ကောလင်းမြို့နယ်က ဒေသခံတွေအပါအဝင် လူ ကိုးဦးထက်မနည်း အသတ်ခံရ
2023.06.07

မေလ ၂၈ ရက်နေ့ကနေ ဇွန်လ ၃ရက်နေ့အတွင်း စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်က ရွာကိုးရွာထဲ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ဒေသခံတွေအပါအဝင် ကိုးဦးထက်မနည်း အသတ်ခံခဲ့ရတယ်လို့ ဒေသအခြေစိုက်အဖွဲ့တွေက ပြောပါတယ်။
Kawlin Revolution KR ရဲ့ စာရင်းတွေအရ ကောလင်းမြို့နယ် ခံသာတိုက်နယ်ထဲက ရွာ ကိုးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံ ၁၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားခဲ့ပြီးနောက် ရှစ်ဦး အသတ်ခံရတယ်ဆိုတာကို အတည်ပြုနိုင်ပြီး လေးဦး ပျောက်ဆုံးနေတယ်လို့ ဇွန်လ ၇ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ငါးဦး ပြန်လွတ်လာတာကို အတည်ပြုနိုင်ပေမယ့် ချပ်ကုန်းရွာက ဒေသခံ နှစ်ဦး၊ အင်းယားရွာ တစ်ဦး၊ ဘန်ဘွေးကုန်းရွာ တစ်ဦးကတော့ အသက်ရှင်လား မရှင်လား ဆိုတာကို အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။
စစ်ကြောင်းထိုး ဝင်ရောက်ခံရတဲ့ ရွာတွေကတော့ အင်းယားရွာ၊ ညောင်ကုန်းရွာ၊ ဖက်ခါးကုန်းရွာ၊ အင်ပင်လှရွာ၊ ချပ်ကုန်းရွာ၊ ဘန်ဘွေးကုန်းရွာ၊ မုတ်ဝရွာ နဲ့ စပီးကျောက်တန်းရွာတို့ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတချို့ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ဇွန်လ ၅ ရက်နေ့က သေဆုံးသူ ကိုးဦး ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကောလင်းဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့နေတဲ့ ပုန်းနေတဲ့အိမ်မှာ စစ်ကောင်စီတပ်တွေရဲ့ ဝိုင်းဖမ်းတာ ခံရတာပါ။ စကားပြောစက်ကနေ ခြေရာခံပြီးတော့မှ လိုက်မိတာလို့ ထင်ရပါတယ်။ ဘယ်နေ့က အသတ်ခံရလဲတော့ မသိဘူးဗျ။ အဖမ်းခံရတာတော့ ၂၉ ရက်နေ့က ၅ ရက်နေ့က အလောင်းတွေတွေ့လို့ သင်္ဂြိုဟ်လိုက်တာ ဖက်ခါးကုန်းရွာသား လေးဦးက ပျောက်ဆုံးနေပါတယ်။”
ဒေသခံတွေ သိထားတာကတော့ သေဆုံးသူ ကိုးဦးဟာ မုတ်ဝရွာသား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ သူတို့စာရင်းအရ သေဆုံးသူ ကိုးဦး နဲ့ ပျောက်ဆုံးသူလေးဦး စုစုပေါင်း ၁၃ ဦး ရှိပါတယ်။
အသတ်ခံသူတွေထဲမှာ မုတ်ဝရွာသား လေးဦးပါဝင်ပါတယ်။ အသက် ၄၈ နှစ်အရွယ် ဦးဇော်ဦး၊ ၅၈ နှစ် အရွယ် ဦးဝင်းနိုင်၊ ၃၅ နှစ်အရွယ် ဦးဇော်မင်း၊ အသက် ၃၂ နှစ်အရွယ် ဦးမျိုးမင်းထွန်းတို့ကို ကောလင်း မြို့နယ်က ထွက်လာတဲ့ ခြေမြန်တပ်ရင်း ၃၆၉ က သတ်ဖြတ်သွားတာလို့ ကောလင်း PDF က RFA ကို ပေးပို့တဲ့စာရင်းမှာ တွေ့ရပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ယောက်နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် သုံးယောက်လည်း အသတ်ခံခဲ့ရတာပါ။ အင်ပင်လှရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အသက် ၂၉ နှစ်အရွယ် ဦးအောင်နေလင်း၊ အသက် ၂၆ နှစ်အရွယ် ရဲဘော် အုန်းသီးနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ဖြစ်တဲ့ မုတ်ဝကျေးရွာက အသက် ၅၈ နှစ်အရွယ် ဦးဝင်းဗိုလ်၊ အသက် ၅၀ အရွယ် ဦးဆန်းဦးနဲ့ ဖက်ခါးကုန်းကျေးရွာက အသက် ၄၈ နှစ်အရွယ် ဦးဆန်းလင်းတို့ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်အတွင်း သေဆုံးသူအရေအတွက် ကွဲလွဲနေသလို RFA အနေနဲ့ အတည်ပြုနိုင်ဖို့ ကြိုးစားပေမယ့် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းအခက်အခဲကြောင့် အတိအကျ မသိရသေးပါဘူး။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့် ရှိသူ ဦးအေးလှိုင်ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။
