ခင်ဦးမှာ စစ်ကြောင်းထိုးလို့ ရွာ ၂၀ ကျော်က ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ

RFA Burmese
2023.06.04
ခင်ဦးမှာ စစ်ကြောင်းထိုးလို့ ရွာ ၂၀ ကျော်က ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဝင်ရောက်နေသောကြောင့် ထွက်ပြေးနေကြရသည့် ‌ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။
ကိုလူချော

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းရွာတွေကို အင်အား ၈၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်နေတာကြောင့် ဇွန်လ ၄ ရက်ထိ ရွာပေါင်း နှစ်ဆယ်ကျော်က ဒေသခံ တစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန်သာယာ၊ ဘအိုး၊ ဂွေးကုန်း၊ မြစ်တော်၊ အင်တိုင်းကြီး၊ တဲစု၊ ရွာသစ်၊ အင်းပါတ်၊ မရမ်းအင်း၊ မောက်ပက်၊ ကျွန်းတောကြီး၊ မုံတော၊ ကြီးအိုင်၊ မူးသာ၊ ကံကြီးကုန်း၊ ရွှေယမင်း၊ သာဂရ၊ မြို့သစ်၊ ပေါင်းလှဲကုန်း၊ ချမ်းသာကုန်း၊ မဏိကုန်း၊ မကြီးအုပ်၊ မြင်းကျ၊ ကန်သစ်နဲ့ ကုန်းကြီးရွာကဒေသခံတွေ ထွက်ပြေးနေရတာပါ။

အဲဒီရွာတွေအကုန်လုံးဟာ တစ်ပြိုင်တည်းရှောင်ရတာမဟုတ်ဘဲ စစ်ကြောင်းနဲ့ဝေးသွားရင် တချို့က ရွာထဲပြန်ဝင်ကြတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ကံကြီးကုန်းရွာခံတစ်ဦး က RFA ကို ပြောပါတယ်။

"စစ်ကြောင်းနဲ့ ကျည်တကမ်းရွာတွေက ရှောင်ပေးတာပေါ့နော်။ သူတို့ကျည်တကမ်း လွတ်အောင် ကျွန်တော်တို့ ပြည်သူတွေကရှောင်ရတာ။ အဲဒီရောက်တော့ သူတို့က တစ်ရွာတစ်ရွာဆင့်ထိုးသွားတော့ အရင်ရှောင်ပြီးသားသူတွေက ကိုယ့်ရွာကိုယ်ပြန်ဝင် အဲလိုမျိုးနဲ့ရှောင်ရတာ။ ရွာတိုင်းရှောင်ရပေမယ့်လို့ ရွာလုံးစေ့က ရွာနှစ်ဆယ်လုံး သွားရတာမဟုတ်ဘူး"

ဒေသခံအချို့ ရွာထဲပြန်လည်ဝင်ရောက်နေပြီဖြစ်ပေမယ့် ဇွန်လ ၄ ရက်နေ့ထိ ၁၀ ရွာထက် မနည်း ထွက်ပြေးတိမ်းရှောင်နေရဆဲလို့ ဆိုပါတယ်။

ခင်ဦးမြို့နယ်အနောက်ခြမ်းမှာ ရွာစုစုပေါင်း ၃၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေကပါတယ်။

ထွက်ပြေးနေရတဲ့ မြို့သစ်ရွာခံ တစ်ဦးကလည်း ခိုလှုံစရာနေရာအခက်အခဲကြောင့် တောထဲသစ်ပင်ရိပ်အောက်မှာ နေထိုင်နေရတယ်လို့ RFA ကိုပြော ပါတယ်။

"ဘယ်လိုအခက်အခဲဖြစ်လဲဆိုတော့ အခက်အခဲကတော့ အစုံပါပဲ။ မိုးကလည်း ရွာနေတော့လေ လမ်းပန်းဆက် သွယ်ရေးက မကောင်းဘူး။ ကျည်တွေဘာတွေ မှန်မှာစိုးတော့လည်း ရှောင်ရတာပေါ့ဗျာ လက်နက်ကြီးတွေ ဘာတွေလည်း သူတို့ဘက်က တအားပစ်တာ ရွာတွေဘက်ကို။ ဒီလိုပါပဲ တောထဲ သစ်ပင်ရိပ်တွေ ဘာတွေကပ်၊ ဘေးရွာတွေကလည်း မီးရှို့ထားတဲ့ရွာတွေက တစ်ပုံကြီးလေ။ ဘေးရွာတွေကပ်ဖို့ဆိုတာလည်း သိပ်အဆင်မပြေတော့ဘူး။ အဲတော့ တောဘက်တွေ ဘာတွေ သစ်ပင်ရိပ်အောက်တို့ဝင်ပြီး ကပ်နေရတာပါဗျာ"

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဝင်ရောက်နေသောကြောင့် ထွက်ပြေးနေကြရသည့် ‌ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။  (ဓာတ်ပုံ - ကိုလူချော)
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဝင်ရောက်နေသောကြောင့် ထွက်ပြေးနေကြရသည့် ‌ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုလူချော)

