စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာမှု ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ကြိုဆို

ဝေမာထွန်း(ဝါရှင်တန်ဒီစီ)
2023.09.04
စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာမှု ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ကြိုဆို စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ရစဉ်။
SAI AUNG MAIN / AFP

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စက်တင်ဘာ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ သုံးရက်ကျင်းပခဲ့တဲ့ အရပ်ဘက်အဖွဲ့တွေ ပူးပေါင်းကျင်းပတဲ့ လူထုဖိုရမ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ထောက်ပြပြောဆိုပြီး မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့တာပါ။

အာဆီယံနိုင်ငံတွေရဲ့ အရပ်ဘက်အဖွဲ့တွေက စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလိုက်တာဟာ တော်လှန်ရေးအင်အားစုတွေအတွက် သံတမန်ရေးရာအရ အားသာချက်တစ်ခု ထပ်ရစေတယ်လို့ အာဏာရှင်စနစ် တော်လှန်ရေးအတွက် ပါဝင်ဆောင်ရွက်နေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမင်းသွေးသစ် က ပြောပါတယ်။

“ကျွန်တော်တို့ တော်လှန်ရေးအတွက် သံတမန်ရေးရာအရ နောက်ထပ်အားသာချက် တစ်ခုရတယ်လို့ ကျွန်တော်တို့ ယူဆတယ်။ AFP ဆိုတာက အစိုးရမဟုတ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ စုပြီးတော့ အစည်းအဝေးလုပ်ကြတာဖြစ်တယ်။ ဒါက တကယ်တမ်းတော့ ပြည်သူစစ်စစ်တွေလို့ ပြောလို့ရတယ်။ ပြည်သူစစ်တွေရဲ့ စကားသံ ကို ကျွန်တော်တို့ တော်လှန်ရေးအတွက် ကြားရတာဖြစ်တယ်။ သူတို့ရဲ့ ထောက်ခံမှုနဲ့ စစ်ကောင်စီကို ဆန့်ကျင်မှုတွေကို ကျွန်တော်တို့ တွေ့ရတာဖြစ်တဲ့အတွက် ကမ္ဘာကြီး အနေနဲ့လည်း ဒီသတင်းစကားကို ကြားတယ်ဆိုရင် ကျွန်တော်တို့နိုင်ငံကို လူသားဆန်တဲ့ လူကို လူလို့ တန်ဖိုးထားတဲ့ ဘယ်ပြည်သူမဆို ကျွန်တော်တို့နိုင်ငံမှာ အကြမ်းဖက်မှု ကျင့်သုံးတဲ့ ဒီအစိုးရကို လက်မခံဘူးဆိုတာ နားလည်ကြဖို့လိုတယ်။ ဒါက ပြည်သူ့အသံ စစ်စစ်ဖြစ်တဲ့အတွက် ကျွန်တော်တို့က ကြိုဆိုတယ်။ အားလည်းအားရပါတယ်”

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းမှာ အင်တာနက် ဖြတ်တောက် တာ၊ လေကြောင်းတိုက်ခိုက်တာ၊  လူမျိုးတုံးသတ်ဖြတ်တာ၊  မုဒိမ်းမှုကျူးလွန်တာ စတဲ့ လူသားမျိုးနွယ်စုအပေါ် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေပြီး ဒီလုပ်ရပ်တွေက ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတယ်လို့ အာဆီယံဒေသတွင်းက အရပ်ဘက်အဖွဲ့တွေက ထောက်ပြပြောဆိုခဲ့တာပါ။

"ကျွန်တော်တို့နိုင်ငံကို လူသားဆန်တဲ့ လူကို လူလို့ တန်ဖိုးထားတဲ့ ဘယ်ပြည်သူမဆို ကျွန်တော်တို့နိုင်ငံမှာ အကြမ်းဖက်မှု ကျင့်သုံးတဲ့ ဒီအစိုးရကို လက်မခံဘူးဆိုတာ နားလည်ကြဖို့လိုတယ်"

အာဆီယံလူထုဖိုရမ်ရဲ့ စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာချက်ဟာ နိုင်ငံရေးအရ သက်ဆိုင်ရာအစိုးရအဖွဲ့တွေကို တွန်းအားတစ်ရပ်ဖြစ်ဖို့ မျှော်လင့်တယ်လို့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင် ကပြောပါတယ်။

