KNU ထိန်းချုပ်နယ်မြေက စစ်ဘေးဒုက္ခသည် တစ်သန်းကျော် အကူအညီလိုအပ်နေ
2024.11.28
Updated 5:06 PM, Nov 29, 2024
ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးဒုက္ခသည် တစ်သန်းကျော် (၁,၀၅၂,၇၂၉ ဦး) အထိ ရှိလာပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က နိုဝင်ဘာ ၂၈ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေရပ်ကို မပြန်နိုင်သေးဘဲ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် လတ်တလော စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အဓိက လိုအပ်နေတာပါ။
အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် သြဂုတ်ကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာကုန်အထိ ကောက်ယူထားတဲ့ အချက်အလက်အရ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ထားတဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ ၄၃၀,၁၆၁ ဦး၊ တောင်ငူခရိုင်မှာ ၁၈၁, ၅၀၉ ဦး၊ မြဝတီခရိုင်မှာ ၁၅၁, ၈၈၀ ဦး၊ ထားဝယ်ခရိုင်မှာ ၁၁၉,၈၂၆ ဦး၊ သထုံခရိုင်မှာ ၁၁၁,၂၇၄ ဦး၊ ဖာပွန်ခရိုင်မှာ ၃၈,၃၉၆ ဦးနဲ့ ဘားအံခရိုင်မှာ ၁၉,၆၈၃ ဦးတို့ ရှိနေတာပါ။ အာဏာမသိမ်းခင်က ဒုက္ခသည် သုံးသိန်းကျော် (၃၄၇,၅၀၃) ရှိရာကနေ အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် နောက်ထပ် ဒုက္ခသည် ခုနစ်သိန်းကျော် (၇၀၅,၂၂၆) တိုးလာတာလို့ KPSN က ဖော်ပြထားပါတယ်။
“လေကြောင်းရန် လွတ်ကင်းတဲ့ တောထဲမှာပဲ အဆင်ပြေသလို နေနေရပါတယ်”
KNU ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီက စားနပ်ရိက္ခာသယ်ယူခွင့်တွေ တင်းကျပ်ထားသလို နိုင်ငံတကာနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကိုလည်း ကူညီထောက်ပံ့ရေး မလုပ်နိုင်အောင် ပိတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ရဲ့ ဒုတိယဒါရိုက်တာ မချယ်ရီက ပြောပါတယ်။
“အဓိက ဆန်၊ ဆီ၊ ဆားက အရေးကြီးဆုံးထဲမှာ ပါတယ်လို့ ပြောချင်ပါတယ်။ ဆေးဝါးတွေလည်း လိုအပ်တယ်။ သန့်ရှင်းတဲ့သောက်သုံးရေ ရရှိဖို့လည်း လိုအပ်တယ်။ နိုင်ငံတကာ အကူအညီကလည်း မရတာမဟုတ်ဘူး။ ရတယ်။ ဒါပေမဲ့ အနည်းအကျဥ်းလောက်ပဲ ရရှိတယ်။ နိုင်ငံတကာကလည်း ထိထိရောက်ရောက် ရှိမနေဘူး။ လာသင့်သလောက် မလာဘူး။ ဘာကြောင့်လဲဆိုရင် စစ်ကောင်စီဘက်ကလည်း ပိတ်ဆို့မှုတွေ လုပ်ဆောင်နေတဲ့အတွက် နိုင်ငံတကာ အကူအညီလည်း မရှိဘူးဖြစ်နေတယ်”
၂၀၂၄ ခုနှစ်၊ ဇူလိုင်ကနေ စက်တင်ဘာအထိ ရေကြီးရေလျှံခဲ့တာကြောင့်လည်း ဆန်စပါး အဓိကစိုက်ပျိုးတဲ့ တပ်မဟာ (၁)၊ တပ်မဟာ (၃) နဲ့ တပ်မဟာ (၅) မှာရှိတဲ့ ဒေသခံတွေရဲ့ စပါးခင်းတွေ ထောင်နဲ့ချီ ပျက်စီးခဲ့ရတာကြောင့် စားနပ်ရိက္ခာလိုအပ်ချက် ပိုများလာတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေ တိုက်ရိုက်မထောက်ပံ့နိုင်တာကြောင့်လည်း အကူအညီလိုအပ်နေတဲ့ စစ်ဘေးဒုက္ခသည်တွေဆီ ထိထိရောက်ရောက် အကူအညီ မရောက်ဘူးလို့လည်း ဆိုကြပါတယ်။
ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ လက်ပံကွင်းရွာကနေ ထွက်ပြေးတိမ်းရှောင်လာတာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်တဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက လေကြောင်းရန် လွတ်ကင်းတဲ့ တောထဲမှာပဲ အဆင်ပြေသလို နေနေရတယ်လို့ ပြောပါတယ်။
