ဆင်ဖြူစစ်ကြောင်းခေါင်းဆောင်နဲ့ တပ်ဖွဲ့ဝင်တွေရဲ့ နေ့စဉ်ဘဝ

ခင်မောင်စိုး
2022.12.29
ဆင်ဖြူစစ်ကြောင်းခေါင်းဆောင်နဲ့ တပ်ဖွဲ့ဝင်တွေရဲ့ နေ့စဉ်ဘဝ ဆင်ဖြူစစ်ကြောင်း ဦးဆောင်သူ ဗိုလ်မှူးကြီး စောစလုံးနှင့် တပ်ဖွဲ့ဝင်များ။
RFA

လွတ်မြောက်နယ်မြေတစ်နေရာက ဆင်ဖြူစစ်ကြောင်းရှိတဲ့ နယ်ခြားဒေသကို မိုးရာသီကုန်မှသာ Pickup ကားတွေနဲ့သွားနိုင်ပြီး မိုးတွင်းမှာဆိုရင်တော့ လယ်ထွန်စက်လိုကားတွေပဲ သွားလို့ရပါတယ်။ ဆင်ဖြူစစ်ကြောင်းမှာ တပ်ဖွဲ့ဝင် ၄ဝဝ ခန့်ရှိပြီး အများစုဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ဖို့ မြန်မာပြည်အရပ်ရပ်က ရောက်ရှိလာတဲ့ လူငယ်တွေပါ။

မြို့ပြဘဝတွေကို စွှန့်လွတ်ပြီး သူတို့ ဒီနေရာမှာ ဘာလာလုပ်နေကြတာလဲ။

တပ်ခွဲ ၂ ခေါင်းဆောင်က “ကျွန်တော်တို့ အဓိက ဒီနေရာကိုလာခဲ့ကြတဲ့ ရည်မှန်းချက်ကတော့ အာဏာရှင် အာဏာရူးတွေကို တိုက်ခိုက်ချေမှုန်းဖို့ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ရင်ထဲက သောကတွေကို ကုစားဖို့အတွက် ကျွန်တော်တို့ အသက်တွေကို စတေးပြီး တော်လှန်ဖို့အတွက် ရောက်လာကြတာပါ။”

ရိက္ခာကားရောက်လာတဲ့အခါ သူတို့ပျော်ကြပါတယ်။

KMS P5.jpg
ဆင်ဖြူစစ်ကြောင်းတပ်ဖွဲ့ဝင်များ။ (Photo: RFA)

ဆင်ဖြူစစ်ကြောင်းကို ဦးဆောင်သူက ဗိုလ်မှူးကြီး စောစလုံး ပါ။ သူဟာ အရင်က DKBA က ဖြစ်ပြီး အခုနောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီး စောနယ်ဒါးဘိုမြ ဖွဲ့စည်းလိုက်တဲ့ ကော်သူးလေတပ်မတော်ကို လာရောက်ပူးပေါင်းခဲ့သူဖြစ်ပါတယ်။ လက်ရှိတော်လှန်ရေးအခြေအနေတွေ မကြာခင်ပိုမိုပြင်းထန်လာမှာဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

“တော်လှန်ရေး အခြေအနေကတော့ တိုက်ပွဲ ထပ်ပြင်းလာမှာပေါ့။ အာဏာရှင် အာဏာရူးတွေက သူတို့ မလျော့ဘူး။ ကျွန်တော်တို့ညီအကိုတွေ ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့ အာဏာရှင် အာဏာရူးကို ရအောင်ဖြိုခွဲမယ်။ အဲဒါ ကျွန်တော်ရည်မှန်းထားတဲ့ ကျွန်တော့်ရဲ့ ရည်မှန်းချက်။ အခုသူတို့ တပ်ဖွဲ့တွေက စိတ်ဓာတ်မရှိတော့ဘူး။ တိုက်ဖို့လည်း စိတ်မရှိတော့ဘူး။ ထွက်ပြေးတာကတစ်ပုံ၊ သေတာလည်း တစ်ပုံ၊ ပြီးတော့ လက်နက်ချတာလည်း တစ်ပုံရှိတာပေါ့။ အခုဟာက တစ်နေရာနဲ့ တစ်နေရာ သူတို့လူကြီး ညွှန်ကြားတာတောင် သူတို့ မသွားချင်တော့ဘူး။ ငါတို့ကတော့ စခန်းမှာ နေမှာပဲ။ မင်းတို့လာတိုက် ငါတို့ကတော့ လက်နက်ချမှာပဲ ကိုယ့်အချင်းချင်းတော့ မတိုက်ချင်ဘူး။ အဲဒါတွေက အဆက်အသွယ်ရှိနေကြတယ်။ သူတို့နဲ့ ပြောနေကြတယ်။ အနောက်မှာတော့ လူကြီးတွေက သူတို့ မိသားစု ထိန်းချုပ်ထားတယ်။ သူတို့ အမိန့်မနာခံရင် နှိပ်စက်မယ်၊ ရက်စက်မယ်။ အဲ့ဒါတွေကတော့ ရှိတယ်။”