“သူတို့ရဲ့ ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကနေ တစ်ဆင့် နိုင်ငံတော်အဆင့် အသံထုတ်နိုင်မယ်လို့ ကျွန်တော်တို့ မြင်တယ်။ ဒေသတွင်း လူထုဖိုရမ်လုပ်ပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်ကို သူတို့ ရှုတ်ချတယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်နေတဲ့ အခြေအနေမှန်တွေကို မှန်မှန်ကန်ကန်ရှုမြင်ပြီး အကြမ်းဖက် လုပ်ရပ်တွေကို လုပ်နေ တာ စစ်ကောင်စီဖြစ်တယ်။ ကမ္ဘာ့တရားရုံးလို တရားရုံးမှာလည်း ရာဇဝတ်မှုကို ကျူးလွန်နေတဲ့ လူသားမျိုးနွယ်စုအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်နေတဲ့ အမှုကို ရင်ဆိုင်နေတဲ့ စစ်အုပ်စုဖြစ်တယ်ဆိုတာကို မြင်သာစေတဲ့အတွက် ဒီအချက်က နိုင်ငံရေးအတွက် တွန်းအားတွေ ဖြစ်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်”  

အာဆီယံလူထုဖိုရမ် ၂၀၂၃ ကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စ်စတေး နဲ့ ဗီယက်နမ်စတဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေက အရပ်ဘက်အဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။ အဲဒီညီလာခံမှာ တက်ရောက် လာသူတွေက စစ်ကောင်စီကိုခုခံနေတဲ့ မြန်မာပြည်သူတွေနဲ့ သူတို့ တစ်သားတည်း ရှိကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

“မြန်မာနိုင်ငံမှာ ပြည်သူတွေ ဘာတွေလိုချင်နေတယ်။ ဘာဖြစ်ချင်နေတယ်ဆိုတာ ပြည်သူတွေက တိတိကျကျ ကွဲကွဲပြားပြားသိပြီးသား။ အခုလို ဒေသတွင်းမှာရှိတဲ့ ပြည်သူလူထုဘက်ကလည်း ဒီသဘောထားရှိတယ်ဆိုတဲ့ အနေအထားမျိုးကို ရောက်လာ တဲ့အခါ စီမံအုပ်ချုပ်တဲ့လူတွေဟာ ပြည်သူလူထုရဲ့ လိုလားချက်တွေနဲ့ ကင်းကွာနေတယ် ဆိုတာ မျိုးကို ပြတ်ပြတ်သားသားမြင်သွားတဲ့အတွက် နိုင်ငံတကာက ပြည်သူ့ သဘောထားကို ပိုသိသွားတဲ့ သဘောထားမျိုးရှိပါတယ်”

ဒါကတော့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာပြည်တွင်းက အရပ်ဘက် အဖွဲ့အစည်း တစ်ခုမှာ တာဝန်ယူနေသူတစ်ဦး ပြောသွားတာပါ။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပသည့် အာဆီယံအစည်းအဝေးတွင် မြန်မာကိုယ်စားပြုနေရာ လစ်လပ်နေစဉ်။ (Photo: Mast IRHAM / POOL / AFP)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပသည့် အာဆီယံအစည်းအဝေးတွင် မြန်မာကိုယ်စားပြုနေရာ လစ်လပ်နေစဉ်။ (Photo: Mast IRHAM / POOL / AFP)

အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကြေညာချက်ကို သက်ဆိုင်ရာ အာဆီယံနိုင်ငံတွေရဲ့ အစိုးရအဖွဲ့တွေက လက်ခံပြီး အရေးယူဆောင်ရွက်ဖို့ မြန်မာပြည်ဒီမိုကရေစီရရှိရေး ဆောင်ရွက်နေသူတွေက လိုလားကြောင်း ပြောကြပါတယ်။

ဒီအတောအတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာ ဒီနေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ချမှတ် ထားတဲ့ ဘုံသဘော တူညီချက် ငါးရပ်ကို စစ်ကောင်စီက အကောင်အထည်မဖော်နိုင်တဲ့ အခြေအနေတွေကို ထည့်သွင်းပြောခဲ့ကြပါတယ်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် သဘောတူလက်မှတ်ထိုးခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေကို လိုက်နာဖို့ ပျက်ကွက်လို့ဆိုပြီး မြန်မာနိုင်ငံကတော့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးနဲ့ ထိပ်သီးအစည်းအဝေးတွေမှာ အစည်းအဝေးတက်ရောက် ခွင့် ပိတ်ပင်ခံထားရပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။