မုန်းမှာ တပ်ရင်းမှူးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်သားတွေ လက်နက်ချ
2023.12.05
ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက နှစ်ရက်ကြာတိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၄ ရက်နေ့မှာ သိမ်းယူခဲ့ပါတယ်။
ဒီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအဆင့်အပါအဝင် အများအပြား လက်နက်ချခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်း ဒုတိယစစ်ဒေသခွဲမှူး ဦးတင်ဦးက ပြောပါတယ်။
" KNLA ၊ PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဆီကို စစ်ကောင်စီဘက်က လက်နက်ချအလင်းဝင်တာကတော့ ခလရ ၈၄ ကလည်းပါတယ်။ နောက် လက်ရုံးတပ်တွေလည်း ပါတယ်။ အဆင့်ကတော့ ဗိုလ်မှူးအဆင့်တွေ ဒုရင်းမှူးအဆင့်ပေါ့။ ဗိုလ်ကြီးအဆင့်တွေလဲ ပါတယ်။ အခြားအကြပ်စစ်သည်တွေလဲ ပါတယ်။ အရေအတွက်ကတော့ သက်ဆိုင်ရာ KNU တို့ NUG တို့က ထုတ်ပြန်ပါလိမ့်မယ်"
ဒီစခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးတာတွေရှိခဲ့ပြီး စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် အင်အားအများအပြား လက်နက်ချအညံ့ခံခဲ့တယ်လို့လည်း KNU က ဒီဇင်ဘာ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပေမဲ့ အရေအတွက် အသေးစိတ်ကိုတော့ ထုတ်ပြန်တာမရှိသေးပါဘူး။
KNU က စစ်ကောင်စီ တပ်ရင်းမှူး လက်နက်ချအညံ့ခံခဲ့တယ်လို့ ထုတ်ပြန်ထားသလို တောင်ပိုင်းတိုင်း ဒုတိယစစ်ဒေသခွဲမှူး ဦးတင်ဦးကတော့ ခလရ (၈၄)က ဒုတပ်ရင်းမှူးလို့ ပြောဆိုထားပါတယ်။ ဒီကွဲလွဲချက်နဲ့ပတ်သက်ပြီး RFA အနေနဲ့ အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ စစ်ကူလွှတ်လိုက်တဲ့ ခြေလျင်တပ်ရင်း ခလရ (၈၄) က တပ်ဖွဲ့ဝင်တွေလည်း မြေပြင်အရောက်မှာ လက်နက်ချခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကလည်း ဒီဇင်ဘာ ၄ ရက်ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
မုန်းမြို့ဟာ ပဲခူးတိုင်းမှာ ပထမဆုံး တော်လှန်ရေးအဖွဲ့တွေ သိမ်းယူနိုင်တဲ့မြို့လည်းဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ခမရ ၅၉၉၊ ခမရ ၅၉ဝ၊ မုန်းမြို့မရဲစခန်း၊ တံတားထိပ်ဂိတ်စခန်း အဲဒီစခန်းလေးခုလုံးကို သိမ်းပိုက်လိုက်တာလို့ KNU က ဆိုပါတယ်။
မုန်းမြို့မှာရှိတဲ့ စစ်ကောင်စီစခန်းတွေကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေ ပြုလုပ်တာကြောင့် အရပ်သားတွေ သေဆုံးရသလို ထွက်ပြေးနေရတဲ့ ဒေသခံတွေလည်း ထောင်နဲ့ချီရှိပါတယ်။
ဒေသခံပြည်သူလူထုတွေ နေလို့မရအောင် အဲဒီစခန်းတွေကနေ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အခုလို တိုက်ခိုက်သိမ်းပိုက်ရတာလို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒို စောကလယ်စေးက RFA ကို ပြောဆိုထားပါတယ်။