KMS P.jpg
ဆင်ဖြူစစ်ကြောင်းခေါင်းဆောင် ဗိုလ်မှူးကြီး စောစလုံး။ (Photo: RFA)

လိုအပ်ချက်တွေအများကြီးရှိပေမယ့် တော်လှန်ရေးကိုတော့ရတဲ့နည်းနဲ့ လုပ်ဆောင်ဖို့ သူဆုံးဖြတ်ထားပါတယ်။

“လိုအပ်ချက်ကတာ့ လက်နက် ကျည်ဆံတွေ ရိက္ခာတွေ အမျိုးမျိုးပေါ့။ ဆေးတွေ အများကြီး လိုအပ်တာပေါ့။ အကောင်းပဲ လုပ်ရမယ်။ လိုအပ်တာ ရာခိုင်နှုန်း မပြည့်ပေမယ့်လည်း ၅၀% လောက်ရရင် ကျွန်တော်တို့လည်း လုပ်လို့ရနေပြီ။ ရှိတဲ့ ညီအကိုတွေ လာတဲ့ ညီအကိုတွေဟာ ကိုယ့်အိမ်ကိုယ်ပြန်ချင်တာပဲ။ တော်လှန်ရေး မြန်မြန်ပဲ အောင်မြင်ချင်တာ။ ခလေးတွေက။ ခလေးတွေ သနားတယ်။ မိဘတွေကျန်ခဲ့တယ်။ မိဘတွေကလည်း မျှော်လင့်စောင့်တယ်။ ကိုယ့်သား ဘယ်အချိန်အောင်မြင်မှုရမလဲ ဝိုင်းပြီး ဆုတောင်းနေကြတာ။ ကမ္ဘာလုံး တစ်နိုင်ငံလုံး ကျွန်တော်တို့ ဒီလို ငြိမ်လို့မရတော့ဘူး။ ကျွန်တော်တို့ အလုပ်တွေ လုပ်ရမှာပဲ။ မလုပ်ရင် မပြီးဘူး။”

မြန်မာပြည်သူတွေကို ဘာများပြောချင်ပါသေးလဲလို့ မေးတဲ့အခါ ဗိုလ်မှူးကြီး စောစလုံး က - “မြန်မာပြည်သူတွေကို ဘာပြောချင်လဲဆိုတော့ ဓိတ်ဓာတ်မကျနဲ့ အမှောင်တရားနဲ့ အမှန်တရား သူ့လမ်း သူသွားလိမ့်မယ်။ မမှန်တဲ့သူ သူ့လမ်းပဲ သူရောက်သွားလိမ့်မယ်။ အောင်မြင်မှုရမယ့် တစ်ခုခုကတော့ မလွယ်ဘူး။ ကျွန်တော်တို့ အမှန်တရားနဲ့ ရပ်တည်တာ အမှန်တရားနဲ့ရောက်မှာပဲ။ သစ္စာရှိကြ။ မကြာခင် ညီအကိုတွေ အားလုံး ညီအကိုတွေ ကူညီထားတဲ့ မိဘတွေ အကူအညီတွေ အကျိုးတွေ အကောင်းနဲ့ ပြန်ဆပ်ပေးမယ်။ ကျွန်တော်တို့ တာဝန်ကျေအောင် ကျွန်တော်လည်း ကြိုးစားပေးမယ်။ အဲ့ဒါ ကျွန်တော် ပြောချင်တယ်။ တစ်ကမ္ဘာလုံး တစ်နိုင်ငံလုံးဝိုင်းပြီးဆုတောင်းကြ။ ကျွန်တော်တို့ တော်လှန်ရေး မြန်မြန်အောင်မြင်ပါစေ။ အာဏာရှင် အာဏာရူး မြန်မြန်ပြုတ်ပါစေ။ အဲ့ဒါ ကျွန်တော်ပြောချင်တယ်။”

KMS P1.jpg
ဆင်ဖြူစစ်ကြောင်းတပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဉ်။ (Photo: RFA)

