စွယ်တော်အမြောက်ကုန်းစစ်ကောင်စီစစ်စခန်းကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေ အရှိန်မြှင့် တိုက်ခိုက်

2024.09.04
စွယ်တော်အမြောက်ကုန်းစစ်ကောင်စီစစ်စခန်းကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေ အရှိန်မြှင့် တိုက်ခိုက် ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ စစ်မြေပြင်တွင် ကော်ဘရာစစ်ကြောင်းမှ လက်ဖြောင့်သေနတ်သမားတစ်ဦးအား တွေ့ရစဉ်။
Cobra Column

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်က လေးကေကော်မြို့သစ်မှာရှိတဲ့ စစ်ကောင်စီတပ် စွယ်တော်အမြောက်ကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁ ရက်ကစပြီး စစ်ရေးအရှိန်မြှင့် တိုက်ခိုက်နေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေမှာရှိတဲ့ အဲဒီအမြောက်ကုန်းစခန်းကို စက်တင်ဘာ ၃ ရက် ည ၁၁ နာရီမှာ KNLA မဟာမိတ် ပူးပေါင်းဒရုန်းတပ်ဖွဲ့က ဒရုန်းဗုံးကြဲတိုက်ခိုက်ရုံမက မြေပြင်ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တဲ့အတွက် နှစ်ဘက် တိုက်ပွဲပြင်းထန်‌နေပြီး စက်တင်ဘာ ၄ ရက် နေ့လယ်ပိုင်းထိ တိုက်ပွဲ ဆက်ဖြစ်ပွားနေပါတယ်။

မြဝတီမှာ စစ်တပ်ဆိုလို့ ဒီစွယ်တော်ကုန်းစစ်စခန်းပဲ ကျန်တော့တယ်လို့KNU ပြောခွင့်ရသူ ဖဒို စောတောနီးက ပြောပါတယ်။

"မျက်စိထဲမှာ မြင်နေရတဲ့ဟာကတော့ အခုမြဝတီမှာ စစ်တပ်ဆိုလို့ အဲ့ဒီအနီးအနားမှာ စွယ်တော်ကုန်းတစ်ခုပဲ ကျန်တယ်၊ အဲ့ဒါတောင် မရှိတော့ဘူးဆိုရင် ရှင်းပြီပေါ့၊ အနန်းကွင်းဆိုလည်း အနန်းကွင်းကျတော့ သံဖြူဇရပ်နဲ့ ဘုရားသုံးဆူ ကြားမှာရှိတဲ့ ဗျူဟာပေါ့၊ တစ်ဗျူဟာတည်း ရှိတယ်၊ အဲ့ဒီဗျူဟာရှင်းသွားပြီးဆို ကုန်ပြီ၊ ဘုရားသုံးဆူဘက်မှာတော့ စစ်တပ်တစ်တပ်တော့ ကျန်ပါသေးတယ်၊ ဒါပေမဲ့ အဲ့ဒီ အနန်းကွင်း ဖြိုချခံရပြီးဆိုရင်တော့ ပြောစရာကိုမလိုတော့ဘူး"

လောလောဆယ် စစ်ကောင်စီ စွယ်တော်ကုန်းစခန်းက လက်နက်ကြီးနဲ့ရော လက်ဖြောင့် စနိုက်ဘာတပ်ကပါ ဆက်လက် တိုက်ခိုက်နေပြီး KNLA မဟာမိတ်တပ်ဖွဲ့ လက်ဖြောင့်တပ်ဖွဲ့ဝင်တွေကလည်း စောင့်ကြည့်ပစ်ခတ်ပါတယ်။ တိုက်ပွဲမှာ နှစ်ဘက်စလုံး အထိအခိုက် အသေအဆုံးရှိပြီး စစ်ကောင်စီက မြေမြှုပ်မိုင်း ထောင်ထားတယ်လို့ စစ်ရေးအခြေအနေကိုသိတဲ့ မြေပြင်ထောက်/ပို့ ကူညီသူက ပြောပါတယ်။

"အဲ့ဒီ အမြောက်ကုန်းက ပတ်ခြာလည် မိုင်းတွေ ခင်းထားတာ၊ လေးကေကော်ပန်းခြံကုန်းအထိ ရောက်တယ်၊ အများကြီးရှိတယ်၊ တက်ဖို့ကို လနဲ့ ချီ ပြီး ဖြတ်ထားတာကြာပြီ၊ အခုက ဒရုန်းကလည်းဗုံးသီးချ၊ စနိုက်ဘာနဲ့ကလည်း သူထောက်ကိုယ်ထောက်ပဲ။ ချောင်းပစ်နေတာ၊ အခုရက်က ပိုပြီး ကျွန်တော်တို့ဘက်က ဖိတိုက်လာနိုင်နေပြီ၊ လေယာဉ်ကိုလည်း သတိထားရတာပေါ့"


ဆက်နွှယ်သောသတင်းများ

ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ ဒေါနတောင်တစ်လျှောက် စစ်ကောင်စီ အင်အားဖြည့်

စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေ ဘားအံကို ပြန်လည်ဆုတ်ခွာ

ကျိုက်ဒုံမြို့မှာ စစ်ကောင်စီစခန်းတွေမရှိတော့ကြောင်း SOF အဖွဲ့ပြော


အဲဒီ အမြောက်ကုန်းကို စစ်ကောင်စီတပ်က ရိက္ခာနဲ့ စစ်ကူမပို့နိုင်အောင် ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစပြီး KNLA မဟာမိတ်ပူး ပေါင်းတပ်ဖွဲ့တွေက အဝင် အထွက်လမ်းတွေကို ပိတ်ဆို့ ဖြတ်တောက်ထားတာပါ။

အခုလို စစ်စခန်းသိမ်းတိုက်ပွဲဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ သတင်းပြန်ကြားရေးဌာနက သတင်းထုတ်ပြန်တာမရှိသေးသလို ကရင်ပြည် နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးမင်းကျော်သူကို RFA က ဆက်သွယ်ပေးမဲ့ တယ်လီဖုန်း မဖြေဆိုပါဘူး။

လတ်တလောမှာ ကရင်ပြည်နယ် မြဝတီက စွယ်တော်အမြောက်ကုန်းနဲ့ ဘုရားသုံးဆူမြို့က အနန်းကွင်း စစ်ဗျူဟာစခန်း နှစ်နေရာမှာ နှစ်ဘက် တိုက်ပွဲပြင်းထန်နေသလို ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်က အာရှလမ်းပိုင်း၊ ဒေါနတောင်လမ်းဟောင်းတွေမှာလည်း ပြောက်ကျားတိုက်ပွဲတွေ ဆက်‌‌ဖြစ်ပွားနေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်နိုင်ရေး ကူညီကြဖို့ IIMM တိုက်တွန်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။