သိန်းကနေ ၁၅ သိန်း၊ ဧရာဝတီပေါ်ဆန်းကို ကျပ် ၁၆ သိန်းက ၁၈ သိန်း၊ ရွှေဘိုပေါ်ဆန်းကို ကျပ် ၁၆ သိန်းကနေ သိန်း ၂၀ နဲ့ ဧရာမင်း၊ ဧရာပဒေသာကို ကျပ် ၁၆ သိန်းကနေ ၁၈ သိန်းကြားမှာရောင်းဝယ်ရမယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒီစျေးနှုန်းတွေဟာ ကုန်ကျစရိတ်နဲ့ မကိုက်ဘူးလို့ ဧရာမင်းစပါး စိုက်ပျိုးနေတဲ့ စစ်ကိုင်းတိုင်းက အမည်မဖော်လိုတဲ့ လယ်သမားတစ်ယောက်က ပြောပါတယ်။

“ဘယ်ပြေမှာလဲကွာ သူတို့သတ်မှတ်တဲ့စျေးနဲ့ တို့က ကုန်ကျစရိတ်ကများတာ။ တို့ဘက်က စိုက်တာတော့ ဧရာမင်းဘေးကြားနဲ့ ရွှေဝါထွန်းတို့ပါကွာ။ (သိန်း) နှစ်ဆယ်ကျော်မှ တို့ဘက်က အဆင်ပြေမှာ။ မြေဆီစရိတ်နဲ့ ထွန်ယက်စိုက်ပျိုးစရိတ်နဲ့ အခုဟာက မနက်ခင်း ၁၀ နာရီခွဲတောင်မှ (အလုပ်သမားခ) ငါးထောင်ပေးရတယ်ကွာ လူတစ်ယောက်ကို။ ဒီဇယ်တစ်ဂါလန်ကို တစ်သောင်းကျော်ပေးရတယ်ကွာ။ ဒီမြေဆီဖျန်းဘူးတစ်လုံးကို ကိုးသောင်းနဲ့ တစ်သိန်း နဲ့ကြား ဝယ်နေရတယ်ကွာ။ အရင် ဆယ်ဧကကို တို့က နှစ်လုံးကြဲမှ အဆင်ပြေတာကို။ တို့ဘက်မို့ နှစ်လုံးလောက် ကြဲရတာ။ တချို့နေရာတွေ ခြောက်လုံးလောက်ကြဲရတာ”

အခုစျေးနှုန်းအတိုင်းသာဆိုရင် လယ်မြေတွေကို စပါးမစိုက်ဘဲ နွားစာကျက်အဖြစ်ထားဖို့ပဲ ရှိတော့တယ်လို့ သူက ပြောပါတယ်။

မကွေးတိုင်းက လယ်လုပ်ငန်းလုပ်ကိုင်နေကြသည့် လယ်သမားများအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မကွေးတိုင်းက လယ်လုပ်ငန်းလုပ်ကိုင်နေကြသည့် လယ်သမားများအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မကွေးတိုင်းမှာ ဧရာပဒေသာ စပါးစိုက်ပျိုးနေတဲ့ အမည်မဖော်လိုတဲ့ တောင်သူတစ်ယောက် ကလည်း ဆန်စပါးအသင်းချုပ်ကသတ်မှတ်တဲ့ စျေးနှုန်းက တောင်သူတွေအတွက် အရှုံးပေါ်နေပြီလို့ ပြောပါတယ်။

“အဲဒီစျေးကွက်နဲ့ အခုခေတ်ရဲ့ ကုန်ကျစရိတ်နဲ့ကျတော့ ကျွန်တော်တို့တောင်သူတွေမှာ ရှုံးကြတာပေါ့။ အနည်းဆုံး ကျွန်တော်တို့ဆီက စပါးတစ်ရာ (တင်း) ကို သိန်းနှစ်ဆယ် လောက်မှမရလို့ရှိရင် အဲဒီ ဧရာပဒေသာ က ကျွန်တော်တို့တောင်သူတွေအတွက် ဘယ်လိုမှအမြတ်မရှိဘူး”

ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ အခုသတ်မှတ်စျေးနှုန်းတွေနဲ့ ဝယ်ယူဖို့အခက်အခဲရှိရင် အသင်းချုပ်၊ ညီနောင်အသင်းတွေနဲ့ ကုန်စည်ဒိုင်တွေကို အသိပေးဖို့ စျေးပိုပေးဝယ်ယူတာတွေကိုလည်း ဖော်ထုတ်တင်ပြဖို့ အသိပေးထားပါတယ်။

ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကတော့ အခုနှစ်မိုးစပါးအတွက် သတ်မှတ်စျေးနှုန်းတွေဟာ ထုတ်လုပ်သူနဲ့ စားသုံးသူကြား အဆင်ပြေအောင် သေသေချာချာ စဉ်းစားဆောင်ရွက်ထားတာလို့ RFA ကို ပြောပါတယ်။

“မိုးစပါးပေါ်ချိန်မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့စျေးနှုန်း၊ သင့်တင့်မျှတတဲ့စျေးနှုန်းဖြစ်အောင် ဝိုင်းပြီးတော့ စီစဉ်ရတယ်ပေါ့နော်။ သင့်တင့်မျှတတဲ့စျေးနှုန်းဆိုတဲ့နေရာမှာ စားသုံးသူတွေလည်း အဆင်ပြေရမယ်။ ထုတ်လုပ်သူတွေလည်း အဆင်ပြေရမယ်ဆိုတဲ့ အနေအထားကို ကြည့်ရတာပေါ့နော်။ တစ်ဖက်ဖက် ကို အလွန်အမင်း ဇောင်းပေးလိုက်တဲ့အခါမှာ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ် လာတတ်တယ်ပေါ့နော်။ ဒါကြောင့် ဒါကို သေချာစဉ်းစားပြီးတော့ ဆောင်ရွက်ပါတယ်”

စပါးတင်းတစ်ရာကို ကျပ် ၁၄ သိန်းဆိုရင် ဆန်တစ်အိတ် ကျပ် ခြောက်သောင်းကျော် ကျသင့်ပြီး စားသုံးသူတွေအတွက် ဆန်တစ်အိတ်ကို ကျပ် ငါးသောင်းကနေ ခြောက်သောင်းကြားမှာ စျေးတည်ငြိမ်စေချင်တယ်လို့ ဦးရဲမင်းအောင်က ပြောပါတယ်။

မြေလတ်ဒေသနဲ့ အထက်မြန်မာပြည်က လယ်သမားတွေက စိုက်ပျိုးစရိတ်ကြီးလို့ သတ်မှတ်စျေးနဲ့ဆို အရှုံးပေါ်နေပြီလို့ ပြောဆိုကြသလို၊ အောက်မြန်မာပြည် ဧရာဝတီတိုင်းမှာတော့ သတ်မှတ်စျေးတောင်မရဘူးလို့ လယ်သမားတွေက ပြောပါတယ်။

“ဒီနှစ်မှာတော့ ဒီဘက်မှာ မြို့ပေါ်မှာဆိုရင် ငစိန်က ၁၃ သိန်းပေါက်နေတယ်။ ပေါ်ဆန်းကျတော့ ၁၅ သိန်း၊ ၁၆ သိန်း ပေါက်နေတယ်။ ဒီမှာကျတော့ ပေါ်ဆန်းက ၁၃ သိန်းလောက်ပဲ ရတာပေါ့။ ဒီငစိန်ကျတော့ ၁၁ သိန်းပဲ ရတာ”