ဆင်ဖြူစစ်ကြောင်းမှာရှိတဲ့ လူငယ်အများစုဟာ ငှက်ဖျားရောဂါစွဲကပ်နေပါတယ်။ ငှက်ဖျားဆေးမရှိလို့ ကိုယ်ပူပျောက်ဆေးပဲသောက်နေရတယ်လို့ အဲဒီလူငယ်တွေက ပြောပါတယ်။ သူတို့ထဲက တချို့ဟာ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်ပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ကို RFA ကဆက်သွယ်မေးမြန်းတဲ့အခါ သူတို့အစိုးရလက်ထဲမှာ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွက် ဆေးဝါးတွေ အများကြီးရှိပါတယ်လို့ ပြောပါတယ်။ ဘာကြောင့် ဆင်ဖြူစစ်ကြောင်းက လူငယ်တွေထံ အဲဒီဆေးဝါးတွေမရောက်တာလဲ ဘယ်လိုအခက်အခဲတွေရှိနေသလဲ ဆိုတာတော့ မသိခဲ့ရပါဘူး။

KMS P10.jpg
ဆင်ဖြူစစ်ကြောင်းတပ်ဖွဲ့ဝင်များ။ (Photo: RFA)

ဆင်ဖြူစစ်ကြောင်းရဲ့ ထောက်ပို့တပ်ခွဲမှူးကတော့ ဗိုလ်ကြီး နော်မိသင်း ဖြစ်ပါတယ်။ ငှက်ဖျားကုသဆေးအပါအဝင် လိုအပ်ချက်တွေအများကြီးရှိနေတယ်လို့ သူက ပြောပါတယ်။

“နင်တို့တော်လှန်ရေးက ဘယ်တော့ နိုင်မှာလဲ နင်တို့ တော်လှန်ရေးက ဘယ်တော့ နိုင်မှာလဲ။ အဲ့စကားက အများဆုံးဖြေရတယ်။ ကျမတို့ တောထဲသွားပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးကတည်းက ကျမတို့ ပြန်အလာကို စောင့်နေကြတာပေါ့။ ဘယ်နေ့ မြို့တက်လာမှာလဲ မြို့သိမ်းတက်လာမလဲ အဲ့လိုပြောကြတယ်။ တော်လှန်ရေး အောင်မြင်ဖို့ ဆိုတာက ကျမတို့ကြီးပဲ ကြိုးစားလို့မရဘူး။ ပြည်သူနဲ့ ကျမတို့လက်နက်ကိုင်တွေနဲ့ အားလုံး တစ်ထပ်တည်းကျမှ တော်လှန်ရေးက နိုင်မှာ။ ဘာဖြစ်လို့လဲဆိုတော့ တချို့ကျတော့ ကိုယ်နဲ့ မဆိုင်သလိုလို အဲ့လိုနေကြတယ်လေ။ ကိုယ့်အိမ်မီးလောင်မှ၊ ကိုယ့်မိသားစု အဖမ်းခံရမှ တော်လှန်ရေးက သူတို့နဲ့ဆိုင်တယ်လို့ ထင်တဲ့သူတွေ မြန်မာပြည်မှာ အများကြီးပဲ။ ကျမတို့ မိန်းကလေးတွေပေမယ့် လက်နက်ကိုင် လမ်းစဉ်ကိုရွေးတယ်။ ကျမတို့ မြန်မာပြည်မှာ အမျိုးသားကောင်းတွေ အများကြီးရှိတယ်။ တချို့တော်လှန်ရေးနဲ့ မဆိုင်သလိုနေကြတဲ့ သူတွေလည်း အများကြီးရှိတယ်။ တောထဲရောက်လာတဲ့ ခလေးတွေက တကယ်လေးစားဖို့ ကောင်းတဲ့ ကလေးတွေပေါ့။ တော်လှန်ရေးမှာ ပြည်သူနဲ့ လက်နက်ကိုင်တွေကော ထောက်ပို့တွေကော အကုန်လုံး က တညီတညွတ်တည်း စည်းစည်းလုံးလုံးနဲ့ သွားမှ တော်လှန်ရေးက အောင်မြင်မှာ။ လက်နက်က ရှိသင့်သလောက်ရှိပေမယ့် ကျည်က အမြဲနောက်ကနေ ပြည့်နေဖို့လိုတယ်။ တိုက်ပွဲက နှစ်ပဲ ခြောက်ပြားနဲ့ ညီမတို့ တိုက်လို့မရဘူး။ တစ်ပွဲနဲ့ တစ်ပွဲဖြစ်သွားဖို့ ငွေသိန်း ဆယ်နဲ့ ချီပြီးကုန်တယ်။ ပွဲကပါ ကပါ ပြောနေကြတဲ့ သူတွေက ပါဝင်ပေးကြပါလို့။ လက်နက်နဲ့ ကျည်က အဓိကပါလို့။”

