ခင်ဦးမှာ စစ်ကြောင်းထိုးလို့ ဒေသခံတစ်သောင်းနီးပါး ထွက်ပြေး
2023.03.18

စစ်ကိုင်းတိုင်းအတွင်း စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီတပ်က နယ်မြေ ရှင်းလင်းရေးကို အရှိန်မြှင့်ခဲ့ပါတယ်။
အာဏာသိမ်းမှု နှစ်နှစ်ပြည့်မှာ စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ ခင်ဦးမြို့နယ်အတွင်း မနေ့က မတ်လ ၁၇ ရက်နေ့က စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့တဲ့အတွက် ကျေးရွာရှစ်ရွာက အရပ်သား တစ်သောင်းနီးပါး ထွက်ပြေးနေရပါတယ်။
ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရွာတွေဖြစ်တဲ့ အင်းပါတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်း၊ ကုန်းသာ၊ ကြီးအိုင်နဲ့ မုံတော(မြောက်) ရွာတွေက အရပ်သားတွေ ထွက်ပြေးနေရတာလို့ ဒေသခံ တွေက ပြောပါတယ်။ အဲ့ဒီရွာ ရှစ်ရွာပေါင်းရင် အိမ်ထောင်စု ၂၀၀၀ ကျော် ရှိပါတယ်။
“ပြည်သူတွေမှာ မိသားစုတွေရော၊ အထုပ်အပိုးတွေရော ပြေးရတာဆိုတော့ အခက်အခဲဖြစ်တာပေါ့ဗျာ”
အေးအေးချမ်းချမ်းနေချင်တဲ့ အရပ်သားတွေဟာ အခုတော့ စစ်ကောင်စီတပ်ရဲ့ ကျည်ဆန် တစ်ကမ်းအလိုမှာ အသက်လုပြေးလွှားနေရတယ်လို့ အင်းပါတ်ရွာဒေသခံတစ်ဦးက ပြောပါ တယ်။
“ဒီ စစ်ဘေးရှောင်တယ်ဆိုတာလည်း အင်းပါတ်ရွာသူ ရွာသားကတော့ အဆန်း မဟုတ်တော့ဘူး။ ကျနော်တို့မှာလည်း ကျည်တစ်ကမ်းကလည်း ကျနော်တို့ ဒုက္ခ ရောက်နေတယ်၊ မလွတ်ဘူး ညမှာဆိုလည်းလေ။ ကျနော်တို့ပြောချင်တာကတော့ ပြည်သူနဲ့အနေကတော့ ကျနော်တို့ မနေ့ကဆို စစ်ကြောင်း ၉ နာရီခွဲဝန်းကျင်လောက်က သူတို့ ချမ်းသာကုန်းပေါ့နော်။ အဲဒီချမ်းသာကုန်းကနေ စစ်ကြောင်းထိုးလာတယ်။ အင်းပါတ်ဘက်ကို ဦးတည်လာတဲ့အချိန်မှာ ဟိုဘက်ဒီဘက် ပစ်ခတ်မှုဖြစ်ကြတယ် ပေါ့နော်။ ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာ ကျနော်ဆို သမီးနှစ်ယောက်နဲ့ လယ်ကြားဘက်တွေ မှာ ပြေးရပါတယ်ခင်ဗျ။ အခက်အခဲ တွေကတော့ နေတိုင်းပါပဲ။ နိစ္စဓူဝပါ”
မတ်လ ၁၇ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က ချမ်းသာကုန်းရွာကို စတင် စစ်ကြောင်းထိုးခဲ့တာလို့ သူက ပြောပါတယ်။
စစ်တပ်က ကျေးရွာတွေကို မကြာခဏ ဝင်ရောက်စီးနင်းတာကြောင့် အိမ်မှာ ရှိသမျှပစ္စည်း ကို ထုပ်ပိုးပြီး ထွက်ပြေးဖို့ အမြဲတမ်းအဆင်သင့်ပြင်ထားရတယ် လို့ ချမ်းသာကုန်းရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒေသခံတွေမှာတော့ အခုလောလောဆယ် ဒီကောင်တွေက အင်းပါတ်ကွေ့နဲ့ ရွာသစ်ကုန်း ပေါင်းပြီးတော့ စားနပ်ရိက္ခာယူတဲ့အချိန်မှာ မနက်စောစောဆိုရင် အလုပ်ကို မထွက်ရဲကြဘူးဗျ။ အခြေအနေလေး စောင့်ပြီးတော့မှ ၈ နာရီလောက်မှ အလုပ်ထွက်ရတယ်ဗျ။ တောထဲ အလုပ်ထွက်မယ်ဆိုရင်ဗျာ။ ဒီချမ်းသာကုန်းရွာရဲ့ ဟိုဘက်ကရွာတွေက မရှိတော့ဘူးဆိုတော့ ရွာထဲဝင်လာမှသိရတာ။ အဲအချိန်မှဆိုတော့ ပြည်သူတွေမှာ မိသားစုတွေရော၊ အထုပ်အပိုးတွေရော ပြေးရတာဆိုတော့ အခက်အခဲဖြစ်တာပေါ့ဗျာ”
