ကယားပြည်နယ်ထဲက တောတွင်းလျှို့ဝှက်ဆေးရုံ
2025.02.10

(ကရင်နီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တည်ထောင်ရေး ကြိုးပမ်းမှုအကြောင်း အပိုင်းသုံးပိုင်းပါ RFA ဓာတ်ပုံဆောင်းပါး တတိယပိုင်းဖြစ်ပါသည်။ ပထမပိုင်းနှင့် ဒုတိယပိုင်း ဖတ်ရှုရန်)
ဒီးမော့ဆို၊ ကယားပြည်နယ် - “ဒေါက်တာထရေစီ” ဟာ ရန်ကုန်မြို့မှာ ဆေးကျောင်းသူဘဝနဲ့ ကျောင်းတက်နေချိန်က ခွဲစိတ်ဆရာဝန်ဖြစ်လာဖို့ ရည်မှန်းထားခဲ့သူပါ။ ဒါဟာ နိုင်ငံရေး၊ စီးပွားရေး ပွင့်လင်းလာမယ့် ဒီမိုကရေစီဖွံ့ဖြိုးစ နိုင်ငံတော်သစ်ရဲ့ လူငယ်တွေအတွက် အခွင့်အလမ်းတွေထဲက တစ်ခုပါပဲ။ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် သူ့ရည်မှန်းချက်တွေ မှေးမှိန်ခဲ့ရပေမယ့် နိုင်ငံဒီမိုကရေစီအရေး မျှော်လင့်ချက်တွေကတော့ ပိုပြီးခိုင်မာလာပါတယ်။
ထရေစီဟာ ၂၀၂၁ ခုနှစ်မှာ ရွေးကောက်ခံအရပ်သားအစိုးရ ဖြုတ်ချခံရပြီးနောက် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ဆရာဝန်နဲ့ သူနာပြုတွေထဲမှာ ပါဝင်ပါတယ်။ လက်ရှိမှာတော့ ဒေါက်တာထရေစီဟာ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို ကူညီဖို့အတွက် မြို့ပေါ်ကနေ နယ်စပ်ဒေသကို ရောက်ရှိနေပါပြီ။
“ရိုးရိုးလေးပြောရရင် ဒါ မတရား အာဏာသိမ်းတာပဲ” လို့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က အိုဝမ်း (O-1) ဆေးရုံဝင်းထဲက တဲအိမ်လေးတစ်လုံးထဲမှာ ထိုင်နေတဲ့ ထရေစီက ပြောပါတယ်။
“ကျွန်မကိုယ်ကျွန်မ မေးတယ်။ ဒီဖြစ်ရပ်ကိုလက်ခံလားလို့။ အဖြေကတော့ လက်မခံဘူး။ ဒါနဲ့ပဲ ကျွန်မ တော်လှန်ခဲ့တယ်။ တော်လှန်နေတယ်”
အာဏာသိမ်းပြီးနောက် တိမ်းရှောင်လာကြတဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ အဝေးရောက်အစိုးရ ရေးဆွဲထားတဲ့ သင်ရိုးအောက်မှာ ထရေစီဟာ ဆေးပညာကို ဆက်ပြီး လေ့လာနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ သူမျှော်မှန်းခဲ့တဲ့ ခွဲစိတ်ပါရဂူတစ်ယောက် ဖြစ်လာဖို့ အခြေအနေ အခွင့်အလမ်း ဘာတစ်ခုမှ မရှိတော့ပါဘူး။ ဒေသခံတွေရဲ့ ငှက်ဖျားနဲ့ တီဘီရောဂါတွေကို ကုသပေးရင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ခြေကျိုးလက်ကျိုးဒဏ်ရာတွေကို ကုသပေးရင်း သူ့အချိန်တွေကို အသုံးချနေပါတယ်။
