ခရမ်းတစ်မြို့နယ်လုံး ဆိုင်ကယ်စီးခွင့်ပိတ်ခံရပြီး ဒေသခံတွေ သွားလာရေး ခက်ခဲနေ

RFA Burmese
2022.11.29
Share on WhatsApp
Share on WhatsApp
ခရမ်းတစ်မြို့နယ်လုံး ဆိုင်ကယ်စီးခွင့်ပိတ်ခံရပြီး ဒေသခံတွေ သွားလာရေး ခက်ခဲနေ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်က မော်တော်ဆိုင်ကယ်စီးနင်းခွင့်ပိတ်ထားသည့် ခရမ်းမြို့ မြင်ကွင်း။
ခရမ်းချန်နယ်

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် တစ်မြို့နယ်လုံးကို စစ်ကောင်စီဘက်က နိုဝင်ဘာလ ၂၆ ရက်နေ့ ကစပြီး ဆိုင်ကယ်စီးခွင့် ပိတ်လိုက်တာကြောင့် ဒေသခံတွေအားလုံး သွားလာရေး ခက်ခဲသွားပြီလို့ ခရမ်းမြို့ခံတွေက ပြောပါတယ်။

ခရမ်းမြို့နယ်အတွင်းမှာ တော်လှန်ရေးအဖွဲ့ဝင်တွေဟာ စစ်ကောင်စီတပ်သားတွေ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးဆိုသူတွေကို ဆိုင်ကယ်အသုံးပြုပြီး ပစ်ခတ်လုပ်ကြံကြတာလို့ မြို့ခံတွေကပြောပါတယ်။ အခုဆိုရင် အုပ်ချုပ်ရေးမှူးနဲ့ သတင်းပေးဆိုသူတွေ သေဆုံးတာ ၂၁ ဦးအထိ ရှိလာပြီးနောက် အခုလို ဆိုင်ကယ်စီးခွင့် ပိတ်လိုက်တာလို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ အုပ်ချုပ်ရေးမှူးတွေဆီ အကြောင်းကြားတဲ့စာမှာ ဖော်ပြထားပါတယ်။

ခရမ်းမြို့ပေါ်ကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ကတည်းက ဆိုင်ကယ်စီးခွင့် ပိတ်ထားတာဖြစ်ပြီး အခု နိုဝင်ဘာလထဲမှာတော့ ခရမ်းမြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စု (၅၃) အုပ်စုလုံးကို ကန့်သတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

"သူတို့ (စစ်ကောင်စီ) က အဲလိုလုပ်လိုက်ပေမယ့် ကျနော်တို့မှာ ဘာအခက်အခဲမှ ရှိမယ်မထင်ဘူး။ သူတို့ကို တော်လှန်ချင်ရင် ရတဲ့နည်းနဲ့ တော်လှန်မယ်"

အခုလို မြို့နယ်တစ်ခုလုံးကို ပိတ်လိုက်တာကြောင့် ဒေသခံတွေ သွားလာရေး အခက်အခဲဖြစ်နေပြီး အပိုငွေ ကုန်ကျလာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခရမ်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အရင်တုန်းက ဆိုင်ကယ်ကယ်ရီ ငှားလို့ရှိရင် တစ်ထောင်၊ ထောင့်ငါးရာဆိုရင် နှစ်ယောက်စီးလည်း အဲဒါပဲ။ သုံးယောက်စီးလည်း အဲဒါပဲ။ အခုက လူတစ်ယောက်ကို နှစ်ထောင်ဆိုတော့ သုံးယောက်စီးရင် ခြောက်ထောင်လောက် ကုန်သွားတာပေါ့။ ကုန်ကျစရိတ်တွေများတာပေါ့။ အရင်တုန်းက ဈေးကိုသွားမယ်ဆိုရင် ကယ်ရီငှားရင် တစ်ထောင်ပဲကုန်တယ်။ အခုက တွဲဘီးငှားရင် တစ်ယောက်ကို နှစ်ထောင်ဆိုရင် နှစ်ယောက်ကို လေးထောင်ပေးရတယ်။ ငါးရာဆိုတာ မရှိတော့ဘူး။ အနည်းဆုံး ထောင့်ငါးရာ၊ နှစ်ထောင်လောက်ကစတာ တစ်ယောက်ကို”

စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာန လူဦးရေဆိုင်ရာ အချက်အလက်တွေအရ ခရမ်းမြို့နယ်ထဲမှာ အိမ်ထောင်စု လေးသောင်းကျော် (၄၁,၃၀၅ စု) နဲ့ လူဦးရေ တစ်သိန်းခွဲကျော် (၁၆၈,၅၃၀ ဦး) နေထိုင်ကြပါတယ်။

မြို့ပေါ်မှာ ရပ်ကွက် (၁၃) ခုနဲ့ ကျေးရွာအုပ်စု (၅၃) အုပ်စုမှာ ရွာပေါင်း (၁၆၄) ရွာရှိပြီး မြို့ပေါ်နဲ့ရွာတွေကို ရွာချင်းဆက်လမ်းတွေနဲ့ ဆက်သွယ်ထားတာကြောင့် ဒေသခံတွေ အနေနဲ့ မော်တော်ဆိုင်ကယ်ကိုပဲ အားထားပြီး သွားလာနေကြရတာပါ။

အခု ခရမ်းမြို့ပေါ်မှာ နေထိုင်သူတွေလည်း ဒုက္ခရောက်နေရသလို ရွာတွေဘက်မှာ ပိုပြီး ခက်ခဲလာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ခရမ်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဘေးတွဲတွေအရင်တုန်းက ငါးရာ၊ သုံးရာက အခုဆိုရင် မြို့တွင်းတင် ဘေးတွဲတွေက ထောင့်ငါးရာပေးနေရတယ်။ အကျပ်အတည်းတွေ့တယ်ပေါ့။ ဆိုင်ကယ်မစီးရဘူး ဆိုတော့ ဘေးတွဲလေးတွေကလည်း သူတို့က နှစ်ယောက်စာပုံစံ ယူသလိုဖြစ်နေတာ။ မြို့တွင်းတောင် တစ်ထောင့်ငါးရာလောက် ပေးစီးရတယ်ဆိုတဲ့ပုံစံ ဖြစ်နေတာပေါ့။ လတ်တလောကတော့ ရွာတွေမှာ စီးမြဲစီးနေ ကြတုန်းပါပဲ။ စီးလို့ရတဲ့ရွာကတော့ စီးနေတာပါပဲ။ အခုဟာက ရွာတွေမှာပါ ကန့်သတ်မယ်ဆိုတော့ နောက်ပိုင်း မစီးရဲရင် သွားရေးလာရေး အနေအထားမှာ ပိုပြီးတော့ ဒုက္ခရောက်နိုင်တာပေါ့”

အခုလ ၂၆ ရက်နေ့စလို့ ဆိုင်ကယ်စီးတာတွေ့ရင် ဖမ်းဆီးမှာဖြစ်ပေမယ့် ဘေးတွဲဆိုင်ကယ်၊ ဘက်ထရီစက်ဘီးနဲ့ တခြားအနှေး ယာဉ်တွေကိုတော့ စီးနင်းခွင့်ပြုမယ်လို့ အဲဒီ အကြောင်းကြားစာထဲမှာ ပါဝင်ပါတယ်။

အိမ်ခြေ လေးသောင်းကျော်ရှိတဲ့ ခရမ်းမြို့နယ်ထဲမှာ နေအိမ်အားလုံးနီးပါး ဆိုင်ကယ် ရှိကြပြီး အခုလို ပိတ်လိုက်ပြီးနောက် ဘေးတွဲဆိုင်ကယ်အဖြစ် ပြောင်းလဲအသုံးပြုလာကြ တယ်လို့ ဘေးတွဲသုံးဘီး လုပ်ကိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

