သံလွင်မြစ်လက်တက်ပေါ်က ထိုင်းရဲ့ ရေကာတာစီမံကိန်း ကရင်ဒေသခံတွေ ကန့်ကွက်
2023.08.09
ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသမှာ မိုးခေါင်ရေရှားမှုတွေ နှစ်စဉ်ဖြစ်ပေါ်နေပြီး၊ နိုင်ငံရဲ့ အသက်သွေးကြော ကျောက်ဖရားမြစ်ရဲ့ မြစ်လက်တက်တစ်ခုဖြစ်တဲ့ ပင်းမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ဘူမိဘောဆည်ကို ရေအဝင်နည်းလာတဲ့အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု လျော့ကျလာတာကိုလည်း ရင်ဆိုင်နေရပါတယ်။
ထိုင်းအစိုးရရဲ့ တော်ဝင်ဆည်မြောင်းဌာနဟာ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ သံလွင်မြစ်ရဲ့ မြစ်လက်တက်ဖြစ်တဲ့ ယွန်းမြစ်ကို ရေလှောင်တမံနဲ့ ပိတ်ပြီး နှစ်စဉ် မြစ်ရေ ၁.၈ ဘီလီယံ ကုဗမီတာလောက်ကို ပင်းမြစ်ထဲကို တူးမြောင်းနဲ့ သွယ်ယူမဲ့ စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ထိုင်း ဘတ်ငွေ ၇ဝ ဘီလျံလောက် ကုန်ကျမဲ့ ဒီစီမံကိန်းမှာ သစ်တောနဲ့ လယ်ယာမြေ ဧက အမြောက်အမြား ရေလွှမ်းမိုးသွားမဲ့ ရေလှောင်တမံအပြင်၊ ယွန်း မြစ်ရေကို စုပ်တင်ဖို့ အကြီးစား ရေတင်စက် ခြောက်လုံးနဲ့ ရွာ ၁၄ ရွာလောက်ကို ဖြတ်သန်းပြီး မြေအောက်ကနေ ရေသွယ်ယူမယ့် ၃၈ မိုင်ကျော်ရှိတဲ့ မြေအောက် လှိုဏ်ခေါင်းတူးဖော်မယ့် အစီအစဉ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။
၁၉၉ဝ ခုနှစ်တွေကတည်းက စတင်စီစဉ်ခဲ့တဲ့ ဒီစီမံကိန်းဟာ အခုအချိန်မှာတော့ တရုတ်နိုင်ငံပိုင် Norinco Group ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုက လေးနှစ်အတွင်း အပြီးတည်ဆောက်ပေးမယ်လို့ ကတိပြုခဲ့တာကြောင့် မကြာခင် အကောင်အထည်ပေါ်လာတော့မဲ့ အလားအလာရှိနေတာပါ။
ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ထိုင်းအစိုးရက ထုတ်ပြန်တဲ့ EIA သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ လေ့လာသုံးသပ်မှု အစီရင်ခံစာတွေဟာ နေရာရွှေ့ပြောင်းပေးရမဲ့ ဒေသခံတွေနဲ့ နစ်နာဆုံးရှုံးမှုနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေကိုလျော့ပြီး ဖော်ပြထားတယ်လို့ အာရှဒေသတွင်းက မြစ်ချောင်းကို အမြတ်ထုတ်အသုံးချမှုတွေကို စောင့်ကြည့်နေတဲ့ The Third Pole အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
အခုဆိုရင် ဒီစီမံကိန်းအကောင်အထည်ဖော်မဲ့ ယွန်းမြစ်၊ သောင်ရင်းမြစ်လို့ခေါ်တဲ့ မိုးရေးမြစ်နဲ့ သံလွင်မြစ်ကြောင်းတစ်လျှောက်က ဒေသခံ ကရင်တိုင်းရင်းသားတွေဟာ ကွန်ယက်အဖွဲ့ဖွဲ့ထားပြီး ထိုင်းတက္ကသိုလ်တွေက ပညာရှင်တွေရဲ့ အကူအညီနဲ့ ကိုယ်ထူကိုယ်ထလေ့လာ သုတေသနပြုနေကြပါတယ်။