"ကျွန်တော်တို့ရဲ့ ပစ်မှတ်ကတော့ စစ်ကောင်စီရဲ့ တပ်စခန်းတွေနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေဖြစ်ပါတယ်၊ မြို့သိမ်းဖို့တော့ အစီစဉ်မရှိသေးပါဘူး၊ နှစ်ဖက်ထိခိုက်မှုရှိတယ်လို့တော့ ကြားသိရပါတယ် အတိအကျတော့ ပြောလို့မရသေးပါဘူး "
မုန်းဒေသကို သိမ်းနိုင်တာဟာ စစ်ကောင်စီအတွက် ထိုးနှက်ချက်တစ်ခုလို့ တောင်ပိုင်းတိုင်း ဒုတိယစစ်ဒေသခွဲမှူး ဦးတင်ဦးက ပြောပါတယ်။
" မုန်းဒေသကို စိုးမိုးထိန်းချုပ်နိုင်တာဟာ မဟာဗျူဟာအရ စစ်ကောင်စီအတွက် ထိုးနှက်ချက်ပါ၊ နောက်တစ်ဆင့်ပြီးတစ်ဆင့် စစ်ဆင်ရေးတွေအတွက် အခြေခံအုတ်မြစ်တွေပါပဲ"
မုန်းမြို့ကို သိမ်းလိုက်တာဟာ နေပြည်တော်ကို ဝန်းပတ်ချေမှုန်းဖို့အတွက် အလားအလာရှိတဲ့ ခြေလှမ်းလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
"မဟာဗျူဟာလမ်းကြောင်းကတော့ ရန်ကုန်-မန္တလေး ကားလမ်း၊ ရထားလမ်းပေါ်က ချဉ်းကပ်နိုင်ဖို့၊ လွှမ်းမိုးနိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုလို့ ယေဘုယျ ပြောလို့ရပါတယ်။ မုန်းမြို့ကနေတစ်ဆင့် ကျွန်တော်တို့ ရန်ကုန်-မန္တလေး ကားလမ်း၊ ရထားလမ်းတွေကို ဝင်ရောက်လှုပ်ရှားနိုင်ဖို့ နောက်တစ်ဆင့်ရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ နေပြည်တော်ကို ဝန်းပတ်ချေမှုန်းရေးအတွက်တော့ အလားအလာရှိတဲ့ ခြေလှမ်းလို့ ပြောလို့ရပါတယ် "
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ မုန်းမြို့က တပ်ရင်းတစ်ခုကို ပြန်သိမ်းနိုင်တယ်လို့ သူတို့ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ပြောဆိုထားပါတယ်။
" ဒီဇင်ဘာလ ၄ ရက်နေ့အထိ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ တချို့နေရာတွေမှာ မိသားစုတွေကို လုံခြုံစိတ်ချတဲ့နေရာကို ရွှေ့ပြောင်းပေးရတာတွေ ရှိပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာလည်း ကျွန်တော်တို့က စနစ်တကျ ပြန်လည်စုဖွဲ့ပြီးတော့ တပ်ရင်းတစ်ရင်းကို ပြန်လည်ဝင်ရောက်ပြီးတော့ လုံခြုံရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ် "
စစ်ကောင်စီဘက် ဒီဇင်ဘာ ၄ ရက်နေ့ညကနေ တောက်လျှောက် လေကြောင်းကနေ မဟာမိတ်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ တပ်စခန်းထဲကို တိုက်ခိုက်နေတာကြောင့် ခဏရှောင်နေချိန် စစ်ကောင်စီဘက်က တပ်သားတချို့ လာရောက်ချထားခဲ့တယ်လို့ တောင်ပိုင်းတိုင်း ဒုတိယစစ်ဒေသခွဲမှူး ဦးတင်ဦး ကပြောပါတယ်။
လက်ရှိ မုန်းမြို့ကို စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ပြန်ယူဖို့ ကြိုးစားနေတယ်လို့လည်း မဟာမိတ်အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။