တကယ်လို့သာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ မပါဝင်ဘဲ၊ တော်လှန်ရေးတပ်သားတွေကို ဆေးကုပေးရာမှာ မပါဝင်ဘဲ ရန်ကုန်မှာ အခုချိန်ထိ နေခဲ့မယ်ဆိုရင်တော့ “ကျွန်မက အသုံးမကျတဲ့သူ ဖြစ်သွားလိမ့်မယ်”လို့ သူက ပြောပါတယ်။
“အဲဒီလိုနေရမှာ ကျွန်မ မကြိုက်ဘူး”
လွတ်လပ်ခြင်းရဲ့ အရသာ
ထရေစီနဲ့ အိုဝမ်းဆေးရုံက လုပ်ဖော်ကိုင်ဖက်တွေဟာ သူတို့မိဘတွေခေတ်ထက် ပိုပြီးလွတ်လပ်တဲ့ မြန်မာနိုင်ငံမှာ ကြီးပြင်းခဲ့ကြသူတွေပါ။ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတော့ စစ်အစိုးရဟာ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းခွင့်ပြုတော့မယ့် လက္ခဏာတွေ တွေ့ခဲ့ရပါတယ်။ လွှတ်တော်မှာ စစ်ဗိုလ်ချုပ်တွေက အမတ်နေရာအများအပြားကို ရယူ၊ နိုင်ငံရဲ့အရေးပါဆုံး ဝန်ကြီးဌာနတချို့ကိုပါ ထိန်းချုပ်ထားပြီး လူထုကရွေးကောက်လိုက်တဲ့ပုဂ္ဂိုလ်တွေနဲ့ အာဏာခွဲဝေကြဖို့ သဘောတူခဲ့တာပါ။
နှစ်ပေါင်း ၅၀ လောက်ကြာအောင် စစ်တပ်က ဖိနှိပ်အုပ်ချုပ်ခဲ့ပြီးနောက် ပေါ်ပေါက်လာတဲ့ အပြောင်းအလဲတွေဟာ သူတို့မျိုးဆက်အတွက် အခွင့်အလမ်းသစ်တွေ၊ အနာဂတ်စိတ်ကူးသစ်တွေ အများကြီး ပေးနိုင်ခဲ့တယ်လို့ အသက် ၂၉ နှစ်အရွယ် ဒေါက်တာယိုရီက ပြောပါတယ်။ ဒေါက်တာယိုရီဟာ အိုဝမ်းဆေးရုံရဲ့ လက်ထောက်ဆေးရုံအုပ်ဖြစ်ပြီး ဇာတိက ရန်ကုန်ကပဲ ဖြစ်ပါတယ်။
“ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ပြည်သူလူထုနဲ့ အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်မယ့် အရာတွေ အများကြီး ရှိတယ်ဆိုတာ ကျွန်တော်တို့ သိတယ်” လို့ သူက ပြောပါတယ်။
အာဏာသိမ်းမှုက တိုးတက်အောင်မြင်မှုအားလုံးကို ခြောက်လှန့်ခဲ့တယ်လို့ သူတို့က ယူဆကြပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒပြပွဲတစ်ခုမှာ ဆေးကျောင်းသားလေးတစ်ယောက် သေဆုံးခဲ့ရချိန်မှာ ထောင်နဲ့ချီတဲ့ ဆေးဝန်ထမ်းတွေ၊ ဆေးပညာရှင်တွေ လမ်းပေါ်ထွက်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှုအဖြစ် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူအများအပြား စစ်တပ်က ဖမ်းဆီးတာ ခံခဲ့ရပါတယ်။