သူတို့ရဲ့ တွေ့ရှိချက်တွေနဲ့ ထိုင်းအစိုးရရဲ့ အစီရင်ခံစာပါ အကြောင်းအရာတွေကို မမှန်ကြောင်း သက်သေပြဖို့ ကြိုးစားနေကြတာပါ။
ဒီစီမံကိန်းကြောင့် ထိခိုက်နစ်နာမဲ့သူ အများဆုံးရှိမယ်လို့ ခန့်မှန်းထားတဲ့ မဲ့ငိုရွာက ဒေသခံတွေက ရေလှောင်တမံ တည်ဆောက်မယ့် မဲ့ငိုရွာ တစ်ရွာထဲမှာတင် ဖယ်ပေးရမဲ့ အိမ် ၇၄ လုံး ရှိနေတယ်လို့ ဆိုပါတယ်။
ထိုင်းအစိုးရရဲ့ EIA အစီရင်ခံစာထဲမှာတော့ စီမံကိန်းတစ်ခုလုံးကြောင့် ရွှေ့ပြောင်းပေးရမဲ့ အိမ် ၂၁ လုံးနဲ့ လယ်ယာမြေပိုင်ရှင် လေးဦးပဲ ရှိမယ်လို့ ပြောထားတာ ဖြစ်ပါတယ်။
ထိုင်းအစိုးရရဲ့ EIA အစီရင်ခံစာဟာ၊ စီမံကိန်းကြောင့် မြစ်ရေရမဲ့ ကျောက်ဖရားမြစ်အောက်ပိုင်းဒေသတွေမှာ ရေသွင်းစိုက်ပျိုးမှုတိုးလာမှာနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု တိုးလာမယ့် အကျိုးကျေးဇူးတွေကိုပဲ အသားပေး ဖော်ပြထားပြီး၊ ယွန်းမြစ်နဲ့ မြစ်အထက်ပိုင်းက တောင်ပေါ်ဒေသတွေက နစ်နာဆုံးရှုံးမှုတွေကို ဖော်ပြထားတာ မရှိဘူးလို့လည်း ဝေဖန်နေကြပါတယ်။
မဲ့ငိုရွာက ဆင်ကာန် ရူယွန်ဟွန် ဆိုသူဟာ အခြား ဒေသခံလုပ်အားပေးတွေရဲ့ အကူအညီနဲ့ ယွန်းမြစ်စီမံကိန်းကြောင့် နစ်နာဆုံးရှုံးမှုတွေအကြောင်း လေ့လာသုတေသန ပြုနေပြီး ဒေသခံတွေ နားလည်နိုင်တဲ့ ကရင်ဘာသာစကားနဲ့ အစီရင်ခံစာတွေကို ဖြန့်ချိဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။
ဆင်ကာန်ရဲ့ သုတေသနအရ ဒီယွန်မြစ် ရေကာတာနဲ့ ရေလွှဲတူးမြောင်း စီမံကိန်းကြောင့် အနည်းဆုံး မြေ ဧရိယာ ဟက်တာ ၆၀၀ လောက် ဆုံးရှုံးရမှာ ဖြစ်ပြီး၊ ရွာပေါင်း ၄၆ ရွာက လူ လေးသောင်းကျော် လယ်ယာမြေနဲ့အလုပ်အကိုင်တွေ ထိခိုက်ဆုံးရှုံးလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။
“ဒီစီမံကိန်း တကယ်ဖြစ်လာရင် မြစ်ရေ၊ တောရိုင်း တိရစ္ဆာန်နဲ့ သဘာဝ သစ်တောတွေ အားလုံး ဆုံးရှုံးရပါလိမ့်မယ်။ အားလုံး မျိုးတုံးပျောက်ကွယ်သွားပါလိမ့်မယ်။ ဒါတွေအားလုံးကို ပြန်မရနိုင်ပါဘူး။” လို့ RFA ကို ပြောပါတယ်။
ဒေသခံတွေရဲ့ သုတေသနအတွက် အကူအညီပေးနေတဲ့ ကာစက်ဆတ် တက္ကသိုလ်၊ ရေအရင်းအမြစ် လေ့လာရေး ဌာနက ပါမောက္ခ စီတိုင် ပီလိုင်လာက ထိုင်းအစိုးရရဲ့ သုတေသနတွေဟာ ယွန်းမြစ်ရဲ့ မြစ်ကြောင်းတစ်လျှောက် ထိခိုက်မှုအခြေအနေတွေကိုပဲ တွက်ချက်ထားတာဖြစ်ပြီး ယွန်းမြစ်စီးဝင်တဲ့ သောင်ရင်းမြစ်နဲ့ သံလွင်မြစ်တွေမှာ ထိခိုက်နိုင်တာတွေကို ထည့်သွင်းတွက်ချက်ထားတာ မပါဘူးလို့ ပြောပါတယ်။
ဒီ ယွန်မြစ် စီမံကိန်းဟာ အိန္ဒိယ သမုဒ္ဒရာထဲကို စီးဝင်တဲ့ သံလွင်မြစ်နဲ့ ပစိဖိတ် သမုဒ္ဒရာထဲကို စီးဝင်တဲ့ ကျောက်ဖရားမြစ်တို့ကို တဆက်တည်း ဖြစ်သွားစေမှာ ဖြစ်တဲ့အတွက် ကွဲပြားခြားနားတဲ့ ဂေဟစနစ် နှစ်မျိုး ရောယှက်သွားတဲ့အခါ သဘာဝ ပတ်ဝန်းကျင်အပေါ်မှာ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုလည်း စဉ်းစားထားတာ မရှိဘူးလို့ သူက ပြောပါတယ်။
