ကောလင်းတစ်မြို့လုံးနီးပါး မီးရှို့ဖျက်ဆီးခံထားရ

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2024.02.24
ကောလင်းတစ်မြို့လုံးနီးပါး မီးရှို့ဖျက်ဆီးခံထားရ မီးရှို့ဖျက်စီးခံရသည့် ကောလင်းမြို့အား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက တွေ့ရစဉ်။
Citizen Journalist

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သုံးလကြာထိန်းချုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့ကို စစ်ကောင်စီဘက်က ဖေဖော်ဝါရီလ ၄ ရက်လောက်ကစပြီး အပြင်းအထန် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီလိုထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့လောက်မှာတော့ စစ်ကောင်စီဟာ မြို့ပေါ်ရပ်ကွက်တွေကို ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီး ကျန်တဲ့ကျေးရွာတွေကိုတော့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက်ပိုင်း မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ကျွန်တော်တို့ကောလင်းမြို့မှာ မြို့ပေါ်ရှစ်ရပ်ကွက်ရှိတယ်၊ အဲဒီ ရှစ်ရပ်ကွက်လုံး မီးရှို့ခံရတယ်၊ ကျန်တယ်လို့ ယူဆရတဲ့နေရာတွေက ကျွန်တော်တို့လဲ ဓာတ်ပုံကိုကြည့်ပြီးပြောရတာဆိုတော့ အခိုင်အမာအဆောက်အဦးရှိတဲ့နေရာတွေ ကျန်တယ်ဗျ၊ အဲဒီနေရာတွေကို တပ်တွေချထားပြီးတော့မှ သူတို့မြင်ကွင်း မရှင်းတဲ့ ဧရိယာတွေကို အကုန်လုံးမီးရှို့တာပေါ့နော်၊ ရှင်းရှင်းလေးပြောရင် သူတို့နေတဲ့နေရာကလွဲပြီး အကုန်လုံးကို မီးရှို့ပစ်တာပေါ့ "

ကောလင်းမြို့ပေါ်ကို စစ်ကောင်စီက ထိန်းချုပ်ထားတယ်ဆိုတာနဲ့ မြို့ပေါ်ရပ်ကွက်တွေ မီးရှို့ဖျက်ဆီးခံရတယ်ဆိုတဲ့အခြေအနေနဲ့ ပတ်သက်ပြီး NUG တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားပေမဲ့ လတ်တလော ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

ကောလင်းမြို့ပေါ်ရပ်ကွက်တွေကို မီးရှို့ဖို့ စစ်ကောင်စီတပ်အရာရှိတစ်ယောက် ညွှန်ကြားနေတဲ့အသံဖိုင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သတင်းဌာနတွေကလည်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအသံဖိုင်နဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်ဟာ ကောလင်းမြို့ပေါ်ရပ်ကွက်တွေအပြင် မြို့အနီးအနားမှာရှိတဲ့ ကျွန်းလှခုံ၊ ခွင့်တောင်း၊ လက်ပံကွေ့၊ ကျူတော၊ ရွာမ စတဲ့ ရွာဆယ်ရွာလောက်ကိုလည်း မီးရှို့ခဲ့တယ်လို့ ကောလင်းတော်လှန်ရေးအဖွဲ့ - (KR ) က သတင်းထုတ်ပြန်ထားပါတယ်။

မီးရှို့ဖျက်စီးခံထားရသည့် ကောလင်းမြို့ရှိနေအိမ်တစ်လုံးအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ : ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
မီးရှို့ဖျက်စီးခံထားရသည့် ကောလင်းမြို့ရှိနေအိမ်တစ်လုံးအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ : ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လက်ရှိ ကောလင်းမြို့ရဲ့ရှစ်ဆယ်ရာခိုင်နှုန်းဟာ ပျက်စီးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ်တွေမီးရှို့ခံထားရတာကြောင့် ပြန်ခွင့်ရမယ်ဆိုရင်တောင် ပြန်စရာအိမ်မရှိတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် ဒေသခံတစ်ဦးက ပြောပါတယ်။