“အများစုကတော့ ဘေးတွဲတွေပဲ အခုနောက်ပိုင်းကတော့ စီးလို့ရကြတော့ ဘေးတွဲလေး တွေ စီးလာတာ တွေ့ရတာပေါ့။ တစ်သိန်းခွဲကနေပြီးတော့ နှစ်သိန်းခွဲဝန်းကျင်အထိ ရှိတယ်။ နှစ်သိန်းကျော်ကျော်ပေါ့။ နှမြောတဲ့ သူတွေကျတော့လည်း အိမ်မှာ ဘီးလေး ထားတယ်။ တချို့တွေ မဖြစ်မနေတွေကျတော့လည်း ဆင် (ဘေးတွဲ အဖြစ် ပြုပြင်) ကြပါတယ်”

kayan township.jpeg
ခရမ်းမြို့တွင်း တစ်နေရာကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

တစ်မြို့နယ်လုံးကို ဆိုင်ကယ်စီးခွင့် ပိတ်တာနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ ပါဘူး။

ခရမ်းမြို့နယ်အခြေစိုက် ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကတော့ စစ်ကောင်စီ ဘက်က ဆိုင်ကယ် စီးခွင့် ပိတ်လိုက်ပေမယ့်လည်း ခုခံတော်လှန်တဲ့အရှိန် ကျသွားမှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“သူတို့ရဲ့အထင်က ဆိုင်ကယ်နဲ့ PDF တွေကလာပြီး ပစ်သွားတယ် ထင်နေကြတာပေါ့။ လူထုကို သူတို့အဲလိုတွေ လိုက်ပြီးတော့ ချုပ်ချယ်လေ၊ စည်းကမ်းတွေ သတ်မှတ်လေ ပြည်သူလူထုက ပြန်ပြီးတော့ သူတို့ကို တွန်းလှန်ချင်တဲ့စိတ်တွေ ပိုများလာလေ၊ အဲလိုပဲဖြစ်မယ်ဗျ။ သူတို့ (စစ်ကောင်စီ) က အဲလိုလုပ်လိုက်ပေမယ့် ကျနော်တို့မှာ ဘာအခက်အခဲမှ ရှိမယ်မထင်ဘူး။ သူတို့ကို တော်လှန်ချင်ရင် ရတဲ့နည်းနဲ့ တော်လှန်မယ်။ သူတို့ (စစ်ကောင်စီက) ဆိုင်ကယ် ပိတ်ရုံတင်မကလို့ အပြင်ထွက်ခွင့် မရခဲ့သည် တိုင်အောင် ကျနော်တို့ရအောင် တွန်းလှန်ဖို့ရှိတယ်”

စစ်ကောင်စီဟာ ရန်ကုန်တိုင်းအတွင်းက အင်းစိန်၊ ကွမ်းခြံကုန်း၊ သန်လျင်၊ ကော့မှူးနဲ့ ဒလမြို့နယ်တွေကိုလည်း မော်တော်ဆိုင် ကယ်စီးခွင့် ပိတ်ပင်ထားသလို အချို့မြို့နယ် တွေမှာ အမျိုးသားနှစ်ဦး မစီးရဆိုပြီးပါ ကန့်သတ်ထားတာပါ။

အခု ထပ်ပြီးအပိတ်ခံရတဲ့ ခရမ်းမြို့နယ်အပါအဝင် ဆိုင်ကယ်စီးခွင့် အပိတ်ခံထားရတဲ့ မြို့နယ်ခြောက်ခုမှာ နေထိုင်သူတွေဟာ နေစဉ်သွားလာရေး အခက်အခဲတွေအပြင် အပိုကုန်ကျငွေတွေပါရှိလာလို့ ဆိုင်ကယ်စီးခွင့် ပြန်ဖွင့်ပေးစေချင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။