“ဒီစီမံကိန်းက သမုဒ္ဒရာတစ်ခုထဲက ငါးမျိုးစိတ်တွေကို အခြား သမုဒ္ဒရာထဲ ပြောင်းထည့်လိုက်သလိုပါပဲ။ ဒေသမျိုးရင်းမဟုတ်တဲ့ ငါးမျိုးစိတ်တွေ ရောက်လာရင် ဒေသခံ မျိုးစိတ်တွေ ထိခိုက်မျိုးတုံး ကုန်တာပါ ဖြစ်လာနိုင်ပါတယ်။” လို့ ပါမောက္ခ စီတိုင် ပီလိုင်လာက သတိပေးခဲ့ပါတယ်။
ထိုင်းအစိုးရဟာ ယွန်းမြစ် ရေကာတာ စီမံကိန်းရဲ့ သက်ရောက်မှုအကြောင်း လေ့လာသုတေသန ပြုထားတဲ့ အစီရင်ခံစာ အတော်များများကို ထုတ်ပြန်ခဲ့တဲ့အထဲမှာ နောက်ဆုံး ၂၀၂၁ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာကို ထိုင်းတော်ဝင်ဆည်မြောင်းဌာနနဲ့ နာရစွမ် တက္ကသိုလ်တို့ ပူးပေါင်းသုတေသနလုပ်ပြီး ထုတ်ဝေခဲ့တာပါ။
စာမျက်နှာ ထောင်ပေါင်းများစွာပါတဲ့ ဒီအစီရင်ခံကို ဒေသခံတွေ နားလည်မဲ့ ကရင်ဘာသာစကားနဲ့ ထုတ်ဝေတာ မရှိတဲ့အပြင် ဒေသခံတွေအတွက် ထိခိုက်နစ်နာမှု အပိုင်းကို အကြိမ်ကြိမ် ပြင်ဆင်တည်းဖြတ်ထားတယ်လို့ RFA က မေးမြန်းခဲ့တဲ့ ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်လို့ ထိုင်း တော်ဝင် ဆည်မြောင်းဌာနနဲ့ သုတေသနဆောင်ရွက်တဲ့ နာရစွမ် တက္ကသိုလ်တို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ တုံ့ပြန်ဖြေကြားလာတာ မရှိပါဘူး။
ဒါ့အပြင် ယွန်မြစ်ကမ်းတစ်လျှောက်က ရွာတွေမှာ နေထိုင်သူအများစုက ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်လောက် နေထိုင်ခဲ့ကြပေမဲ့ ထိုင်းနိုင်ငံသား အသိအမှတ်ပြု ကဒ်ပြား မရကြသေးတဲ့ ကရင်တိုင်းရင်းသားတွေ ဖြစ်ပါတယ်။
ဥပဒေအရဆိုရင် ထိုင်းနိုင်ငံသားမဖြစ်သေးတဲ့အတွက် သူတို့ နေထိုင်တဲ့ အိမ်နဲ့ လယ်ယာမြေတွေ စီမံကိန်းကြောင့် ဆုံးရှုံးသွားမယ်ဆိုရင် လျော်ကြေးရမှာ မဟုတ်ဘူးလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
“ဥပဒေအရ ဆိုရင် ထိုင်းနိုင်ငံသား မဖြစ်သေးတဲ့ ပန်းရောင်နဲ့ အဖြူရောင် ကဒ် ကိုင်ဆောင်သူတွေဟာ သူတို့ ဒေသအပြင်ကို ပြောင်းရွေ့နေထိုင်ခွင့် မရှိပါဘူး။ သူတို့ အိမ်တွေ ရေမြုပ်သွားရင် ဘယ်မှာသွားနေကြမှာလဲ၊ လယ်ယာမြေတွေ ဆုံးရှုံးသွားရင် ဘယ်မှာ သွားအလုပ်လုပ်ကြမှာလဲ။ သူတို့က ဒီခရိုင်အတွင်းမှာပဲ နေထိုင်ခွင့်ရှိတာပါ။” လို့ မဲ့ငို ရွာသား ဆင်ကာန် က RFA ကို ပြောပါတယ်။
မြန်မာနိုင်ငံဘက်မှာဆိုရင်လည်း ကရင်ပြည်နယ်ထဲက သံလွင်မြစ်ပေါ်မှာ တည်ဆောက်မဲ့ ရေလှောင်တမံစီမံကိန်းတွေ တစ်ခုပြီးတစ်ခု တိုးလာနေတာ စိုးရိမ်စရာ ကောင်တဲ့အကြောင်း Karen Rivers Watch အဖွဲ့က ကိုစောသာဘိုးက အဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ ပြောထားပါတယ်။
