ကရင်နီအမျိုးသားနေ့ ထိုင်း-မြန်မာနယ်စပ်မှာ ကျင်းပ
2023.06.21

ကရင်နီအမျိုးသားတွေ ညီညွတ်ကြရင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုတည်ထောင်နိုင်မယ်လို့ ကရင်နီအမျိုးသားနေ့မှာ လူထုကို သတင်းစကားပါးခဲ့တယ်လို့ အခမ်းအနားကျင်းပသူတွေက ပြောပါတယ်။
ကရင်နီတိုင်းရင်းသားတွေရဲ့ ၁၄၈ နှစ်မြောက် အမျိုးသားနေ့ကို ဇွန်လ ၂၁ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေမှာ ကျင်းပခဲ့တာပါ။ ဒီအခမ်းအနားကို နယ်စပ်မှာနေထိုင်တဲ့ ကရင်နီတိုင်းရင်းသား သုံးထောင်ကျော် တက်ရောက်ခဲ့ပါတယ်။
ကရင်နီပြည်နယ်ကို သီးခြားလွတ်လပ်တဲ့ ပြည်နယ်အဖြစ် မြန်မာဘုရင်ရဲ့ကိုယ်စားလှယ်နဲ့ အိန္ဒိယဘုရင်ခံကိုယ်စားလှယ်တို့ ၁၈၈၇ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာ လက်မှတ်ရေးထိုး အသိအမှတ်ပြုခဲ့ပါတယ်။
ဒါကြောင့် ဇွန် ၂၁ ရက်ကို ကရင်နီတိုင်းရင်းသားတွေက သူတို့ရဲ့အမျိုးသားနေ့အဖြစ် နှစ်စဉ်ကျင်းပတာပါ။ အခမ်းအနားမှာ ကရင်နီတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး၂ ဦးအောင်ဆန်းမြင့်က ကရင်နီနေ့ကို အာဏာရှင်တွေက ဖျောက်ဖျက်ရုံမက ကယားပြည်နယ်နေ့အဖြစ် သတ်မှတ်ပြီး ကရင်နီလူထုအတွင်းသွေးကွဲအောင် လုပ်နေတယ်လို့ဆိုပါတယ်။
လက်ရှိပြည်နယ်အခြေအနေနဲ့ ပတ်သက်ပြီး ဦးအောင်ဆန်းမြင့်က ...
“ကရင်နီအမျိုးသားနေ့ ဒီနေ့မှာ ပြည်နယ်တွင်းအခြေအနေတွေဟာ အတော်ဆိုးဝါးပါတယ်။နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ်နေပြီး လူထုဟာ လက်နက်ကြီးတွေ၊ လေယာဉ်ပစ်သေနတ်တွေနဲ့ တိုက်ခိုက်ချေမှုန်းနေတာ ခံနေရတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒီအခြေအနေကို ညီညီညွတ်ညွတ်နဲ့ တွန်းလှန်နိုင်မယ်ဆိုရင် အမျိုးသားတန်းတူရေး တရားမျှတရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကောင်အထည်ဖော် အာမခံပေးနိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည် ထောင်နိုင်မှာဖြစ်တယ်ဆိုတာ ဒီနေ့ကတော့ လူထုကို သတင်းစကားပေးတာဖြစ်ပါတယ်။”
ဇွန်လ ၂၁ရက်နေ့ကျင်းပတဲ့ အခမ်းအနားမှာ ကရင်နီလူထု၊ အထူးသဖြင့် ကရင်နီလူငယ်တွေက မိမိတို့တက်ရောက်သင်ကြားနေတဲ့ ကျောင်းတွေကို ကိုယ်စားပြုပြီး ကြွေးကြော်သံတွေ အော်ဟစ်ပြီး ချီတက်ကြပါတယ်။ ကရင်နီလူထု စည်းလုံးညီညွတ်ရေး၊ အမျိုးသားတန်းတူအခွင့်အရေးအပြင် ကရင်နီအမျိုးသားတွေရဲ့ ခုခံတော်လှန်ရေးနဲ့ ပတ်သက်ပြီး အောင်မြင်ရမယ်လို့ ကြွေးကြော်ပါတယ်။

အခမ်းအနားကို တက်ရောက်တဲ့ ကရင်နီလူငယ်တစ်ဦးဖြစ်တဲ့ မော်နဲမိုက အာဏာရှင်မှန်သမျှကို တွန်းလှန်မှာဖြစ်တယ်လို့ ပြောပါတယ်။
“ ဒီနေ့အမျိုးသားနေ့ဖြစ်ပေမဲ့ စစ်ရှောင်နေရတာတွေ ရှိနေတယ်၊ ကျွန်မတို့က ဘယ်လောက်ပဲ စစ်ရှောင်နေရပါစေ၊ ကရင်နီတွေဖြစ်တယ်ဆိုတာ ကိုယ်ကိုယ့်ကို ဘယ်တော့မှ မမေ့ဘူး။ ပြီးတော့မှ ကရင်နီအမျိုးသားတွေဟာ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေရဖို့ အာဏာရှင်အားလုံးကို ဆက်ပြီတော့မှ တော်လှန်နေမှာ ဖြစ်တယ်။ အမျိုးသားနေ့မှာမှ မဟုတ်ဘူး။ နေ့တိုင်းနေ့တိုင်းစည်းလုံးညီညွတ်ဖို့လိုတယ်။ ဒါမှပဲ ကျွန်မတို့ လိုလားတဲ့ လွတ်လပ်တဲ့နေ့ကို ရောက်မှာ”
အခမ်းအနားကို ကရင်နီရပ်မိရပ်ဖတွေ၊ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ကရင်နီဒုက္ခသည်တွေကို အကူအညီပေးနေသူတွေ တက်ရောက်ကြပြီး အမျိုးသားအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းအသီးသီးက သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။