ဒေါက်တာယိုရီနဲ့ ဒေါက်တာထရေစီတို့ဟာ စစ်အာဏာသိမ်းမှုကို စိတ်တူကိုယ်တူ ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ ရန်ကုန်မြို့က ကြင်ဖော်ကြင်ဖက်တွေ ဖြစ်ပါတယ်။ ဖမ်းဆီးမခံရအောင် သူတို့နှစ်ဦးစလုံး လအနည်းငယ်အကြာမှာ ကယားပြည်နယ်ဘက်ကို ထွက်လာခဲ့ကြပါတယ်။ ယိုရီရဲ့ မူလရည်ရွယ်ချက်က အဝေးရောက်အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်က လက်နက်ကိုင်တော်လှန်ရေးတပ်ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲ ဝင်ဖို့ပါ။
“ကျွန်တော်က ဆေးထိုးအပ်ကိုင်ပြီး မတိုက်ချင်ဘူး။ သေနတ်ကိုင်ပြီးပဲ တိုက်ချင်တာ” လို့ ယိုရီက ပြောပါတယ်။ ဒါပေမဲ့ ဆရာဝန်တစ်ယောက်အဖြစ် သူ့ကို ပိုလိုအပ်နေတယ်ဆိုတာကို ဒေါက်တာယိုရီတစ်ယောက် မကြာခင်မှာ နားလည်လိုက်ရပါတယ်။
“အခွင့်ထူးခံဘဝ”ကို ထားခဲ့သူ
အိုဝမ်းဆေးရုံဟာ နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ဒေသခံတွေရဲ့ ဒုက္ခသည်စခန်းတွေလိုပဲ တောတောင်ထူထပ်တဲ့ဒေသမှာ တည်ရှိပြီး သွပ်မိုး၊ တာပေါ်လင်၊ ဝါး စတာတွေနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတစ်လုံးပဲ ဖြစ်ပါတယ်။ ထရေစီနဲ့ယိုရီတို့ စပြီးတာဝန်ကျခဲ့တဲ့ အဲဒီဆေးရုံဟာ ဗုံးဒဏ်နှစ်ကြိမ်ခံရပြီးနောက်မှာတော့ တောတွင်းက လျှို့ဝှက်နေရာတစ်ခုမှာပဲ ဆေးရုံကိုထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အရေးပေါ်ဌာန အသစ်တစ်ခု၊ ဓာတ်မှန်၊ ဓာတ်ခွဲခန်းနဲ့ လူနာနားနေခန်းတွေ ဆောက်လုပ်ဖို့အတွက် Clean Yangon အဖွဲ့က ငွေကြေးကျခံခဲ့ပါတယ်။ မကြာသေးခင်က RFA က သွားရောက်ခဲ့စဉ်က ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနကို အသစ်ဆောက်လုပ်နေချိန် ဖြစ်ပါတယ်။ လျှပ်စစ်မီးရဖို့ မီးစက်တွေကို အသုံးပြုနေတာ တွေ့ရပါတယ်။ အင်တာနက်လိုင်းက မကောင်းလှပေမယ့် လူနာနဲ့ဆေးဝန်ထမ်းတွေအတွက် အစားအသောက်ကတော့ တော်တော်လေး အဆင်ပြေပါတယ်။