သံလွင်မြစ်ပေါ်မှာ တည်ဆောက်မဲ့ အထဲမှာ ပမာဏ အကြီးဆုံးဖြစ်တဲ့ ဟက်ကြီး ရေလှောင်တမံစီမံကိန်းကို ဒေသခံတွေနဲ့ အရပ်ဘက် အဖွဲ့တွေရဲ့ ကန့်ကွက်မှုတွေနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ရပ်ဆိုင်းထားခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် စစ်ကောင်စီက စီမံကိန်း ပြန်စဖို့ ကြိုးစားလာနေပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် မေလက ကရင်ပြည်နယ်ကို သွားရောက်တဲ့ ခရီးစဉ်အတွင်းမှာ ထိုင်း၊ တရုတ်နိုင်ငံတွေရဲ့ အကူအညီနဲ့ ဒီဟက်ကြီး ရေလှောင်တမံ စီမံကိန်းကို ပြန်စတော့မယ်လို့ပြောခဲ့တာ ဖြစ်ပါတယ်။
သံလွင်မြစ်ဟာ ဒေသခံ ကရင်တိုင်းရင်းသားတွေအတွက် ရိုးရာယုံကြည်မှုအရရော၊ သဘာဝ ပတ်ဝန်းကျင်အရပါ အရေးကြီးတဲ့ မြစ်ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံလုံးမှာ သံလွင်မြစ်နဲ့ မြစ်လက်တက်တွေကို ပိတ်ပြီး တည်ဆောက်မဲ့ ရေကာတာ စီမံကိန်းတွေကို နှစ်နိုင်ငံလုံးက ဒေသခံ ကရင်လူမှုအဖွဲ့အစည်းတွေက ပူးပေါင်းစောင့်ကြည့်ကြဖို့ လိုတယ်လို့ ကိုစောသာဘိုးက RFA ကို ပြောပါတယ်။
“အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ကျွန်တော်တို့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ တိုင်းရင်းသားဒေသတွေမှာ ရေကာတာ စီမံကိန်းတွေ ပိုမိုများပြားလာတာတွေ့ရတယ်။ အဲဒီစီမံကိန်းတွေကြောင့် ကျွန်တော်တို့ ကျေးရွာပေါင်း ၂၀ ကျော် ရွှေ့ပြောင်းပေးရတယ်။ သူတို့ရဲ့ မူလ ဥယျာဉ်ခြံလုပ်ငန်းတွေ ဆုံးရှုံးလိုက်ရတယ်။ အခြားသော လုပ်ငန်းတွေကို ပြောင်းလုပ်ရတယ်။ ဒီလို လုပ်တဲ့အခါမှာ အခက်အခဲတွေ အများကြီးရှိတယ်။ ဒီနေ့အချိန်အထိ သူတို့ရဲ့ မိသားစုဘဝတွေဟာ ပြန်လည်ထူထောင်ဖို့ မရနိုင်သေးသလို သူတို့ ကလေးတွေရဲ့ ပညာရေးတွေ၊ ကျန်းမာရေးတွေအတွက်လည်း ဘယ်သူမှ အကူအညီမရဘူးဆိုတာ ကျွန်တော် ဒီကနေပြောချင်ပါတယ်။”
အခုအချိန်မှာ ယွန်းမြစ်ကမ်းဘေးက မဲ့ငိုရွာသားတွေကတော့ သူတို့ တစ်ပိုင် တစ်နိုင် လုပ်ထားတဲ့ သုတေသနတွေ့ရှိချက်တွေကို အများပြည်သူတွေသိအောင် ထုတ်ပြန်ပြီး ထိုင်းအစိုးရက လုပ်မဲ့ အကြီးစားစီမံကိန်းကြီးကို ရပ်တန့်အောင်လုပ်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။
“ကျွန်မတို့ရွာသားတွေနဲ့ အစိုးရကတော့ ဆင်နဲ့ ပုရွက်ဆိတ်လိုပါပဲ။ ထိုင်းအစိုးရနဲ့ ဆည်မြောင်းဌာနက ဒီရွာသားတွေ ပြောတာကိုတော့ ဘယ်သူမှ နားထောင်မှာ မဟုတ်ဘူးလို့ ထင်နေပါတယ်။ သူတို့ ဒီစီမံကိန်းကို လွယ်လွယ်နဲ့ ဆက်လုပ်လို့ရမယ်လို့ ထင်နေပါတယ်။ ကျွန်မတို့ကတော့ ဒီလိုမဖြစ်အောင် ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ။” လို့ မဲ့ငိုရွာသူ မယ်လီ က RFA ကို ပြောပြခဲ့ပါတယ်။