"ကျွန်တော်ကိုယ်တိုင်လည်း စစ်ဘေးရှောင်ပဲ၊ ကိုယ့်အိမ်ကိုယ်ရာမှာ နေရတာမဟုတ်ဘူး၊ ဒီတစ်ခေါက်က ကျွန်တော်တို့အိမ်ပြန်ရင်လည်း အိမ်မရှိတော့ဘူး၊ မြို့ထဲပြန်ဝင်ခွင့်ရမယ်ဆိုရင်တောင် အိမ်မရှိတော့ဘူး၊ ဒါလက်ရှိ စစ်ဘေးရှောင်ပြည်သူတွေရဲ့ခံစားချက်ပေါ့နော်၊ ကျွန်တော်တို့ကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ဒေသကာကွယ်အဖွဲ့တွေရယ်၊ အုပ်ချုပ်ရေးအဖွဲ့တွေရယ်၊ ကျွန်တော်တို့ ဆန်လိုရင်ဆန်၊ နေစရာ အခက်အခဲရှိရင် နေစရာ စီစဉ်ပေးတာတွေရှိတယ်၊ ဒါပေမဲ့လည်း သူတို့မှာ စစ်ရေးကတစ်ဖက်က လုံးပန်းနေရတော့ စစ်ဘေးရှောင်တွေအပေါ်မှာ ပျက်ကွက်နေတာတွေရှိတယ်၊ ဒါပေမဲ့ ခုချိန်မှာ ကျွန်တော်တို့က အပြစ်မြင်လို့မရဘူး"

စစ်ကောင်စီဟာ ကောလင်းမြို့ကိုပြန်ရဖို့ စတင်ထိုးစစ်ဆင်ကတည်းက လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ တောက်လျောက်ပစ်ခတ်ခဲ့တာကြောင့်လည်း လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။ ဘယ်နေ့က ဘယ်နေရာတွေ ဖျက်ဆီးခံရတယ်ဆိုတာတော့ အတည်အကျသိရဖို့ ခက်ခဲနေပါတယ်။

စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးတယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိ ကောလင်းမြို့ပေါ် ရှစ်ရပ်ကွက်နဲ့ မြို့အနီးအနားက ကျေးရွာ ၂၅ ရွာလောက်က လူဦးရေ နှစ်သောင်းခွဲလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် ထိုးစစ်ဆင်ဖို့ စတင်ပြင်ဆင်ချိန် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ထွက်ပြေးခဲ့ရတာကြောင့် ဒုက္ခသည်တွေ စားသောက်ရေးလည်း ခက်ခဲနေပါတယ်။

စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းနေရသည့် ကောလင်းမြို့ရှိ စစ်ဘေးဒုက္ခသည်များ နေထိုင်သည့် ယာယီစစ်ရှောင်တဲအား တွေ့ရစဉ်။ (ဓာတ်ပုံ : ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းနေရသည့် ကောလင်းမြို့ရှိ စစ်ဘေးဒုက္ခသည်များ နေထိုင်သည့် ယာယီစစ်ရှောင်တဲအား တွေ့ရစဉ်။ (ဓာတ်ပုံ : ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

ဖေဖော်ဝါရီ ၂၂ ရက်နေ့က ကောလင်းမြို့နဲ့ပတ်သက်တဲ့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာတော့ မြို့အတွင်းမှာ မိုင်းရှင်းလင်းတာနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး တော်လှန်ရေးအဖွဲ့တွေ ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မီးလောင်တဲ့အကြောင်း စွပ်စွဲဖော်ပြထားပါတယ်။

ကောလင်းမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်မှာ တိုက်ခိုက်သိမ်းယူခဲ့တာပါ။ အခုတော့ ကောလင်းမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ကြိုးစားနေရဆဲဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် နေအိမ်နဲ့ အဆောက်အဦ မီးရှို့ခံရတဲ့ဖြစ်စဉ်တွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar စာရင်းအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ နှစ်ကုန်အထိ နိုင်ငံတစ်ဝန်းက နေအိမ် ၇၈,၇၃၇ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။