“ပိုက်ဆံတတ်နိုင်တဲ့သူတွေကတော့ မြို့ပေါ် တက်ပြေးကြတယ်။ အဆင်မပြေတဲ့သူတွေကတော့ တောထဲမှာ တဲထိုးနေရတာပေါ့။ အလှူရှင်တွေ မရောက်ဘူး။ ရှာကြံပြီး စားရတာပဲ။ တောထဲမှာ ဖားလေး၊ ငါးလေး ရှာစားရတာပေါ့။ ဒီအတိုင်းပဲ”
နေရပ်စွန့်ခွာ တိမ်းရှောင်နေရတာကြောင့် အလုပ်အကိုင် အတည်တကျနဲ့ ဝင်ငွေမရှိတာကြောင့် စားရေးသောက်ရေးအတွက် နေ့စဥ် ပူပန်နေရတယ်လို့ ဆိုပါတယ်။
ညောင်လေးပင်ခရိုင်၊ ဖြူးမြို့နယ် လှေဒုံးရွာကနေ တိုက်ပွဲလွတ်ကင်းရာကို ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်ဦးကတော့ စားရေးသောက်ရေးကို ကြုံသလို ဖြေရှင်းနေရတယ်လို့ RFA ကို ပြောပါတယ်။
“စားရေးသောက်ရေးကတော့ မိုးတွင်းဆို မျှစ်ပြုတ်၊ မျှစ်ကြော်၊ မျှစ်နဲ့ ဝဥ၊ ဒါတွေကိုပဲ စားနေရတာပေါ့။ ပါလာသမျှကလည်း ကုန်ပြီလေ။ အများစုက တောတောင်တွေထဲ ပုန်းနေတော့ အလှူရှင်မလာနိုင်ကြတော့ မစားရဘူးပေါ့။ တစ်ခါတလေ ငှက်ဖျားထရင် ဆေးမသောက်ရတော့ ရက်နှစ်ဆယ်လောက် နေမကောင်း ဖြစ်ကြတယ်”
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လက စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်မီးလောင် ပျက်စီးသွားပြီး ပြန်စရာအိမ် မရှိတော့ဘူးလို့လည်း သူက ဆိုပါတယ်။
“နယ်စပ်ဖြတ်ကျော် ကူညီရာမှာလည်း အာဏာပိုင်တွေဆီက ဖြတ်သန်းခွင့် တောင်းခံရတာကြောင့် လုံခြုံရေးစိန်ခေါ်မှုတွေ ရင်ဆိုင်နေရပါတယ်”
KNU ထိန်းချုပ်နယ်မြေတွေမှာ နေ့စဥ်လိုလို တိုက်ပွဲတွေ ဖြစ်နေတာကြောင့် စစ်ဘေးဒုက္ခသည် အရေအတွက်တွေလည်း တိုးလာနေတယ်လို့ ကရင်ပြည်တွင်း နေရပ်စွန့်ခွာသူများ ကော်မတီ (CIDKP) ရဲ့ ပြောရေးဆိုခွင့်ရှိသူ စောခဲလေက ပြောပါတယ်။
“လူပေါင်း တစ်သန်းကျော်မှာဆိုရင် တစ်နှစ်အတွင်းမှာ ကျွန်တော်တို့ အဖွဲ့အစည်းက ထောက်ပံ့ပေးနိုင်တာက လူပေါင်း သုံးသိန်းကျော် လေးသိန်းလောက်ပဲ ရှိမယ်။ တစ်ဝက်တောင် မရှိဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် လိုအပ်ချက်တွေက အများကြီးရှိပါတယ်။ ကျွန်တော်တို့ ထောက်ပံ့မှုရတဲ့လူတွေတောင်မှ အမြဲတမ်း တောက်လျှောက်ထောက်ပံ့တာ မဟုတ်ဘူး။ စစ်ရှောင်တစ်နေရာမှာဖြစ်ရင် နှစ်လစာ၊ သုံးလစာ အစာရေစာနဲ့ ဆေးဝါးတွေ ထောက်ပံ့တယ်။ သူတို့ကို အမြဲတမ်း မထောက်ပံ့နိုင်ဘူး”
ကရင်ပြည်တွင်း နေရပ်စွန့်ခွာသူများ ကော်မတီဟာ စစ်ဘေးဒုက္ခသည် စုစုပေါင်းရဲ့ လေးဆယ် ရာခိုင်နှုန်းဝန်းကျင်ကိုပဲ ထောက်ပံ့ပေးနိုင်ပါတယ်။ နယ်စပ်ဖြတ်ကျော် ကူညီရာမှာလည်း အာဏာပိုင်တွေဆီက ဖြတ်သန်းခွင့် တောင်းခံရတာကြောင့် လုံခြုံရေးစိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အခြေအနေတွေကိုသိရဖို့ ကရင်ပြည်နယ်ရဲ့ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။
မြန်မာနိုင်ငံတစ်ဝန်းမှာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ၂၀၂၃ ခုနှစ် အောက်တိုဘာကတည်းက တိုက်ပွဲတွေ ပြင်းထန်လာတာပါ။ လက်ရှိအချိန်မှာ တိုင်းနဲ့ ပြည်နယ် ၁၅ ခုရှိတဲ့အထဲက ၁၂ ခုမှာ တိုက်ပွဲဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒီပဋိပက္ခတွေအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ သုံးသန်းခွဲနီးပါးအထိ ရှိလာတယ်လို့လည်း UNOCHA က ဆိုပါတယ်။
(မှတ်ချက်။ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် ဒုတိယဒါရိုက်တာ၊ ကရင်ပြည်တွင်းနေရပ်စွန့်ခွာသူများကော်မတီ ပြောခွင့်ရသူနှင့် စစ်ဘေးဒုက္ခသည်များ၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ရေးသားထားသည်။)