စစ်ရေးလေ့ကျင့်ကွင်းကတော့ တောင်ကုန်းတစ်ခုရဲ့ အခြေမှာရှိပါတယ်။ လူငယ်တချို့က သွက်လက်ပေမယ့် တချို့ကတော့ ငှက်ဖျားဒဏ်ကြောင့် သိပ်ပြီးခံနိုင်ရည်မပြည့်ဝဘူးလို့ ယူဆရပါတယ်။ ဗိုလ်မှူးကြီးစောစလုံးက ပစ္စတိုသေနတ်တစ်လက်ကို ပစ်ခတ်ရင်း တပ်ဖွဲ့ဝင်တွေကို အားပေးနေပါတယ်။

KMSP 9.jpg
ဆင်ဖြူစစ်ကြောင်းတပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ်။ (Photo: RFA)

လေ့ကျင့်ကွင်းနဲ့ သိပ်မဝေးတဲ့နေရာ တစ်ခုမှာတော့ အာဇာနည်ကုန်းရှိပါတယ်။ မကြာခင်က ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုထားပါတယ်လို့ ဗိုလ်မှူးကြီးစလုံးကပြောပါတယ်။

လေပြင်းထန်တဲ့ အဲဒီညမှာ ဗိုလ်မှူးကြီးစောစလုံးက လူငယ်တွေအတွက် ပျော်ပွဲရွှင်ပွဲတစ်ခု ကျင်းပပေးပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ သိပ်မဝေးတဲ့ အဲဒီတောင်ကုန်းပေါ်မှာ ကာရာအိုကေစက်က ထွက်လာတဲ့ ဂီတသံနဲ့အတူ လူငယ်တွေက ပျော်ကြပါတယ်။ ထင်းတုံးအကြီးကြီးတွေက ထွက်လာတဲ့ မီးရောင်မှာ သူတို့မျက်နှာတွေပေါ်က တော်လှန်ရေးစိတ်ဓာတ်တွေ ထင်ဟပ်နေတာမြင်ရပါတယ်။ သူတို့အားလုံး အိမ်ပြန်ချင်ကြတဲ့စိတ်ကို မထိန်းနိုင်ကြပါ။

KMS P3.jpg
ဆင်ဖြူစစ်ကြောင်း တပ်ဖွဲ့ဝင်များ။ (Photo: RFA)

ညရောက်တဲ့အခါ PDF လူငယ်တွေဟာ မညီမညာမြေကြီးပေါ်မှာ တချို့က ရွက်ဖျင်တဲငယ်လေးတွေနဲ့ အိပ်စက်ရပေမယ့် တချို့ကတော့ စောင်ခပ်ပါးပါးတွေကိုပဲခြုံပြီး အိပ်နေကြရပါတယ်။ တချို့ကတော့ စောင်ပုခက်တွေကို ဝါးရုံတွေမှာ ချိတ်ဆွဲပြီးအိပ်ကြပါတယ်။ တောင်ကုန်းပေါ်မှာ လေတိုက်သံက ကျယ်လောင်လွန်းလှပြီး ချမ်းအေးလွန်းတဲ့အတွက် လူငယ်တချို့က ထင်းတွေနဲ့ မီးဖိုပြီးအအေးဒဏ်ကို ရင်ဆိုင်ခုခံနေကြတာလည်း မြင်ရပါတယ်။

ကင်းစောင့်တာဝန်ကျတဲ့လူငယ်တွေရဲ့ အမည်နဲ့ အချိန်ဇယားကိုတော့ သစ်ပင်တစ်ခုမှာ ဝါးချွန်နဲ့ ထိုးစိုက်ထားပါတယ်။ တောင်ကုန်းပေါ်ကို နံနက်ခင်းအလင်းရောင်က ရောက်ရှိလာခဲ့ပါပြီ။ လူငယ်တွေအတွက် နေ့သစ်တစ်ခုလည်း ထပ်မံ မွေးဖွားလာခဲ့ပါပြီ။ တစ်ညတာကိုတော့ သူတို့ဖြတ်ကျော်နိုင်ခဲ့ကြပြီ။

သူတို့ဘယ်တော့အိမ်ပြန်နိုင်ကြမှာလဲ။ သူတို့အားလုံးကော အိမ်ပြန်နိုင်ကြပါ့မလား။ ဘယ်သူမှ မသိနိုင်တဲ့ အဖြေဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။