အရာအားလုံးဟာ ဒီနေရာကိုရောက်နေတဲ့ ဆရာဝန်တွေ သူနာပြုတွေရဲ့ အရင်က အခြေအနေနဲ့ နှိုင်းယှဉ်ရင်တော့ အများကြီး ကြမ်းတမ်းပါတယ်။ ရန်ကုန်မှာဆို လေအေးပေးစက်အောက်မှာ နိုင်ငံတကာက အစားအသောက်ပေါင်းစုံနဲ့၊ အမျိုးသမီးတွေအတွက်ဆိုလည်း အခွင့်အလမ်းသစ်တွေ အပြည့်နဲ့ပါ။
“အာဏာမသိမ်းခင်က ကျွန်မတို့က အရမ်းကို အခွင့်ထူးခံဘဝနဲ့ နေခဲ့ကြတယ်။ ကျောင်းတက်လိုက်၊ အပြင်ထွက်စားလိုက်နဲ့ စိတ်ပူစရာဆိုတာ ဘာမှကို မရှိခဲ့ဘူး” လို့ ထရေစီရဲ့အစ်မဖြစ်သူ အသက် ၂၇ နှစ်အရွယ် ဒေါက်တာဟေဇယ်က ပြောပါတယ်။
လက်ရှိမှာ ကယားပြည်နယ်အတွင်း ဒဏ်ရာရသူနဲ့ ဖျားနာသူ လူနာတွေကို ကုသပေးဖို့ အိုဝမ်းအပါအဝင် တော်လှန်ရေးဆေးရုံ လေးခု ရှိနေပါပြီ။ အိုဝမ်းဆေးရုံမှာ ဆရာဝန်ခြောက်ဦး ရှိပြီး အကူဆေးကျောင်းသား ခုနစ်ဦးနဲ့ သူနာပြုအယောက် ၃၀ နီးပါး ရှိပါတယ်။
အိုဝမ်းဆေးရုံရဲ့ လစဉ်လည်ပတ်စရိတ်က ကျပ်သိန်းငါးရာဝန်းကျင် ရှိတယ်လို့ ယိုရီက ပြောပြပါတယ်။ တစ်လကို လူနာအယောက် ၁၅၀ ဝန်းကျင် ကုသပေးနေရတယ်လို့လည်း ဆိုပါတယ်။ စစ်ပွဲနဲ့ပတ်သက်တဲ့ စိတ်ဒဏ်ရာတွေကိုတော့ အခမဲ့ ကုသပေးပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ လူနာတွေကိုလည်း အခကြေးငွေ မယူပါဘူး။ လူနာတွေနဲ့လူနာစောင့်တွေအတွက် အစားအသောက်ကလည်း အခမဲ့ပါ။
လက်ထောက်ဆေးရုံအုပ်ဖြစ်တဲ့ ယိုရီက တစ်လကို ကျပ်တစ်သိန်းခွဲ ရတယ်လို့ ပြောပါတယ်။ ဒီပမာဏက သူ့အတွက်တော့ ဆေးလိပ်ဖိုးလောက်ပဲ ရှိတာပါ။
“ကျွန်တော်တို့က ငွေရဖို့ ဒါမှမဟုတ် နာမည်ရဖို့ ဒီအလုပ်ကိုလုပ်နေတာ မဟုတ်ဘူး” လို့ ယိုရီက ဆိုပါတယ်။
ဆေးရုံကို အလှူငွေနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ စစ်ပွဲကာလ လေးနှစ်ကြာပြီးနောက်မှာ ရန်ပုံငွေရရှိဖို့ ပိုပြီးခက်ခဲလာတယ်လို့ ယိုရီက ဆက်ပြောပါတယ်။ ပြည်နယ်အတွင်း လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးဖို့ ကြိုးပမ်းနေတဲ့ ကယားပြည်နယ်ရဲ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွက် ဒါကလည်း ရင်ဆိုင်ဖြေရှင်းရမယ့် အကျပ်အတည်း တစ်ခုပါ။
