ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းထိုးခံရပြီးနောက် နေအိမ် လေးရာကျော် မီးရှို့ခံရ
2024.08.06
ဇူလိုင် လကုန်လောက်ကစပြီး စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူပေါင်းအဖွဲ့တွေ စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကျေးရွာ ၁၁ ရွာက နေအိမ် လေးရာကျော် မီးရှို့ခံထားရသလို ဒေသခံနှစ်သောင်းလောက်လည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။
မီးရှို့ခံရတဲ့ ကျေးရွာတွေဟာ မဲသည်၊ ရှမ်းတပ်၊ သရက်ခေါင်း၊ ဘိုကုန်း၊ သပြေသာလေး၊ ပေလယ်၊ ဖလံချိုင် အစရှိတဲ့ ကျေးရွာ ၁၁ ရွာခန့်က ဖြစ်ပါတယ်။
အဲဒီကျေးရွာတွေကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့မှာ အင်အား ခြောက်ရာခန့် ပါဝင်ပြီး စစ်ကြောင်းဝင်လာတဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကစလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ပြောကြပါတယ်။
ဇူလိုင်လ ၂၆ ရက်နေ့က အိမ်ခြေ ရှစ်ဆယ်ကျော် မီးရှို့ခံခဲ့ရတဲ့ ပေလယ်ကျေးရွာက ဒေသခံတစ်ဦးကတော့ တောတွေထဲ ထွက်ပြေးနေကြရလို့ အခက်အခဲကြုံနေကြရတယ်လို့ RFA ကို ပြောပါတယ်။
"ဆယ်ရက်ရှိသွားပြီ၊ တောထဲမှာ ဆယ်ညရှိသွားပြီပဲ၊ မိုးရွာထဲ အိပ်နေရတာ။ ထွက်ကြပြေးကြဆိုတော့ ပြေးခဲ့ရတော့ စားစရာတို့၊ ဝတ်စရာတို့ အခက်အခဲတွေ ကြုံတာပ။ လှည်းနွားတွေနဲ့ဆိုတော့ မိုးရွာထဲနေရတာပ။ အိမ်တွေက တစ်ရွာလုံး မီးလောင်သွားပြီ မရှိတော့ဘူး။ ကျွန်တော်တို့ရွာရဲ့ တောင်ကနေ မကုန်းကနေ ၃ နာရီလောက် ပေလယ်ကိုလာပြီးတော့ မီးရှို့သွားတာပဲ။ တစ်ရွာလုံး နေစရာမရှိတော့ဘူး"
စစ်ဘေးရှောင်နေရသူတွေထဲမှာ ဖျားနာသူတွေလည်းရှိနေပြီး အကူအညီမဲ့နေကြတယ်လို့ သူကဆိုပါတယ်။ ဩဂုတ်လ ၆ ရက်နေ့မှာလည်း အဲဒီစစ်ကြောင်းဟာ ဖလံချိုင်ရွာကို ဝင်ရောက်ပြီး မီးရှို့ခဲ့တာကြောင့် နေအိမ် ခြောက်ဆယ်ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီကျေးရွာတွေဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားနေတယ်ဆိုပြီး ကန့်ဘလူမြို့ အခြေစိုက် အမှတ် (၆၀၀၆) အမြောက်တပ်၊ ခမရ (၃၆၁) နဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ ဒရုန်းတွေအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အရပ်သား ရှစ်ဦး သေဆုံးခဲ့သလို အယောက် နှစ်ဆယ်ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ထိခိုက်၊ သေဆုံးသူတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
အဲဒီစစ်ကြောင်းက ကျေးရွာတစ်ချို့မှာ ဒီနေ့အထိ တပ်စွဲထားဆဲဖြစ်တာကြောင့် ဒေသခံတွေ အိမ်မပြန်ရဲကြသေးဘူးလို့လည်း ပြောကြပါတယ်။
ထွက်ပြေးနေရတဲ့ ဒေသခံတွေအတွက် စားနပ်ရိက္ခာကအစ ခက်ခဲနေတယ်လို့ ဇူလိုင်လ ၂၆ ရက်နေ့က နေအိမ် ၁၁၅ လုံး မီးရှို့ခံခဲ့ရတဲ့ ရှမ်းတပ်ရွာက ရွာခံ အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။