အခုလို ပြည်သူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အခြေအနေတွေကို စုစည်းပြီး ဩစတြေးလျ၊ နယူးဇီလန်နဲ့ ဂျာမဏီနိုင်ငံတွေက ခုံရုံးတွေမှာ စစ်ကောင်စီကို တရားစွဲဆိုနိုင်အောင် ဆောင်ရွက်နေပြီး ဂျာမဏီနိုင်ငံမှာတော့ အမှု တင်သွင်းပြီး ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
“သာမန်လူတွေကို သတ်ဖြတ်တာတင် မဟုတ်တော့ပဲနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက တကယ့်ကြီးမားတဲ့ စစ်ရာဇဝတ်မှု အသွင်ကိုဆောင်နေတယ် ပြီးတော့ခါ တမင်သက်သက် ရည်ရွယ်ပြီးတော့ သတ်ဖြတ်မှု ပုံစံမျိုးမြောက်နေတယ် ဒါကြောင့်မိုလို့ ဖရူဆိုသတ်ဖြတ်မှုလိုမျိုး၊ မုန်တိုင်ပင် သတ်ဖြတ်မှုလို ကိစ္စမျိုး ပဇီကြီးလို သတ်ဖြတ်မှုကိစ္စလိုမျိုးတွေကို စနစ်တကျ အချက်အလက် မျက်မြင်သက်သေတွေ စုဆောင်းထားပါတယ် မကြာမီမှာ ကျွန်တော်တို့ တရားစွဲဖို့အတွက် ပြင်ဆင်နေတဲ့ ဩစတြေးလျ၊ နယူးဇီလန်၊ ဂျာမနီ စတဲ့ခုံရုံးတွေမှာ တင်နိုင်ဖို့တွေကို ဒီအမှုတွေကို စုဆောင်းထားပါပြီ ဂျာမနီကိုတော့ တင်သွင်းပြီးပါပြီ ကျန်တဲ့နှစ်နိုင်ငံက ဒါကို အမှုစွဲဆိုနိုင်တဲ့ အခြေအနေမျိုးရောက်တဲ့အချိန်မှာ ကျွန်တော်တို့ဘက်က အဆင်သင့်ပေးပို့နိုင်ဖို့ စီစဉ်ထားပါတယ်ဗျ။”

NUG လူ့အခွင့်အရေးဝန်ကြီးဌာနက စာရင်းအရ ၂၀၂၁ ခုနှစ် ဇူလိုင်လကနေ ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့အတွင်း စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၈ဝ ကျော် ကျူးလွန်ခဲ့ပြီး လူပေါင်း ၁ဝ၅၈ ဦးသေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အခြေအနေတွေမရှိအောင် ကာကွယ်ဖို့ ကြိုးစားနေသလို ပြည်သူတွေအနေနဲ့ ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောကြားချက်တွေအပေါ် လိုက်နာပေးဖို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မေတ္တာရပ်ခံပါတယ်။
“စစ်ကြောင်းတွေရဲ့လမ်းကြောင်း ချဉ်းကပ်မှုအခြေအနေတွေကို ကျွန်တော်တို့ အမြဲမပြတ်သိနေရအောင် ထောက်လှမ်းရေးကွန်ရက်တွေကတစ်ဆင့် သက်ဆိုင်ရာ ပကဖ၊ ပအဖတွေကို ကျွန်တော်တို့ အမြဲသတင်းပို့တယ်ပေါ့နော်။ တကယ်လို့ စစ်ကြောင်းဝင်လာတာမျိုးဆိုရင် ပြည်သူတွေကို ဒီသတင်းအချက်အလက် ရောက်အောင်ပို့ဖို့ဆိုတာ ကျွန်တော်တို့ ညွှန်ကြားထားတာ ရှိပါတယ်။ ဒီလိုမျိုး အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းတွေ ဝင်လာတာမျိုး နီးကပ်လာတာမျိုး ရှိရင် ပေါ့ပေါ့ဆဆ မနေဘဲနဲ့ ဘေးလွတ်ရာကိုတော့ ရှောင်ကြဖို့ လိုအပ်တာပေါ့နော်။ စစ်ကြောင်းနဲ့ ပတ်သက်တဲ့ အချက်အလက်ရပြီဆိုလို့ ရှိရင် ရှောင်မှသာလျှင် ဒီလိုမျိုးအဖြစ်အပျက်တွေကနေ ရှောင်လွှဲနိုင်မယ်လို့ ကျွန်တော်တို့ကတော့ ယူဆပါတယ်ဗျ။ အဲအတွက်ကြောင့် ပြည်သူတွေအနေနဲ့ လိုက်နာပြီးတော့ ဆောင်ရွက်ပေးစေချင်ပါတယ်ဗျ။”
စစ်ကောင်စီက အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော် ကာလအတွင်း ငါးယောက်နဲ့ အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၁၄၇ ကြိမ်ကျူးလွန်ခဲ့ပြီး လူပေါင်း ၁၅၀၀ ကျော် သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က မေလ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။