“အခြေအနေကတော့ ခက်ခဲတယ်။ အိုဝမ်းဆေးရုံဘတ်ဂျက်ရဲ့ ငါးရာခိုင်နှုန်းကိုပဲ IEC ဘက်က ပေးထားတာ။ IEC က ဆေးရုံကို လွှဲပြောင်းလက်ခံဖို့ ကမ်းလှမ်းထားပေမယ့် ဘတ်ဂျတ်တစ်ခုလုံးကို ကာမိမှ လွှဲပေးနိုင်မယ်လို့ ဆရာဝန်တွေက တောင်းဆိုထားတယ်” လို့ ယိုရီက ပြောပြပါတယ်။
“ပြည်နယ်ဆေးရုံလို့ နာမည်တပ်မယ်ဆိုရင်တော့ ရန်ပုံငွေ မရှာချင်တော့ဘူး” လို့ ဆက်ပြောပါတယ်။
ဒဏ်ရာရတော်လှန်ရေးတပ်သား
RFA က ရောက်ရှိသွားချိန်မှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) တပ်ဖွဲ့ဝင်တွေဟာ လေကြောင်းရန်ကာကွယ်ဖို့ မြေအောက် ၁၈ ပေအနက်မှာ တည်ဆောက်ထားတဲ့ ခွဲစိတ်ခန်းကို သွားဖို့အတွက် လိုဏ်ခေါင်းတစ်ခုအနားမှာ စောင့်နေကြပါတယ်။ တိုက်ပွဲတွေကြောင့် အနားမယူနိုင်ဘဲ မျက်လုံးတွေနီရဲနေတဲ့ ဒီတပ်ဖွဲ့ဝင်တွေက ကွမ်းဝါးထားတဲ့သွားတွေ ပေါ်နေအောင် နွမ်းနွမ်းလျလျ ပြုံးပြကြပါတယ်။
စိုစိုစွတ်စွတ် ခွဲစိတ်ခန်းလေးထဲမှာ အသက် ၃၃ နှစ်အရွယ် ဒေါက်တာအောင်ကိုမြင့်ဟာ ဆေးရုံဟောင်းက ပစ္စည်းကိရိယာတွေ၊ စစ်တပ်စစ်ဆေးရေးဂိတ်တွေကို ကျော်ဖြတ်ပြီး လျှို့ဝှက်သယ်ဆောင်လာရတဲ့ မေ့ဆေး၊ ဆေးဝါးတွေနဲ့အတူ လေးနာရီကြာ ခွဲစိတ်မှုတစ်ခု လုပ်ခဲ့ပါတယ်။ လူနာရဲ့ ခြေထောက်နှစ်ဖက်လုံးကို ခွဲစိတ်ဖြတ်တောက်ပေးခဲ့ရတာပါ။
အရိုးခွဲစိတ်ဆရာဝန်ဖြစ်လာဖို့ မသင်ကြားခဲ့ဖူးပေမယ့် ကယားပြည်နယ်မှာ ဒီပညာရပ်တွေကို သူတတ်မြောက်ခဲ့တာလို့ ဒေါက်တာအောင်ကိုမြင့်က ပြောပါတယ်။ နှစ်ရက်အကြာမှာတော့ ဗစ်တိုရီယိုလို့ခေါ်တဲ့ စစ်သားငယ်လေး သက်သာလာ၊ ပြုံးရယ်နိုင်လာပြီး သူဘယ်လောက်နာကျင်ခဲ့ရကြောင်း ပြောပြပါတယ်။
“ခွီထိုလာရွာမှာ တိုက်ပွဲဖြစ်တာ။ ဒဏ်ရာရတဲ့ရဲဘော်ကို သယ်လာတုန်း တိုက်ခိုက်ခံရတာ။ ဆိုင်ကယ်မောင်းတဲ့ ကျွန်တော်တို့ ရဲဘော်နှစ်ယောက် ပစ်သတ်ခံလိုက်ရတယ်” လို့ ဗစ်တိုရီယိုက ပြန်ပြောပြပါတယ်။
ဗစ်တိုရီယိုရဲ့ခြေထောက်နှစ်ဖက်နဲ့ ခန္ဓာကိုယ်အထက်ပိုင်းနေရာတွေမှာ ဗုံးဆန်တွေ ဆိုးဆိုးရွားရွား ထိမှန်ခဲ့ပါတယ်။ ရဲဘော်တွေက စစ်ကောင်စီတပ်သားတွေကိုရှောင်ပြီး ဗစ်တိုရီယိုကို အိုဝမ်းဆေးရုံကို ဘေးကင်းစွာ ပို့ဆောင်နိုင်ဖို့ သီတင်းပတ်နဲ့ချီပြီး အချိန်ယူခဲ့ရပါတယ်။