"ဆန်၊ ဆီလည်း မပြည့်စုံတော့ဘူး၊ ပြတ်တဲ့သူတွေက ပြတ်ပြီ။ ခေါင်းရွက်လေးတွေနဲ့ သယ်ရတာဆိုတော့လေ။ ကျန်းမာရေးပျက်တဲ့ ကလေးတွေအတွက်လည်း ဆေးရုံ ဆေးခန်းမသွားရ၊ ရိက္ခာ မဖူလုံ။ အိမ်ပြန်တော့လည်း မီးတွေပါကြတာဆိုတော့ အိမ်ထဲလည်း မဝင်ရဲကြ။ ဒုက္ခရောက်တာမှ ပြောမနေပါတော့နဲ့။ အခုက ချောင်းရိုးလေးတွေမှာနေတော့ ချောင်းရိုးလေးတွေထဲက ကန်စွန်းလေးတွေက ခူးစားဖို့ကလည်း လူတိုင်းလိုလိုဆိုတော့ မရှိတော့ဘူး။ လက်လုပ်လက်စားသမား တစ်နေ့မှ လေး ငါးထောင်ဝင်တဲ့သူဆိုတော့ စားစရာက မရှိတော့ဘူးလေ။ အခုကလည်း လေး ငါး ဆယ်ရက်ကျော်သွားပြီဆိုတော့ ဒုက္ခပေါင်းစုံပါပဲ"
ရှမ်းတပ်ကျေးရွာမှာ နေအိမ် ၁၆၀ ကျော်ရှိပြီး အဲဒီအထဲက ၁၁၅ လုံး မီးရှိုးခံခဲ့ရတာလို့ ဆိုပါတယ်။
ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက နယ်မြေစိုးမိုးမှုရဖို့နဲ့ အထိုင်ချ တပ်စွဲနိုင်ဖို့အတွက် အခုလိုစစ်ကြောင်းထိုး မီးရှို့နေတာလို့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကတော့ စစ်ကောင်စီတပ် ရန်ကို သတိထားနေရသလို တစ်ဘက်ကလည်း စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာလိုအပ်ချက်ကို ကူညီဖြေရှင်းပေးနေတယ်လို့ ပြောပါတယ်။
"သူတို့မှာ ပြည်သူဆိုတာကတော့ မရှိဘူးပေါ့ဗျာ။ သူတို့မြင်နေသမျှ သူတို့မထောက်ခံတဲ့နေရာကတော့ အားလုံးက ရန်သူပဲ။ သူတို့က ဒီလိုသတ်မှတ်တာပေါ့။ လက်ရှိအနေအထားမှာတော့ ကျွန်တော်တို့က တစ်ဘက်က စစ်ကောင်စီရဲ့ လက်နက်ကြီးတွေနဲ့ ပစ်တဲ့ရန်ကို ပြန်ပြီးတော့ လုပ်ရတာတစ်မျိုး၊ တစ်ဘက်ကကျတော့လည်း ပြည်သူတွေ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေပေါ့နော့။ မိုးရွာတဲ့အခြေအနေမှာ ဒုက္ခရောက်နေတာတွေပေါ့နော့။ အဲဒါတွေကို ပြန်ပြီးတော့ ကူညီစောင့်ရှောက်ရတာ တစ်မျိုးပေါ့နော့။ ကျွန်တော်တို့မှာ လောလောဆယ်တော့ အကျပ်အတည်းထဲမှာ ရောက်နေတာပေါ့ဗျာ"
ဆက်နွှယ်သောသတင်းများ
အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် တစ်သိန်းနီးပါးရှိလာ
သုံးနှစ်အတွင်း အရေးပေါ်အကူအညီ လိုအပ်သူ ၁၇ သန်းကျော်တိုးလာ
အာဆီယံတောင်းဆိုချက် ဖြစ်လာနိုင်ခြေနည်းကြောင်း လေ့လာသူတွေ သုံးသပ်
စစ်ကောင်စီတပ် စစ်ကြောင်းထိုးတဲ့အချိန်မှာ စစ်ကောင်စီတပ်နဲ့ ကန့်ဘလူအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတစ်ချို့လည်း ရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းမထိုးခင် ဇူလိုင်လ ၂၄ ရက်နေ့မှာ ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်းက ကျီကုန်းရွာ လမ်းဘေးက စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းစခန်းကို ကန့်ဘလူအခြေစိုက်တဲ့ ကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်လို့ ၁၆ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင် RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားနိုင်ခြင်းမရှိသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။။