စစ်ကြောင်း ရွာနားကဖြတ်သွားတဲ့ ဇွန်လ ၂ ရက်နေ့ကတည်းက ထွက်ပြေးနေရတာ ဒီနေ့ဆိုရင် သုံးရက်ရှိပြီ ဖြစ်ပြီး နေရေးထိုင်ရေးနဲ့ စားရေးသောက်ရေးအခက်အခဲရှိနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးကတော့ ထွက်ပြေး နေရသူတွေအတွက် ထမင်းထုပ်တွေပို့ပေးနေရတယ်လို့  RFA ကိုပြောပါတယ်။

"လိုအပ်တာတွေကတော့ အစုံပေါ့ဗျာ။ လိုအပ်တာတွေကတော့ ပြောလို့ကိုမပြီးတော့ဘူး။ မီးဘေးသင့်တဲ့သူတွေအတွက်လည်း ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးကြ ရတယ်။ စစ်ဘေးရှောင်တဲ့အခါကျတော့ စစ်ဘေးရှောင်တွေကို ကျွန်တော်တို့ နီးစပ်ရာ ရွာတွေကနေပြီးတော့ မပြေးရတဲ့ရွာတွေကနေပြီးတော့ ထမင်းထုပ်တွေ ပို့ပေးရတယ်၊ စားဖို့သောက်ဖို့အတွက်။ နေရာချထားရတယ်။ ခက်ခဲတာကတော့ ယာယီပြေးရ လွှားရတဲ့ အခါ ကျတော့ ထမင်းထုပ်ပေါ့ဗျာ။ ထမင်းထုပ်တွေ ထည့်ပြီးတော့ ကျွန်တော်တို့ ဆိုင်ကယ်တွေနဲ့ သွားပို့ရတာပေါ့နော်။ တစ်ရွာကတစ်ရွာ"

စစ်ကောင်စီတပ်စစ်ကြောင်းဟာ အိမ်ခြေနှစ်ရာဝန်းကျင်ရှိတဲ့ ရွာသစ်ရွာကို ဇွန်လ ၁ ရက်နေ့မနက်မှာ စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး နေအိမ်ခုနစ်လုံးကိုပါ မီးရှို့ ဖျက်ဆီးခဲ့တယ် လို့ ဒေသခံတွေကပြောပါတယ်။

"မီးဘေးသင့်တဲ့သူတွေအတွက်လည်း ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးကြ ရတယ်။ စစ်ဘေးရှောင်တွေကို ကျွန်တော်တို့ နီးစပ်ရာ မပြေးရတဲ့ရွာတွေကနေပြီးတော့ ထမင်းထုပ်တွေ ပို့ပေးရတယ်"

ဒါ့အပြင်ရွာသစ်ရွာက အသက် ၅၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ဇွန်လ ၂ ရက်နေ့က မူးသာရွာအနီးမှာ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ခင်ဦးမြို့နယ်အခြေစိုက် KhinU Specialforce Organization-KSO စစ်ရေးတာဝန်ခံ ကတော့ ဇွန်လ ၂ ရက်နေ့က မရမ်းအင်းရွာအနောက်ဘက်မှာ PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

"ဒေသခံအဖွဲ့တွေပေါ့နော်။ ကျွန်တော်တို့အဖွဲ့တွေ အပါအဝင်ပေါ့။ မရမ်းအင်း အနောက်ထိပ်ဘက်မှာ သူတို့ (စစ်ကောင်စီတပ်သား)က မရမ်းအင်းရွာထဲကနေ ကာကွယ်ရေးတပ်ဖွဲ့တွေက မရမ်းအင်းရဲ့ အပြင်ဘက်ကနေပေါ့။ ထိခိုက်မှု အခြေအနေကတော့ မသိရသေးဘူး။ ကျွန်တော်တို့ဘက်ကတော့ ရဲဘော်နှစ်ယောက် ထိခိုက်ခဲ့တယ်။ လက်နက်ကြီးအစတွေမှန်တာ။ ပေါင်တွေမှာမှန်တာ စိုးရိမ်စရာတော့ မရှိပါဘူး။ အခုစစ်ကြောင်းက ခင်ဦးလမ်းက ကန်သစ်တံတားမှာရောက်ပြီလို့တော့ သတင်းရပါတယ်"

ဇွန်လ ၃ ရက်မနေ့ကလည်း စစ်ကြောင်းထိုးလာလို့ နေရပ်စွန့်ခွာထွက်ပြေးချိန် မရမ်းအင်းရွာက အသက် ၆၀ အရွယ် ဒေါ်ခင်ဝင်းဟာ ထွက်ပြေးရင်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ခင်ဦးမြို့နယ်အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့် ရှိသူကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံမဖြေကြားပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် အရပ်သားတွေရဲ့ နေအိမ်အဆောက်အအုံ ၆၀,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၁ ဒသမ ၅ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။