စစ်ကောင်စီတပ်က ရွာတွေကို ဝင်စီးတဲ့အခါ အိမ်မှာရှိတဲ့ တန်ဖိုးရှိပစ္စည်း မှန်သမျှ ယူဆောင်သွားတယ်လို့ သူက ပြောပါတယ်။ ရွာထဲကို စစ်ကြောင်းဝင်ချိန်မှာလည်း အရပ်သားတွေရဲ့ စားနပ်ရိက္ခာတွေကို သယ်သွားတယ်လို့ ချမ်းသာကုန်းရွာ ဒေသခံက ပြောပါတယ်။
ချမ်းသာကုန်းရွာကို စစ်ကြောင်းဝင်ပြီးနောက် ပြန်ထွက်ချိန်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေအကြား ဆယ်မိနစ်လောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရပ်သားတွေကို အပြည့်အဝကာကွယ်ပေးဖို့ထက် စစ်ကောင်စီတပ်တွေလက်ကနေ ပြေးလွှားနိုင်ဖို့လောက်ပဲ ဟန့်တားပစ်ခတ်နိုင်တဲ့အခြေအနေဖြစ်တယ်လို့ ခင်ဦးမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ ကျနော်တို့ကတော့ ပြည်သူ့ကာကွယ်ရေးဆိုတဲ့အတိုင်းပေါ့နော် စစ်ကြောင်းလာပြီ ဆိုရင် ပြည်သူတွေ ထွက်နိုင်အောင် ကျနော်တို့ကာပြီးတော့ ကျနော်တို့ ခံမပစ်နိုင် ရင်တော့ ကျနော်တို့ပြည်သူတွေ ထွက်နိုင်အောင် ကျနော်တို့ ခံပစ်ပေးထားတယ်ပေါ့ နော်။ သူတို့အခြေအနေကောင်းတယ်ဆိုရင် ဗျူဟာပိုင်းအရ အသာရတယ်ဆိုရင် ကျနော်တို့ တိုက်ပွဲဆင်ပြီး အခုနောက်ပိုင်း ပစ်ခတ်တိုက်စစ်ဆင်တာတွေ ရှိလာတယ် ပေါ့နော်။ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်းမှာ စစ်ကောင်စီက ခင်ဦးမြို့နယ်ထဲမှာ ဒီအတိုင်း စစ်ကြောင်းထိုးတာ စိပ်စိပ်လာတယ်ပေါ့နော်။ အဓိက က ပြည်သူတွေ လွတ်အောင်ပေါ့နော် ပြည်သူတွေ လွတ်အောင်ပိုပြီးတော့ ဂရုစိုက်ပြီးတော့ စစ်ကောင်စီ စစ်ကြောင်းကို ဟန့်တားလာရတယ်”
စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် နယ်မြေရှင်းလင်းရေးကို ခပ်စိပ်စိပ် လုပ်လာတာကြောင့် အရပ်သားတွေ မကြာခဏထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးအေးလှိုင်ကတော့ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေကို သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တွေကနေ တစ်ဆင့် စားနပ်ရိက္ခာ အကူအညီတွေ ပေးနေတယ်လို့ မတ်လ ၁၇ ရက်က RFA ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ အကူအညီတွေဟာ လက်တွေ့မြေပြင်မှာ အမှန်တကယ်ရှိမနေဘူးလို့ ဒေသတွင်း ဒုက္ခသည်အရေးကူညီနေသူတွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက် နေ့က ထုတ်ပြန်တဲ့အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ခုနစ်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။