ဒေါက်တာအောင်ကိုမြင့်ရဲ့ ဇနီးဖြစ်သူ အသက် ၃၀ အရွယ် ဒေါက်တာနှင်းနုနုဝေကတော့ အာဏာမသိမ်းခင်က ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှာ လက်ထောက်ခွဲစိတ်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး ချက်ချင်းအလုပ်ထွက်ခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ ပြီးခဲ့တဲ့နွေရာသီကမှ ကယားပြည်နယ်ကို ရောက်လာနိုင်တာပါ။ အကြောင်းကတော့ တောင်ဘက်ပိုင်းက ကရင်ပြည်နယ်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေကို ဆေးကုသပေးနေချိန်မှာ စစ်ကောင်စီတပ်ရဲ့ အဖမ်းခံလိုက်ရပြီး အကြမ်းဖက်မှုပုဒ်မနဲ့ အကျဉ်းချခံခဲ့ရလို့ ဖြစ်ပါတယ်။
စစ်ကြောရေးစခန်းတွေမှာ နှစ်ပတ်ကြာ ဖြတ်သန်းခဲ့ရပြီးနောက် ဒေါက်တာနှင်းနုနုဝေ ထောင်သုံးနှစ် ကျခဲ့ပါတယ်။ ထောင်ထဲမှာ အမျိုးသမီးအကျဉ်းသူတွေနဲ့ ထောင်ဝန်ထမ်းတွေ၊ မိသားစုတွေကို ဆေးကုသပေးပြီး ၂ နှစ်နဲ့ ၃ လအကြာမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။
“အိပ်မက်ဆိုးတွေကတော့ အများကြီးပဲ။ ဒါ မြန်မာပြည်က ကျွန်မတို့ရဲ့ဘဝပဲ” လို့ ဒေါက်တာနှင်းနုနုဝေက ပြောပါတယ်။
မယုံကြည်မှုကို ဖြတ်ကျော်ခြင်း
ဒီလိုစိတ်ထိခိုက်စရာဖြစ်ရပ်တွေ နေ့စဉ်ကြုံတွေ့နေရတဲ့ အိုဝမ်းဆေးအဖွဲ့အနေနဲ့ အချင်းချင်း အပြန်အလှန် ကူညီရင်း၊ ခွဲခွာခဲ့ရတဲ့ မိသားစုဘဝတွေအကြောင်းနဲ့ စစ်ပွဲအတွေ့အကြုံတွေအကြောင်း အပြန်အလှန်ပြောပြီး အချင်းချင်းနှစ်သိမ့်ပြီး ရှင်သန်နေကြရပါတယ်။ ဒါ့အပြင် စစ်ကောင်စီလက်အောက်မှာပဲ ဆက်နေပြီး ရာထူးရာခံတွေ ယူနေကြတဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေအကြောင်းတွေကိုလည်း ပြောဖြစ်ကြပါတယ်။
“သူတို့က အထူးသင်တန်းအမျိုးမျိုး တက်နေချိန်မှာ ကျွန်တော်တို့က တောထဲမှာ ကျွန်တော်တို့တတ်နိုင်သလောက် လုပ်နေကြတယ်” လို့ အရိုးခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ဖို့ သင်တန်းတက်နေတဲ့ ဆေးကျောင်းသားတစ်ဦးဖြစ်တဲ့ အာကာက ပြောပါတယ်။ “လူတိုင်းမှာ သူတို့ကိုယ်ပိုင်ရွေးချယ်မှု ရှိတယ်။ ကျွန်တော် သူတို့ကို အပြစ်မတင်ချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ တာဝန်ကျေတဲ့ နိုင်ငံသားတစ်ယောက် ဖြစ်ဖို့ဆိုရင် CDM လုပ်သင့်တယ်လို့ ယူဆပါတယ်” လို့လည်း ဆက်ပြောပါတယ်။