ဧရာဝတီတိုင်းမှာ ငစိန်နဲ့ ဧရာဝတီပေါ်ဆန်း စိုက်ပျိုးနေတဲ့ အမည်မဖော်လိုတဲ့ လယ်သမားတစ်ယောက် ပြောသွားတာပါ။

လယ်သမားတွေအတွက် နောက်ထပ်အခက်အခဲကတော့ ရာသီဥတုမကောင်းလို့ အထွက်နှုန်းမပြည့်တဲ့ ပြဿနာပါ။

ဒါကြောင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ သတ်မှတ်စျေးနှုန်းအတိုင်း အပြည့်အဝမရရင် လယ်အလုပ်ကို ဆက်လုပ်ဖို့ ခက်ခဲသွားနိုင်တယ်လို့ သူက ပြောပါတယ်။

ရန်ကုန်တိုင်း ဒလမြို့နယ်က လယ်သမားများ လယ်ယာလုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်နေကြသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (Photo : RFA)
ရန်ကုန်တိုင်း ဒလမြို့နယ်က လယ်သမားများ လယ်ယာလုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်နေကြသည်ကို ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (Photo : RFA)

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ အခုနှစ် မေလမှာ တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် လည်း ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက ဧကပေါင်း ခြောက်သောင်းနှစ်ထောင်ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း နိုင်ငံအနှံ့ မိုးဆက်တိုက်ရွာတာကြောင့် ပဲခူးတိုင်းမှာတင် စပါးခင်းဧက သိန်းနဲ့ချီ ပျက်စီးခဲ့တယ်လို့ တောင်သူတွေက RFA ကို ပြောပါတယ်။

ဒီလို ရာသီဥတုကြောင့်ရော၊ စိုက်ပျိုးစရိတ်ကြီးတဲ့ အခြေအနေမှာပါ စပါးစျေး ကောင်းကောင်းမရရင် လယ်သမားတွေ နစ်နာလိမ့်မယ်လို့ ဧရာဝတီတိုင်းက အမည်မဖော်လိုတဲ့ စပါးကုန်သည်တစ်ယောက်က ပြောပါတယ်။

“အခုလောလောဆယ် ခန့်မှန်းထားတာထက် တအားကြီးကျသွားရင် လယ်သမားတွေအတွက်တော့ နာတာပေါ့။ ဒီမိုးတွင်းဝယ်ပြီး သုံးထားရတာ။ ဆီဈေး၊ ပုလဲ(ဓာတ်မြေဩဇာ)၊ စက်ကိုင် (စက်ပြင်) တဲ့ စက်ပစ္စည်းဈေးတွေ ကလည်း အမြင့်တွေနဲ့ လုပ်ထားပြီးမှ နွေပေါက်တော့ စပါးဈေးကျတော့ သူတို့အဖို့ရာ နစ်နာတာကိုး”

ပြည်တွင်းဆန်စျေးနှုန်းဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ရွှေဘိုပေါ်ဆန်း ၂၄ ပြည် တစ်အိတ်ကို သုံးသောင်းတစ်ထောင် ကျပ် ရှိခဲ့ရာကနေ အခုနှစ်၊ အောက်တိုဘာလလယ်မှာ တော့ တစ်သိန်းလေးသောင်းကျပ် ဝန်းကျင်အထိ ဖြစ်နေပါတယ်။

ငစိန်ဆန်နဲ့ ဇီယာအုပ်စုဝင် ဆန်ကြမ်းဈေးနှုန်းကလည်း အရင်က နှစ်သောင်းတစ်ထောင် ကျပ် ဝန်းကျင်က နေ အခု ကိုးသောင်းဝန်းကျင်အထိ ဖြစ်နေပါတယ်။

ဒါကြောင့် စိုက်ပျိုးရတဲ့ လယ်သမားတွေလည်း အကျိုးအမြတ်မရသလို၊ စားသုံးရတဲ့ ပြည်သူတွေမှာလည်း စျေးကြီးပေးနေရတဲ့အခြေအနေ ဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။