မီးရှို့ခံရတဲ့ ရွာပေါင်း ၁၁ ရွာက စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီတွေပေးနိုင်ဖို့ ခက်ခဲနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးက RFA ကိုပြောပါတယ်။
"ဒီမှာလည်း တော်တော် ဒုက္ခရောက်နေပြီ။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေက ဘယ်သူ့ဘယ်သူ့မှ မကူညီနိုင်ဘူးလေ။ တစ်ရွာနဲ့တစ်ရွာနဲ့ ဆက်ပြီးတော့ ရှို့တာဆိုတော့လေ။ စစ်ကြောင်းအလုံးအရင်းနဲ့ ထိုးနေတာဆိုတော့လေ။ တော်လှန်ရေးရဲဘော်တွေအတွက်ကလည်း ပြည်သူတွေကို ပြန်ပြီးတော့ ငဲ့နေရတာနဲ့ ဘာနဲ့ အကုန်လုံးအလုပ်လုပ်လို့ မရဘူးဖြစ်နေတာ။ ကျွန်တော်တို့ ဒီမှာ အကူအညီပေးတဲ့နေရာမှာ ဆိုလို့ရင် မိသားစုကလည်း တစ်ကွဲတစ်ပြားဆိုတော့ဗျာ။ ကျွန်တော်တို့ကလည်း အဲဒီမိသားစုတွေကို နောက်ကနေ လိုက်ပေးရတာနဲ့ အကူအညီပေးဖို့က တော်တော်လေးကို ခက်ခဲတယ်ဗျ။ အကုန်လုံးပေါ့ဗျာ စားနပ်ရိက္ခာကအစ အကုန်ခက်ခဲတာပေါ့"
လက်ရှိ မီးရှို့ခံရတဲ့ရွာတွေက ဒေသခံတွေဟာ လယ်ယာလုပ်ငန်းနဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားတွေ အများစုဖြစ်တယ်လို့ စစ်ဘေးတိမ်းရှောင်နေကြသူတွေက ပြောပါတယ်။
"ဒုက္ခရောက်နေတဲ့ ပြည်သူတွေက ဘယ်သူ့ဘယ်သူ့မှ မကူညီနိုင်ဘူးလေ။ တစ်ရွာနဲ့တစ်ရွာနဲ့ ဆက်ပြီးတော့ ရှို့တာဆိုတော့လေ"
အခုချိန်ဟာ စပါးစိုက်ချိန်ဖြစ်ပေမယ့် စပါးမစိုက်ရတဲ့အပြင် နေအိမ်တွေပါ မီးရှို့ခံရတဲ့အတွက် တစ်အိုးတစ်အိမ် ပြန်လည်ထူထောင်နိုင်ဖို့ မျှော်လင့်ချက်မဲ့နေကြတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးတာကြောင့် အရပ်သားနေအိမ် တစ်သိန်း နီးပါး (၉၅,၄၅၀) လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ မီးရှို့ဖျက်ဆီးခံရမှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data for Myanmar အဖွဲ့က ဇူလိုင်လ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းဟာ နေအိမ်အများဆုံး မီးရှို့ဖျက်ဆီးခံထားရတဲ့ တိုင်းတစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံး မီးလောင်ဆုံးရှုံးရတာ အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းအထိ ရှိနေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ PDF အဖွဲ့တွေရဲ့ လက်ချက်နဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူနေအဆောက်အအုံ ၁၀,၉၃၀ လုံး ဖျက်ဆီးခံထားရတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။