တိုက်ပွဲတွေဖြစ်နေပြီး အရင်းအမြစ်နည်းပါးမှုတွေကြောင့် တွေ့ကြုံရတဲ့အခက်အခဲတွေအပြင် ဗုဒ္ဓဘာသာမဟုတ်ဘဲ ခရစ်ယာန်ဘာသာဝင်အများစုဖြစ်တဲ့ ဒေသခံလူထုရဲ့ မယုံကြည်မှုနဲ့ သံသယတွေကိုလည်း အစပိုင်းမှာ အတော်လေး ရင်ဆိုင်ခဲ့ရတယ်လို့ ဆရာဝန်တွေက ပြောပြကြပါတယ်။
ကယားပြည်နယ်ဟာ ‘ကရင်နီ’ တိုင်းရင်းသားလူမျိုးစု အများအပြား ရောနှောနေထိုင်ရာဒေသတစ်ခု ဖြစ်ပြီး ပြည်နယ်ထဲမှာ အလုပ်လုပ်နေတဲ့ ဆရာဝန်ဦးရေရဲ့ ၉၀ ရာခိုင်နှုန်းက ဗမာလူမျိုးတွေ ဖြစ်တယ်လို့ ဒေါက်တာယိုရီက ခန့်မှန်းပါတယ်။ ဒေသခံတွေဟာ ဗမာလူမျိုး ကြီးစိုးတဲ့စစ်တပ်ကြောင့် ကာလအတန်ကြာ ဒုက္ခတွေခံစားခဲ့ရတဲ့အတွက် အသစ်ရောက်လာတဲ့ မျက်နှာစိမ်းတွေအပေါ် သံသယရှိကြတာက တကယ်တော့ မထူးဆန်းပါဘူး။
လိင်တူချစ်သူတစ်ဦးဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် အာကာကတော့ တစ်ခါတလေ အရမ်းကို အထီးကျန်ခံစားရတယ်လို့ ပြောပြပါတယ်။
“ဒီမှာက ဒီကိစ္စနဲ့ပတ်သက်ပြီး တအားတင်းကျပ်တာ။ အမျိုးသားနှစ်ယောက်ကို လူမြင်ကွင်းမှာ တစ်ခါမှ တွဲမတွေ့ဖူးကြဘူးလေ”
လူမှုဆက်ဆံရေးမှာ သက်သောင့်သက်သာမရှိတာက အာကာရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ပိုပြီး ခက်ခဲစေပါတယ်။ မိဘတွေနဲ့ ခွဲနေရတဲ့အတွက် စိုးရိမ်စိတ်တွေနဲ့ စိတ်ဓာတ် တက်လွယ်ကျလွယ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာကို ရင်ဆိုင်နေရပါတယ်။ သူ့ကို ကုသပေးနေတဲ့ပညာရှင်ကတော့ ပတ်ဝန်းကျင်သစ်နဲ့ အဆင်ပြေနေသားကျအောင် နေ့စဉ်မှတ်တမ်းရေးဖို့ တိုက်တွန်းထားပါတယ်။ ဆေးရုံဝင်းတစ်နေရာက သူနေထိုင်ရာအခန်းကျဉ်းလေးထဲမှာတော့ စာတွေရုပ်ပုံတွေအပြည့်နဲ့ မှတ်တမ်းစာအုပ်ပေါင်းများစွာကို ကုတင်ဘေးမှာ တွေ့ရပါတယ်။
ဒီလိုအခြေအနေမျိုးတွေ ရှိပေမယ့်လည်း ဒေသခံတွေ၊ တပ်ဖွဲ့ဝင်တွေအတွက် ကူညီလုပ်ကိုင်ပေးရင်း ဒီမှာနေရတာ လွတ်လပ်ပြီး ပျော်စရာကောင်းပါတယ်လို့ အာကာက ပြောပါတယ်။
“ကျွန်တော်တို့အနေနဲ့ မတရားမှုတွေ၊ နာကျင်စရာတွေ အများကြီး ခံစားနေရတယ်။ ဒါကြောင့် တိုင်းပြည်အတွက် တိုက်ပွဲဝင်သင့်တယ်လို့ ကျွန်တော်ထင်တယ်” လို့လည်း ဆက်ပြောပါတယ်။
မွေးနေ့ပွဲ
မိုးရွာပြီး ချမ်းအေးတဲ့ညတစ်ညမှာ ဒေါက်တာနှင်းရဲ့ အသက် ၃၀ ပြည့်မွေးနေ့ပွဲ ကျင်းပဖို့ ဝန်ထမ်းတွေ စုဝေးနေကြတဲ့နေရာကိုလည်း RFA က ရောက်ရှိခဲ့ပါတယ်။
ဒီပွဲကို အိုဝမ်းဆေးရုံက ဆေးသင်တန်းသားတွေ၊ တခြားဆေးရုံက ဆရာဝန်တွေလည်း လာကြပါတယ်။ မီးသွေးမီးဖိုပေါ်မှာ ပုစွန်တွေ၊ ငုံးဥနဲ့ အသားပြားတွေ ကင်စားရင်း အားလုံးက အတွေ့အကြုံဖလှယ်၊ စကားစမြည် ပြောကြပါတယ်။
စစ်ကောင်စီရဲ့ဒရုန်းနဲ့ တိုက်လေယာဉ်တွေ သတိမထားမိအောင် မီးရောင်တွေကိုတော့ ခပ်မှိန်မှိန်ပဲ ထွန်းထားရပါတယ်။ စစ်ကောင်စီတိုက်လေယာဉ်မောင်းသူတွေ မကြားနိုင်လောက်တဲ့ အချိန်မှာတော့ ဧည့်သည်တစ်ယောက်က ကာရာအိုကေစက်တစ်လုံး ယူလာပါတယ်။
စကားအပြီးသတ်ရင် ‘ဒါပါပဲ’ ဆိုပြီး ထည့်ထည့်ပြောတတ်တဲ့ ဒေါက်တာထရေစီက “ကျွန်မ တတ်နိုင်သလောက်လုပ်ဖို့အတွက် လွတ်မြောက်နယ်မြေကိုလာဖို့ ဆုံးဖြတ်ခဲ့တာပါ၊ ဒါပါပဲ” လို့ RFA ကို ပြောပါတယ်။
ကိုယ့်အတွေးအမြင်ကို မိခင်ဘာသာသာစကားမဟုတ်တဲ့ တခြားဘာသာစကားတစ်ခုနဲ့ ပြန်ပြောပြရတာ မလွယ်ပေမယ့် ရန်ကုန်ကထွက်လာဖို့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်ဆိုတဲ့ သူ့ရဲ့ရိုးသားပွင့်လင်းတဲ့ယုံကြည်မှု၊ ပြတ်သားတဲ့အမြင်ကတော့ ပေါ်လွင်နေပါတယ်။ ဒီယုံကြည်ချက်ကို သူ့အစ်မဖြစ်သူအပါအဝင် လုပ်ဖော်ကိုင်ဖက်တွေဆီမှာလည်း တွေ့ရပါတယ်။
“ဟုတ်တယ်။ ကျွန်မရဲ့ အရင်တုန်းက ဘဝပုံစံနဲ့ယှဉ်ရင်တော့ အခက်အခဲတော့ နည်းနည်းရှိတာပေါ့” လို့ ဒေါက်တာဟေဇယ်က RFA ကို ပြောပါတယ်။
“စွန့်လွှတ်တယ်၊ အနစ်နာခံတယ်လို့ မယူဆပါဘူး။ ဒါ ကျွန်မရဲ့ ရွေးချယ်မှုပဲ။ ဒီတော်လှန်ရေးမှာ ကျွန်မပါဝင်နိုင်တယ်၊ ကျွန်မရဲ့ပတ်ဝန်းကျင်အတွက် လူ့အဖွဲ့အစည်းအတွက် အနည်းအကျဉ်းပဲဖြစ်ဖြစ် တစ်ခုခု လုပ်ပေးနိုင်တယ်ပေါ့”
“အဲဒီအတွက်လည်း တကယ်ကို ကျေးဇူးတင်ပါတယ်”
(ကလျာလွင် မြန်မာဘာသာပြန်ဆိုသည်။)
_____